သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း တိုက်ပွဲ အရပ်သားတချို့ လက်နက်ကြီးကျည် ထိမှန်


ကျဆုံးရဲဘော်ကို အလေးပြုနေကြသည့် ကနီမြို့နယ် ဒေသခံ PDF များ (Photo Credit: ကနီမြို့နယ်သတင်း FB)
ကျဆုံးရဲဘော်ကို အလေးပြုနေကြသည့် ကနီမြို့နယ် ဒေသခံ PDF များ (Photo Credit: ကနီမြို့နယ်သတင်း FB)

[[ ZAWGYI / UNICODE ]]

စစ်ကိုင်းတိုင်း တိုက်ပွဲ အရပ်သားတချို့ လက်နက်ကြီးကျည်ထိမှန်

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းနဲ့ နယ်မြေရှင်းလင်းတာတွေလုပ်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ရေဦးမြို့နယ် မူးသာကုန်းကျေးရွာက နေအိမ်ကို လက်နက်ကြီးထိမှန်လို့ အရပ်သား ၃ ဦး ထိခိုက်ခဲ့ပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကိုရဲမွန် ကပြောပြပါမယ်။

သြဂုတ် ၂၄ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မုံရွာ ယာကြီး ကလေးဝ လမ်းပိုင်းမှာ ယင်းမာပင်ဘက်က ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတာပါ။

တိုက်ပွဲအခြေအနေ ကနီဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တဦးက VOA ကို အခုလို ပြောပါတယ်။

“ဒီနေ့လည်းတိုက်ပွဲပြင်းတယ်။ မနက် ၉ နာရီလောက်တကြိမ်မှာ မုံရွာ ယာကြီး ကလေးဝလမ်းမှာ အဲ့ဒါက ယင်းမာပင်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကျွန်တော်တို့မဟာမိတ်အဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တာခင်ဗျ။ ဒီက စစ်ကြောင်းကလည်း ကနီကိုစုမယ်။ ကင်းမှာလေယာဉ်နဲ့ ချသွားတဲ့ ကောင်တွေကလည်း ကနီကိုစုမယ်ပေါ့။ ကနီကိုစုရပ်ရောက်တာနဲ့ အထက်ကနေ စုန်လာမယ့် စစ်သင်္ဘော ၂ စီး အပါအဝင် ဖလက်တွေကောဆို ၁၂ စီလောက်ရှိမယ်။ အဲ့ကောင်တွေအပေါ်များ ပြန်လိုက်မလားမသိဘူး။”

သြဂုတ် ၂၃ ရက် မနေ့ကလည်း ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒေသခံအများအပြားက နေရပ်တွေစွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ဒီအတောအတွင်း စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မူးမြစ်အနောက်ဖက်ကမ်းက မူးသာကုန်းကျေးရွာကို သြဂုတ် ၂၃ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အသက် ၃၀ ကျော် အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီးတဦးအပြင် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာ ရခဲ့ပါတယ်။

ဒေသခံတဦးက အခုလိုပြောပါတယ်။

“ရေဦး ကျွန်တော်တို့ ဒီပဲယင်းနဲ့အစပ် မူးသာကုန်းခင်ဗျ။ မိသားစု အိမ်တအိမ်ထဲကိုကျတာ ၃ ယောက်ထိတယ်။ ကလေး ၁ ဦး ယောက်ကျားလေး ၁ ဦး မိန်းကလေး ၁ ဦး ကလေးက ၉ နှစ်သားလို့ပြောတယ်။”

အမျိုးသားနဲ့ အမျိုးသမီးဟာ ဝမ်းဗိုက်နဲ့ ပေါင်တို့ကို ထိမှန်ပြီး မစိုးရိမ်ရပေမယ့် အသက် ၉ နှစ်အရွယ် ကလေးကတော့ ဦးခေါင်းကို လက်နက်ကြီးအစ ထိမှန်ပြီး စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ ဒေသခံက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ဒေသခံတွေ ကောက်ယူထားတဲ့ စာရင်းတွေမှာ ဒီနှစ် မတ်လနေ သြဂုတ်လအထိ ၆ လအတွင်း ဒီပဲယင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ အိမ်ခြေ ၁၅၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရပြီး သြဂုတ်လတလအတွင်း ကျေးရွာ ၅ ရွာက အိမ်ခြေ ၈၀၀ နီးပါး မီးရှို့ခံရတယ်လို့ ပြောဆိုနေပါတယ်။

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာစစ်တပ်ဟာ ကျေးရွာတွေကို မီးရှို့တယ်ဆိုတာ မဟုတ်မမှန်တဲ့အကြောင်း မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ငြင်းဆိုထားပါတယ်။

ဒါပေမယ့်လည်း တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေ မီးရှို့ခံရတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်နေပြီး ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်အတွင်းမှာ အရှို့ခံရတာလို့ ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

==============================

{{ UNICODE }}















XS
SM
MD
LG