[[ ZAWGYI / UNICODE ]]
ရုရှားသိမ်းပိုက် နျူကလီးယားစက်ရုံမှ လျှပ်စစ်ဓာတ်အား ယူကရိန်းပြန်လည်ရရှိ
ယူကရိန်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ဥရောပတိုက်ရဲ့အကြီးဆုံး နူကလီးယားသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံဖြစ်တဲ့ Zaporizhzhia ကနေ ပင်မ ဓာတ်အားလိုင်းနဲ့ ပြန်လည် ဆက်သွယ်နိုင်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ပြန်လည်ပေးဝေနိုင်ပြီလို့ သောကြာနေ့တုန်းက ယူကရိန်း နူကလီးယား စွမ်းအင်ကုမ္ပဏီ Energoatom ကပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဓာတ်အားလိုင်းတွေ ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ စက်ရုံ အနီးတဝိုက်မှာ နေထိုင်သူတွေကို နူကလီးယား ရေဒီယိုသတ္တိဓာတ် သက်ရောက်မှုရှိမှာ စိုးတဲ့အတွက် အိုင်အိုဒင်း ဆေးပြားတွေကို ကျွေးခဲ့ပါတယ်။
နူကလီးယား ဓာတ်အားပေးစက်ရုံကို မတ်လထဲတုန်းက ရုရှားတွေက သိမ်းပိုက်ခဲ့ပြီး၊ ယူကရိန်း အင်ဂျင်နီယာတွေက ဆက်လက်လည်ပတ်နေတာ ဖြစ်ပါတယ်။ ဒီစက်ရုံဟာ ရှေတန်းစစ်မျက်နှာနဲ့ နီးကပ်နေပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း လက်နက်ကြီးနဲ့ဒုံးလက်နှက်တွေ ကျရောက်ခဲ့ပါတယ်။
သမ္မတ ဇာလင်းစကီးကတော့ ရုရှားက ဒုံးလက်နက်တွေနဲ့ ပစ်ခတ်နေတဲ့အတွက် နူကလီးယား ဓာတ်ရောင်ခြည်သင့်မှု ဘေးကို ရှောင်နိုင်ဖို့ အခွင့်အလမ်း နည်းလာတယ်လို့ ကြာသာပတေးနေ့တုန်းက ပြောဆိုပါတယ်။
ပြင်သစ်သမ္မတ မက်ခရွန်ကတော့ အရပ်ဖက်သုံး နူကလီးယားစွမ်းအင်စက်ရုံတွေကို စစ်ပွဲအတွက် လက်နက်တခုအဖြစ် အသုံးမပြုဖို့သောကြာနေ့မှာ သတိပေးလိုက်ပြီး၊ အပြည့်အဝ ကာကွယ်ဖို့ ပြောဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော်ကတော့ ရုရှားအနေနဲ့ နူကလီးယားသုံး စက်ရုံရှိရာ နေရာကို စစ်မဲ့ဇုံလုပ်ဖို့နဲ့ နိုင်ငံတကာ နူကလီးယားအေဂျင်စီ IAEA ကို ဝင်ရောက် စစ်ဆေးခွင့်ပြုဖို့ ကြာသပတေးနေ့တုန်းက ပြောဆိုခဲ့ပါတယ်။
==================
{{ UNICODE }}