သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNHCR ရုံးတွေ ပိတ်ဖို့ မလေးရှားအာဏာပိုင်တွေ အဆိုပြုချက် ဒုက္ခသည်တွေစိုးရိမ်


Contact UNHCR in Malaysia office (Photo Credit : UNHCR)
Contact UNHCR in Malaysia office (Photo Credit : UNHCR)

[[ ZAWGYI / UNICODE ]]

UNHCR ရုံးတွေ ပိတ်ဖို့ မလေးရှားအာဏာပိုင်တွေ အဆိုပြုချက် ဒုက္ခသည်တွေစိုးရိမ်

မလေးရှားနိုင်ငံမှာရှိတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR ရုံးကို ပိတ်ပစ်ဖို့ မလေးရှားအမျိုးသား လုံခြုံရေးကောင်စီက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတခုမှာ အကြံပြုခဲ့ပါတယ်။ UNHCR ဟာ အထောက်အထားမဲ့ ပြောင်းရွှေ့လာတဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးနေပြီး နောက်ထပ်လည်း ရွှေ့ပြောင်းနေထိုင်သူတွေကို ဆွဲဆောင်နေတယ်လို့ မလေးရှားလုံခြုံရေးကောင်စီရဲ့ အကြီးအကဲက ပြောပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို စီမံခန့်ခွဲဖို့ လိုအပ်နေပြီလို့ ပြောဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုရဲမွန် ပြောပြမှာပါ။

မလေးရှားနိုင်ငံက ဒုက္ခသည်တွေကို ပြင်ပက လွှမ်းမိုးမှုမရှိဘဲ ပိုပြီး ထိရောက်ကောင်းမွန်အောင် စီမံခန့်ခွဲဖို့လိုနေပြီလို့ မလေးရှား လုံခြုံရေးကောင်စီရဲ့ ညွှန်ကြားရေးမှူးချုပ် Rodzi Md Saad က မနေ့က စက်တင်ဘာလ ၆ ရက်နေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောဆိုသွားတာပါ။ မလေးရှားနိုင်ငံထဲက အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ UNHCR က ထုတ်ပေးထားတဲ့ ကဒ်တွေနဲ့ အကာအကွယ်ရနေပြီး UNHCR ကလည်း အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်တာ မရှိဘူးလို့ Rodzi က သတင်းမီဒီယာတွေကို ပြောထားပါတယ်။

မလေးရှားနိုင်ငံက UNHCR ရုံးကို ပိတ်ပစ်ဖို့အတွက် အကြံပြု တင်ပြခဲ့တယ်လို့ မလေးရှားသတင်းဌာနတွေက ရေးသားဖော်ပြခဲ့ပါတယ်။ မလေးရှားနိုင်ငံ ရခိုင်ဒုက္ခသည်များဗဟို CAR ရဲ့ နာယကချုပ်ဖြစ်တဲ့ ဆရာတော် ဦးဥတ္တရကတော့ UNHCR နဲ့ မလေးရှား အစိုးရကြား မပြေလည်မှုကို အားလုံး ဝိုင်းဝန်းဖြေရှင်းနိုင်ဖို့ လိုမယ်လို့ VOA ကို ပြောပါတယ်။

" ဒီ UNHCR နဲ့ လက်ရှိ မလေးရှားအစိုးရရဲ့ အားပြိုင်မှုရဲ့ နောက်ကွယ်ကဖြစ်လာတဲ့ အကြောင်းတရားတွေလို့ ဆိုရမှာပေါ့လေ။ အကောင်အထည်တော့ သူ မဖော်သေးဘူး သို့သော်လည်း သူတို့ စဉ်းစားနေကြတယ်ဗျ။ အဲဒီတော့ ဒီ အစိုးရရယ်၊ UNHCR ရယ် ပူးပေါင်းပြီးတော့ နောက်ပြီးဦးဇင်းတို့ ကွန်မြူနတီအားလုံး ပူးပေါင်းပြီးတော့ ဒီအလုပ်ကို လုပ်ရင်တော့ အကုန်လုံး အဆင်ပြေသွားလိမ့်မယ်လို့ ဦးဇင်းအနေနဲ့ မြင်တယ်။"

ပြီးခဲ့တဲ့ ဩဂုတ်လ၂၇ ရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိူလင်းဟေဇာနဲ့ မြန်မာဒုက္ခသည်များ ဗဟိုတို့ မလေးရှားမှာ တွေ့ဆုံခဲ့ပြီး မြန်မာဒုက္ခသည်အရေးကို အဓိက ဆွေးနွေးခဲ့တယ်လို့ ဆရာတော်က ပြောပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မလေးရှား ရောက်လာသူတွေကို UNHCR နဲ့ မလေးရှားအစိုးရ ပူးပေါင်းပြီး ယာယီ အလုပ်သမားကဒ်တွေ ထုတ်ပေးဖို့ မြန်မာဒုက္ခသည်များဗဟိုက တောင်းဆိုထားပါတယ်။

မလေးရှား နိုင်ငံခြားရေးရာဝန်ကြီးကလည်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ဒုက္ခသည်တွေကို အလုပ်သမား အခွင့်အရေးတချို့ ပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဆီအုန်းခြံ၊ ရာဘာခြံ၊ စားသောက်ဆိုင်နဲ့ ဆေးရုံ စတဲ့ နေရာတွေမှာ မြန်မာတွေကို အလုပ်ခန့်ဖို့ဆိုရင် သင်တန်းပေးဖို့အတွက် နိုင်ငံတကာရဲ့ ငွေကြေးအကူအညီ လိုအပ်တယ်လို့ မလေးရှားအစိုးရဘက်က တုံ့ပြန်ပါတယ်။ မြန်မာဒုက္ခသည်အရေးမှာ UNHCR ရဲ့ ငွေကြေးပံ့ပိုးမှုကို မလေးရှား တာဝန်ရှိသူတွေဘက်က မျှော်လင့်နေပုံ ရတဲ့အကြောင်း ဆရာတော် ဦးဥတ္တရက သုံးသပ်ပါတယ်။

" အနောက်နိုင်ငံတွေကလည်း အမေရိကန်ဒေါ်လာတွေ ချပေးနေတယ်လို့ အဲလို အသံထွက်နေတယ်။ အတိအလင်းကတော့ ကာတာနိုင်ငံက ဒေါ်လာသန်း ၅၀ ချပေးထားပြီးပြီ။ အဲဒီငွေတွေက ဘယ်ကို ဝင်နေလဲဆိုတော့ UNHCR ဆီကိုဝင်နေတယ်၊ UNHCR က အဲဒီငွေကြေးတွေကို သူတို့က ဘယ်လိုကိုင်တွယ်ပြီး ဘယ်လိုဖြေရှင်းမလဲ၊ အစိုးရက သူတို့ဆီကို ဝင်လာမယ့်ဟာ သူတို့ဆီကို မဝင်လာတဲ့အတွက်ကြောင့် ဒီ မလေးရှားအစိုးရက ခြိမ်းခြောက်တဲ့ သဘောမျိုးလည်း သက်ရောက်ပါတယ်။ ဘာလို့ဆို အဲဒီငွေကြေးတွေက သူတို့အစိုးရကို အပ်မလား UN ကပဲ ကိုင်ထားမလား ဘယ်လို ကိုယ်တွယ်သုံးမလဲ အဲဒါက မေးခွန်းတခုဖြစ်နေတယ်။"

မလေးရှား လုံခြုံရေးကောင်စီရဲ့ ညွှန်ကြားရေးမှူးချုပ် Rodzi Md Saad ကတော့ အထောက်အထားမဲ့ ဒုက္ခသည်တွေ အကာအကွယ်ရနေတာဟာ တရားမျှတမှုမရှိကြောင်းနဲ့ UNHCR အနေနဲ့ အစိုးရနဲ့ ဆွေးနွေး၊ တိုင်ပင်၊ လက်တွဲ မလုပ်ဆောင်တာဟာ မလေးရှားနိုင်ငံကို မထီမဲ့မြင်ပြုရာရောက်တယ်လို့ပြောဆိုတာကို မလေးရှားနိုင်ငံ သတင်းတွေမှာ ရေးပါတယ်။ မြန်မာမွတ်စလင် ဒုက္ခသည်အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဒေါ်သူဇာမောင်ကတော့ မလေးရှားအစိုးရဟာ ဒုက္ခသည်အရေးထက် အမျိုးသားလုံခြုံရေးကို ပိုပြီး အလေးထားလာတယ်လို့ မြင်တဲအ့ကြောင်း ဗွီအိုအေကို ပြောပါတယ်။

" ကိုဗစ်ကာလအလွန် ပြန်ပြီးအားယူရမယ့် အနေအထားမျိုးရှိတဲ့အခါမှာ refugee အရေးတွေထက် သူ့နိုင်ငံအရေးကို သူကပိုပြီးကိုင်တွယ်ချင်တဲ့ အနေအထားမျိုးပါ အဲလိုမျိုးကြောင့် motivation ယူတဲ့ပုံစံမျိုးလို့ ကျမတို့က သုံးသပ်ပါတယ်။ ဒါပေမဲ့ တခုရှိတာက ဟိုလွန်ခဲ့တဲ့၂၀၁၆ကတုန်းကဆို UNHCR ရုံး မဖွင့်ရဘူးဆိုပြီး မလေးရှားအစိုးရဘက်ကပြောလို့ ရုံးပိတ်သွားရတာမျိုး အဲလိုအခြေအနေမျိုးရှိတယ်၊ UNHCR မှာရှိနေတဲ့ လက်ရှိ ဌာနေကိုယ်စားလှယ်ကလည်း ဒီနိုင်ငံရဲ့အစိုးရနဲ့ ညှိနှိုင်းပြီးတော့ အလုပ်လုပ်သွားမှာပါ။ UNHCR ရုံးကဒီနိုင်ငံမှာ ၂၀၀၂ခုနှစ်ကတည်းက ဖွင့်ခဲ့တာဆိုတော့လေ အခုဆိုရင် သူတို့ဖွင့်ထားတာလည်း အနှစ် ၂၀လောက်ရှိပြီပေါ့။"

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားအများအပြား အိမ်နီးချင်းနိုင်ငံတွေဆီ အများအပြား ထွက်ခွာနေကြပါတယ်။ ဒီအထဲမှာ မလေးရှားနိုင်ငံကိုလည်း ထွက်ခွာသူတွေ ရှိပါတယ်။ ပါမစ်သက်တမ်းကုန်ဆုံးပြီး တရားမဝင်နေထိုင် အလုပ်လုပ်နေသူတွေအပြင် ထိုင်းနယ်စပ်ကနေ မလေးရှားနိုင်ငံထဲ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ရာနဲ့ချီပြီး မကြာသေးခင်က ဖမ်းဆီးခံရပါတယ်။ သုံးလအတွင်းမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားက ၃၀၀၀ လောက်ရှိတယ်လို့ ရခိုင်ဒုက္ခသည်များဗဟိုရဲ့ ညွှန်ကြားရေးမှူးချုပ်က ဗွီအိုအေကို ပြောပါတယ်။

တချို့ကိုတော့ သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေတာရှိပြီး တချို့ကတော့ လဝကထိန်းသိမ်းရေး စခန်းတွေမှာပဲ ဆက်ပြီးထိန်းသိမ်းခံနေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

==================

{{ UNICODE }}













XS
SM
MD
LG