သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီ စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးနဲ့ အဖွဲ့ အသတ်ခံရ


Bago Region PDF ဖေ့ဘုတ်စ်စာမျက်နှာမှာ တင်ထားသော သေဆုံးသူများထံမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ
Bago Region PDF ဖေ့ဘုတ်စ်စာမျက်နှာမှာ တင်ထားသော သေဆုံးသူများထံမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မြန်မာစစ်တပ်က စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးတဦး၊ တပ်ကြပ်ကြီးတဦးနဲ့ အတူလိုက်ပါလာသူတွေကို ပစ်ခတ်ခတ်ရှင်းလင်းခဲ့တယ်လို့ Bago Region PDF က ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ပစ်ခတ်ရှင်းလင်းခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဘာမှပြောစရာမရှိကြောင်း ဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က ပြောပြပါမယ်။

ဇန်နဝါရီ ၂၂ ရက် နေ့လည်ပိုင်းမှာ ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၁ အနီးမှာ ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဖြစ်တဲ့ ဗိုလ်မှူးသန်းထွဋ် ၊ တပ်ကြပ်ကြီးမြင့်အောင်အပြင် သူတို့နဲ့ အတူပါလာတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီးတို့ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ ရဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဇန်နဝါရီ ၂၃ ရက်မှာ Bago Region PDF လူမူကွန်ရက်စာမျက်နှာက သတင်းထုတ်ပြန်လာတာပါ။

ထုတ်ပြန်ချက်ထဲမှာတော့ ပစ်ခတ်ဖမ်းဆီးချိန်မှာ ဗိုလ်မှူးသန်းထွဋ် တပ်ကြပ်ကြီးမြင့်အောင်တို့ဟာ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး သေဆုံးသွားသူ ဗိုလ်မှူးသန်းထွဋ်ဟာ အမှတ် (၁) စစ်ဘက်ရေးရာ လုံခြုံရေး အကူတပ်က စစ်ကြောရေးတာဝန်ခံလို့ဖော်ပြထားပါတယ်။ ဒီအချက်နဲ့ပတ်သက် ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

ဒါ့ပြင်သူတို့တွေနဲ့အတူ ပါလာတဲ့လက်နက်တွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းလိုက်ပြီး စီးနင်းလာတဲ့ကားကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ သူတို့နဲ့ အတူပါလာတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီးတို့ကို စစ်ဆေးဖို့ ခေါ်ဆောင်သွားချိန်မှာ ခုခံတဲ့အတွက် ရှင်းလင်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီ စစ်ဆင်ရေးကို အချိန်ယူဆောင်ရွက်ခဲ့တာလို့ ပါဝင်ပတ်သက်သူတဦးက ပြောပါတယ်။

“ကျွန်တော်တို့သတင်းထုတ်ထားတဲ့အတိုင်းက အမှန်အကန်ပဲ ကျွန်တော်တို့တာဝန်ခံတယ်။ ကျွန်တော်တို့ ဒီကိစ္စကို သေသေချာချာစီစဉ်ပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဒီလောက်တော့ ပြောနိုင်တယ်။ ကျွန်တော်တို့ ထုတ်ပြန်တဲ့သတင်းမှာ ပါပါတယ်။ ဒီလူတွေဆိုတာလည်း တော်လှန်ရေးသမားတွေ အားလုံးကို ဒုက္ခပေးနေတဲ့သူတွေ ဒီလူတွေအတွက်ကို မစ်ရှင်ကို အချိန်ယူပြီးတော့ ဆောင်ရွက်ခဲ့တာ။”

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်ထားတဲ့ စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် ပစ်ခတ်ခံရပြီး သေဆုံးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေက မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“ဘာမှ ပြောစရာမရှိပါဘူးဗျာ။”

အခုသေဆုံးသွားတဲ့ ဗိုလ်မှူးသန်းထွဋ်ဟာ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြေအောက်တော်လှန်ရေးသမားတွေကို အသွင်ယူဖမ်းဆီးရာမှာ ဦးဆောင်သူ တဦးဖြစ်သလို စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ အဓိကပါဝင်သူတဦးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးသန်းထွဋ် အခုလို ပစ်ခတ်မခံရမီ ရက်ပိုင်းအလိုမှာ အမှတ် (၁) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်ရဲ့ ရန်ကုန်မြို့အတွင်း အသွင်ယူဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဖော်ပြထားတဲ့ စာရင်းဇယား အချက်အလက်တွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။ အခုဖြစ်စဉ်မှာလည်း မြို့ပြပျောက်ကျားအဖွဲ့အဖြစ် အသွင်ယူထားတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ကို တောင်ငူခရိုင် PDF တပ်ရင်းတခုက သတင်းအရစောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]











XS
SM
MD
LG