သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မြို့အနီး စစ်ကောင်စီ လေကြောင်းက ထပ်မံတိုက်ခိုက်


23-10-22 ရက်နေ့က မြဝတီမြို့မှာ လုံခြုံရေးယူထားတဲ့ BGF များ
23-10-22 ရက်နေ့က မြဝတီမြို့မှာ လုံခြုံရေးယူထားတဲ့ BGF များ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA-PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၂၃ ရက်၊ ဒီကနေ့မနက်အစောကြီးမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ ကော့ကရိတ်တိုက်ပွဲ မဖြစ်ခင်ကတည်း ပိတ်ထားတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းကို ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်တာကြောင့် ကုန်စည်သွားလာမူတွေနဲ့ ခရီးသည်တွေ ပြန်သွားလာနေကြပေမယ့်၊ မြဝတီမြို့မှာ နယ်ခြားစောင့်တပ်က လုံခြုံရေးအပြည့်ယူထားပြီး၊ နေရာတိုင်းမှာ စောင့်ကြပ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကော့ကရိတ်မြို့တိုက်ပွဲဖြစ်ပြီးတဲ့နောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က မြောက်-ကြာအင်းဘက်ကနေ ပြန်လည်ဆုတ်ခွါရင်း တိုက်ပွဲတွေ ဖြစ်ခဲ့သလို၊ စစ်ကောင်စီဘက်ကလည် အောက်တိုဘာလ၂၃ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မူတွေ ရှိနေသေးတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ကလည်း ပြောပါတယ်။

"လေကြောင်းကနေ ကရင်ပြည်နယ် ဒေါနအရှေ့ခြမ်းကော၊ အနောက်ခြမ်းကိုကော လိုက်ပျံသန်းနေတယ်။ ခြိမ်းခြောက်တယ် မထင်မှတ်တဲ့ နေရာတွေကိုလည်း လိုက်ပစ်တယ်။ လက်နက်ကြီးကုန်းတွေ၊ အမြှောက်စခန်းတွေကနေလည်း လိုက်ပစ်တယ်၊၊'

ကော့ကရိတ်မြို့ တိုက်ပွဲမဖြစ်ခင် အောက်တိုဘာလ ၁၉ ရက်နေ့ကတည်းက ပိတ်ထားတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းကတော့ မနေ့ကပြန်ဖွင့်ခဲ့ပြီး၊ ကုန်စည်စီးဆင်းမူတွေ လုပ်နေပါတယ်။ ဒါပေမဲ့လဲ နောက်ရက်ပိတ်မပိတ်ဆိုတာတော့ မသေချာသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

"ကားတွေကတော့ ဆင်းနေပြီ။ ၃ ရက်ကြာရင် ပြန်ပိတ်မယ်လို့လည်း ကြားတယ်။ မနက်ကထိတော့ ရတယ်။ လမ်းမှာ စစ်သားတွေက အများကြီးပဲ သေနတ်တွေထမ်းပြီး BGF တွေ သွားတာကတမျိုး၊ လမ်းတွေ၊ ရုံးတွေရှိတဲ့ လမ်းတွေပိတ်တာကတမျိုး၊ လူတွေက ဟိုကွေ့ဒီပတ်ပြီး သွားလာနေရတယ်။"

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်၊ နောက်ထပ် ကေအန်ယူနဲ့ ပူးပေါင်းတပ်တွေ ကောကရိတ်မြို့ကို ဝင်ရောက်စီးနင်းသလိုမျိုး ဆက်မဖြစ်လာစေဖို့အတွက်၊ ကောကရိတ်မြို့ကနေ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့အထိ၊ နယ်ခြားစောင့်တပ်တွေက လုံခြုံရေးအပြည့် နေရာယူထားတယ်လို့ နယ်စပ်နေ ပြည်သူတဦးကလည်း ပြောပြပါတယ်။

"ကော့ကရိတ်ဒီဘက် ကွမ်းခြံကွေ့စပြီး အကုန်လုံး တောင်ပေါ်အထိ BGF တွေ လုံခြုံရေးယူထားပါတယ်။ မြဝတီမြို့ပေါ်က တံတား (၁)၊ တံတား (၂) အဲဒီနေရာအောက်တွေမှာလည်း နယ်ခြားစောင့်တပ်တွေ နေရာယူထားပါတယ်။ မြဝတီကို ဝင်သိမ်းမှာစိုးလို့လေ။ သူတို့က မြဝတီကို အဓိက ကာကွယ်နေတယ်။"

ပြီးခဲ့တဲ့ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ကော့ကရိတ်မြို့ထဲကို လေကြောင်းကနေ အကြိမ်ပေါင်းများစွာ ပစ်ခတ်မူတွေရှိတာကြောင့်၊ ညသန်းခေါင်ကျော် ဒီကနေ့မနက်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မူ့တွေ ရှိတဲ့အတွက် ဒေသခံပြည်သူတချို့ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်ရှင်။

==== Unicode ====









XS
SM
MD
LG