သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနည်းပညာသုံး ဓါတ်ပေါင်းဖိုဆောက်လုပ်ဖို့ စစ်ကောင်စီပြင်ဆင် 


အင်္ဂလန်နိုင်ငံ ဆမ်းမားဆက်ခရိုင်က ဟင်ကလီပွိုင့်(စီ) နျူးကလီးယား ဓါတ်ပေါင်းဖိုဆောက်လုပ်နေတဲ့ လုပ်ငန်းခွင်တခုကို အောက်တိုဘာ ၁၁၊ ၂၀၂၂ ကတွေ့ရစဉ်။
အင်္ဂလန်နိုင်ငံ ဆမ်းမားဆက်ခရိုင်က ဟင်ကလီပွိုင့်(စီ) နျူးကလီးယား ဓါတ်ပေါင်းဖိုဆောက်လုပ်နေတဲ့ လုပ်ငန်းခွင်တခုကို အောက်တိုဘာ ၁၁၊ ၂၀၂၂ ကတွေ့ရစဉ်။

ရုရှားနည်းပညာနဲ့ မြန်မာနိုင်ငံအတွင်း အသေးစားနျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ဖို့ လေ့လာမှုတွေ စတင်လုပ်နေပြီလို့ စစ်ကောင်စီဘက်ကပြောပါတယ်။ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သုတေသနနဲ့ ဆေးဝါးထုတ်လုပ်ရေးပိုင်းမှာ အသုံးပြုမှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ ရန်ကုန်ကပေးပို့ သတင်းအပြည့်အစုံကို မခင်ဖြူထွေး တင်ပြပါမယ်။

မြန်မာနိုင်ငံအတွင်းမှာ ရုရှားနိုင်ငံကနည်းပညာနဲ့ အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတည်ဆောက်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်မှုတွေ စတင် လုပ်နေပါပြီ။ စက်ရုံတည်ဆောက်တာတွေလုပ်ဖို့ စစ်ကောင်စီနဲ့ ရုရှားအစိုးရပိုင် Rosatom အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းကြား ပြီးခဲ့တဲ့ နိုဝင် ဘာလအတွင်းကပဲ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒီလိုချုပ်ဆိုပြီးနောက်မှာတော့ လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်၊ နည်းပညာဝန်ကြီး ဒေါက်တာမိုးသိန်းကျော်တို့က ရုရှားနိုင်ငံတွင်းမှာ ဒါနဲ့ပတ်သက်လို့ လေ့လာသင်ယူမှုတွေလုပ်နေပြီလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပြပါတယ်။

"ကျနော်တို့ နိုဝင်ဘာလထဲမှာပဲ လျှပ်စစ်စွမ်းအားဝန်ကြီးရယ်၊ သိပ္ပံနဲ့နည်းပညာဝန်ကြီးရယ်ကို ရုရှားနိုင်ငံမှာ သွားရောက်ပြီးတော့ အသေးစိတ်လေ့လာတာတို့၊ နေရာတွေသွားလေ့လာတာတို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဓိကလုပ်မှာကတော့ လျှပ်စစ်ဓါတ်အားလုပ်ငန်း စွမ်းအင်အတွက်ဆောင်ရွက်မှာဖြစ်တယ်။ နောက်ဆေးပညာ ရပ်သုတေသနဆိုင်ရာတွေမှာလည်း အသုံးပြုနိုင်အောင်လုပ်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပထမဆုံးစလုပ်မှာကတော့ ဒီနှစ်ဆန်းပိုင်းလောက် ၂၀၂၃ နှစ်ဆန်းပိုင်းလောက်မှာတော့ နျူးကလီးယားငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးအတွက် ပြည်သူလူထုကိုအသိပေးမယ့် စင်တာတခုကို ရန်ကုန်မှာ စတင်တည်ဆောက်ပြီး နျူကလီးယားနဲ့ပတ်သက်လို့အသိပညာပေးမှုတွေ၊ သတင်းထုတ်ပြန်မှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်။ ပြီးရင်တော့ သိပ္ပံနဲ့ နည်းပညာနယ်ပယ်၊ လျှပ်စစ်စွမ်းအားနယ်ပယ်တွေမှာ အသုံးချနိုင်ရေးဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။"

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရုားခရီးစဉ်အတွင်း အသေးစားနျူကလီးယားဓာတ်ပေါင်းဖိုဆောက်ဖို့ အဲဒီကုမ္ပဏီနဲ့ ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

အသေးစားဓာတ်ပေါင်းဖိုတည်ဆောက်ရေး ဒီစီမံကိန်းအတွက် ဘယ်နေရာမှာ လုပ်ဆောင်မလဲဆိုတာကိုတော့ စစ်ကောင်စီဘက်က သေချာ ရွေးချယ်ထားတာမရှိသေးဘူးလို့ ပြောပါတယ်။ လေ့လာဆန်းစစ်ချက်တွေ လုပ်ဆောင်ပြီးမှ နေရာကို ရွေးချယ်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ အသေးစားဓါတ်ပေါင်းဖိုလုပ်ဆောင်မှုနဲ့ပတ်သတ်လို့ နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA (International Atomic Energy Agency) ရဲ့ ကြီးကြပ်မှုကိုလက်ခံသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောပါတယ်။

"ဒီပြင်နိုင်ငံတွေမှာလည်း ဒါတွေကိုလုပ်နေပြီ။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆို ကျနော်တို့ထက် ရှေ့ကိုရောက်နေပြီဖြစ်ပါတယ်။ ကျန်တဲ့နိုင်ငံတွေလည်း သူ့စီမံကိန်းနဲ့သူ ရှိပြီးဖြစ်ပါတယ်။ မြန်မာတနိုင်ငံတည်းကပဲ ထွင်လုပ်နေတာမဟုတ်ဘူးလို့ပြောချင်ပါတယ်။ ဓါတ်ပေါင်းဖိုလုပ်တယ်ဆိုတာသည် စစ်လက်နက်ပစ္စည်းနဲ့ဘာမှမဆိုင်ပါဘူး။ သူသည် IAEA (International Atomic Energy Agency) ရဲ့ ကြီးကြပ်မှုအတိုင်း IAEA ရဲ့ Control အတိုင်းပဲ လိုက်နာဆောင်ရွက်သွားရမှာဖြစ်ပါတယ်။"

အာဏာသိမ်းပြီးနောက် မြန်မာနဲ့ အနောက်နိုင်ငံတော်တော်များများ သံတမန်ဆက်ဆံမှု တင်းတင်းမာမာရှိနေချိန်မှာပဲ စစ်ကောင်စီဟာ ရုရှားနဲ့ဆက်ဆံရေး ပိုနီးကပ်လာပါတယ်။ ရုရှားဘက်ကလည်း ယူကရိန်းအရေးမှာ ပိုအထီးကျန်လာတဲ့အတွက် မြန်မာစစ်ကောင်စီလို သူ့မဟာမိတ်တွေကို ပိုအရေးယူဆက်ဆံလာတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ ရုရှားက မြန်မာစစ်ကောင်စီကို စစ်လက်နက်ရောင်းချမှုတွေအပြင် အခုလို အသေးစားနျူကလီယားဓါတ်ပေါင်းဖို နည်းပညာအကူအညီတွေပေးဖို့အထိ ဖြစ်လာတာပါ။

မြန်မာစစ်တပ်ဟာ အရင်စစ်အစိုးရအဆက်ဆက်ကတည်းက နျူကလီးယား လက်နက်ပိုင်ဆိုင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြည်တွင်းပြည်ပလေ့လာသူတွေက သုံးသပ်ထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ တက်လာပြီးနောက် ၂ဝ၁၆ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်နဲ့ နျူကလီးယား လက်နက် ပိတ်ပင်တားဆီးရေး စာချုပ်တွေကို မြန်မာက လက်မှတ်ရေးထိုးထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

====================================

[Unicode]










XS
SM
MD
LG