[[ ZAWGYI / UNICODE ]]
တရားမဝင်လောင်းကစားလုပ်ငန်းလုပ်မှုနဲ့ တရုတ်နိုင်ငံက အလိုရှိနေသူ ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး
တရားမဝင် အွန်လိုင်း ကာစီနို လောင်းကစားလုပ်ငန်း လုပ်သူအဖြစ် နိုင်ငံတကာမှာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ တရုတ်စီးပွားရေးသမား တဦးကို ဘန်ကောက်မြို့မှာ ဖမ်းဆီးလိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က စနေနေ့မှာ အတည်ပြုပါတယ်။ အသက် (၄၀)အရွယ် တရုတ်စီးပွားရေးသမား She Zhijiang ( ရှု- ကျွာ- ကျန်း)ကိုတော့ ၂၀၁၂ ခုနှစ် ကတည်းက တရုတ်အာဏာပိုင်တွေက အလိုရှိနေသူ ဖြစ်တယ်လို့လည်း တရုတ်မီဒီယာတွေက ရေးပါတယ်။
သူဟာ မြန်မာနိုင်ငံ ကရင်ပြည်နယ်က ရွှေကုက္ကိုလ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ ဧရာမစီမံကိန်းကြီးတွေ လောင်းကစားလုပ်ငန်းတွေ လုပ်ခဲ့သူအဖြစ်နဲ့ရော၊ ဖိလစ်ပိုင်နိုင်ငံက ထီလုပ်ငန်းနဲ့ ဆက်နွယ်သူ အဖြစ်နဲ့ပါ ဒေသတွင်းမီဒီယာတွေက ရေးကြပါတယ်။
ဗုဒ္ဓဟူးနေ့ညမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့ပြီးနောက်၊ ပြည်ဝင်ခွင့်ဗီဇာကို ပယ်ဖျက်လိုက်ပြီး တရုတ်နိုင်ငံကို လွဲှပြောင်းပေးရေး တောင်းခံချက်ကို စောင့်ဆိုင်းနေကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။
နိုင်ငံတကာရဲတပ်ဖွဲ့ Interpol ရဲ့ ၂၀၂၁ ခုနှစ် မေလက ထုတ်ပြန်တဲ့ အနီရောင်အဆင့် သတိပေးချက်မှာ၊ ကာစီနိုလောင်းကစားလုပ်ငန်း လုပ်မှုနဲ့ တရုတ်နိုင်ငံက အလိုရှိနေကြောင်း ဖော်ပြထားပါတယ်။ ဒီအမှုအတွက် ပြစ်မှုထင်ရှားရင်တော့ အမြင့်ဆုံးထောင်ဒဏ် (၁၀)နှစ်ထိ ကျခံရနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ရာဇဝတ်ဂိုဏ်းတခုကို ဦးဆောင်ပြီး အွန်လိုင်းလောင်းကစား လုပ်ငန်းတွေကို တရားမဝင် လုပ်ကိုင်ခဲ့သလို၊ ဒေါ်လာ(၂၂)သန်းကျော် နိုင်ငံရပ်ခြားကို လွှဲပြောင်းခဲ့ကြောင်းလည်း Interpol ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကြား ရာဇဝတ်သား လွှဲပြောင်းပေးရေး သဘောတူညီချက် ရရှိထားပေမဲ့ လုပ်ငန်းစဉ် အကောင်ထည်ဖေါ်ဖို့ လပေါင်းများစွာ ကြာမြင့်လေ့ ရှိတတ်ပါတယ်။
====================
{{ UNICODE }}