သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလဲမြို့နယ် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူ တချို့ရှိ


စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဖလံပင်ကျေးရွာ တိုက်ပွဲဖြစ်ရာဒေသ Courtesy : SAC Information
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဖလံပင်ကျေးရွာ တိုက်ပွဲဖြစ်ရာဒေသ Courtesy : SAC Information

[[ ZAWGYI / UNICODE ]]

ပုလဲမြို့နယ် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူ တချို့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ဖလံပင်ကျေးရွာအနီးမှာ ရှိတဲ့ ပုလဲ ဒေသခံ PDF နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ရှိတဲ့နေရာကို မြန်မာစစ်တပ်က ဒီနေ့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရသလို ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရတဲ့အကြောင်း PDF အဖွဲ့ဝင်တဉီးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံက ပြောပါတယ်။ ပုလဲမြို့နယ်ထဲက တိုက်ပွဲအခြေအနေကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ဖလံပင် ကျေးရွာအနီးမှာရှိတဲ့ ပုလဲဒေသခံ PDF နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အခြေစိုက်တဲ့နေရာကို မြန်မာစစ်တပ်က အောက်တိုဘာ ၂၅ ရက် နေ့လည်ပိုင်းမှာ ဝေဟင်ကော မြေပြင်ကပါ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်မှာလည်း ဖလံပင်ကျေးရွာမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ပုလဲဒေသခံ PDF အဖွဲ့ဝင်တ‌ယောက်က အခုလိုပြောပါတယ်။

“ပြင်းထန်တယ်လို့ပဲပြောရမှာပေါ့ မနေ့က ပုလဲရဲ့ ပင်မရုံးကြီးဝင်စီးခံရတာနဲ့ ပတ်သက်ပြီးတော့ ပုလဲမြို့နယ်က တပ်ရင်းတပ်ဖွဲ့တွေ အားလုံးက အခုတက်သွားပြီးတော့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေကြတာပေါ့။ မနေ့ညကလည်း ကျွန်တော်တို့ရုံးမှာပဲ အခြေစိုက်ထိုင်တယ်။ အခုဒီနေ့ မနက်မှာ ထိတွေ့မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီးတော့ အခုတော့ သူတို့ စခန်းချနေတယ်။”

စစ်တပ်က ဝင်ရောက်စီနင်း ခဲ့တယ်ဆိုတဲ့ ရုံးဟာ ဒေသခံ PDF နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အခြေစိုက်တဲ့ နေရာဖြစ်ပြီး မြန်မာစစ်တပ်က လေယာဉ် ၅ စီးနဲ့ တိုက်ခိုက်ခဲ့သလို တပ်ဖွဲ့ဝင်တွေကို မြေပြင်ချပေးပြီး ဝင်ရောက်စီးနင်းခဲ့တာလို့ PDF ဘက်ကပြောပါတယ်။ ဝင်ရောက်စီးနင်းချိန် တိမ်းရှောင်နိုင်ခဲ့တဲ့အတွက် PDF ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိတဲ့အကြောင်းပြောပေမဲ့ မြန်မာစစ်တပ်က ဝင်ရောက်စီးနင်း ပစ်ခတ်တဲ့အတွက် ကျေးရွာသားတချို့ ကျည်ဆံထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။ ကျည်ဆံထိမှန် ဒဏ်ရာရပြီး လွတ်မြောက်လာတဲ့ ဖလံပင်ကျေးရွာသားတဦးက VOA ကို အခုလို ပြောပါတယ်။

“ကျွန်တော်က တောကနေပြန်လာတာ လမ်းမအတိုင်း လမ်းမအတိုင်း လေယာဉ်တွေလာပြီဆိုတော့ ချုံတောထဲ ဝင်ပုန်းရင်းကျွန်တော်ကပြေးတာ ပြေးရင်းနဲ့အပစ်ခံရတယ်။ ကျွန်တော်က သူတို့ပစ်ပြီးတော့ ဆွဲမပြီးတော့ တကျော့ပြန်ချထားခဲ့ပြီးမှ ကျွန်တော်ကလည်း သေချင်ယောင်ဆောင်ပြီး မှောက်ပြီးနေလိုက်တာ။ အဲ့တော့မှ အလျားထိုးပြီး (ဝမ်းလျား) (စိုက်) အခင်းထဲကနေ ချုံတောထဲကိုရောက်ပြီးမှ ပုဆိုးပတ်ပြီးမှ မှောင်မှ ထွက်ပြေးခဲ့ရတာခင်ဗျ။”

ထိခိုက်ဒဏ်ရာ ရတာတွေနဲ့ပတ်သက်လို့ သီးခြား အတည်ပြုချက် မရသလို စစ်ကောင်စီဘက်က အတည်ပြု သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

မြန်မာစစ်တပ်က အခုလို လေကြောင်းကနေပါ ဝင်ရောက်စီးနင်းပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ပုလဲမြို့နယ် ဖလံပင်ကျေးရွာအပြင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{ UNICODE }}










XS
SM
MD
LG