သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေးကောင်စီနဲ့ မြန်မာ့အရေး


Guterres, UN Secretary General, attends the Human Rights Council at the United Nations in Geneva
Guterres, UN Secretary General, attends the Human Rights Council at the United Nations in Geneva

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကို လက်ခံဖို့ လိုအပ်နေကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကိုပြောပါတယ်။

၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂ ရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမြင့်သူ ရာထူးကနေနှုတ်ထွက်သွားပြီးနောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာကိုယ်စားလှယ်နေရာကို အလွတ်ထားရှိထားတာဖြစ်ပါတယ်။

တနင်္လာနေ့က စတင်ကျင်းပနေပြီဖြစ်တဲ့ (၅၂) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

သီတင်းပတ် (၅)ပတ်ကြာမယ့် လူ့အခွင့်အရေးညီလာခံမှာ ကမ္ဘာ့အရေးထိပ်တန်းရောက်နေတဲ့ ယူကရိန်း၊ ရုရှား၊ အီရန်၊ ပါလက်စတိုင်း၊ အစ္စရေး၊ တရုတ် စတာတွေအပါအဝင် မြန်မာနိုင်ငံကိစ္စကို အဖွဲ့ဝင် ၄၇ နိုင်ငံက ဆွေးနွေးကြဖို့ရှိပါတယ်။

အခုလာမယ့် မတ်လ ပထမပတ်ထဲမှာ မြန်မာ့အရေးကိစ္စကို စတင်ဆွေးနွေးဖို့ရှိနေကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးသစ် Volker Türk ရဲ့ ပထမဆုံးအကြိမ် မြန်မာ့အရေးအစီရင်ခံစာကိုလည်း လူ့အခွင့်အရေးညီလာခံမှာ တင်သွင်းဖို့ရှိနေပါတယ်။ ဒါအပြင် တနင်္လာနေ့က သူ့ရဲ့ ပထမဆုံးအကြိမ် ညီလာခံအဖွင့် မိန့်ခွန်းမှာတော့ ရုရှားရဲ့ ယူကရိန်းအပေါ်ကျူးကျော်စစ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချခဲ့ပြီး စစ်ရာဇဝတ်မှုကို ရုရှားက ကျူးလွန်နေကြောင်း ထောက်ပြခဲ့သလို တရုတ်နိုင်ငံမှာ ဝှီဂါလူမျိုးတွေအပေါ် ဖိနှိပ်မှုတွေကိုလည်း မီးမှောင်းထို ပြောဆိုသွားခဲ့ပါတယ်။


ဒီနှစ် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာကိုယ်စားလှယ်နေရာ မှာ အလွတ်ထားရှိနေတဲ့ ကိစ္စကိုတော့ ဝန်ကြီး ဦးအောင်မျိုးက ဗွီအိုအေကို အခုလို ဝေဖန်ထောက်ပြခဲ့ပါတယ်။

၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် နယူးရောက်ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနဲ့ သူဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကိုပဲ ကိုယ်စားပြုသူဖြစ်ကြောင်း ကုလသမဂ္ဂညီလာခံမှာ တရားဝင်ပြောကြား ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂ ရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမြင့်သူကတော့ ရာထူးကနေနှုတ်ထွက်ခဲ့ပါတယ်။ သူ့နေရာမှာ မြန်မာသံအမတ်ကြီး ဒေါ်အိအိတင်ကို စစ်ကောင်စီက အစားထိုးခန့်အပ်ထားပေမယ့် လူ့အခွင့်အရေးကောင်စီညီလာခံကတော့ သူ့ကိုလက်မခံပဲ မြန်မာကိုယ်စားလှယ်နေရာကို အလွတ်ထားရှိထားတာဖြစ်ပါတယ်။

လူ့အခွင့်အရေးမဟာမင်းကြီး Volker Türk ဟာ NUG ဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဂျီနီဗာ လူ့အခွင့်အရေးမဟာမင်းကြီးရုံးမှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီကဆက်လက်ကျူးလွန်နေတဲ့ ဆိုးရွားလှတဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေထဲမှာ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ၊ ရွာတွေကို မီးရှို့၊ လူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြောင်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

(၅၂)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံကို ဖေဖေါ်ဝါရီလ (၂၇)နေ့ တနင်္လာနေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး ဧပြီလ (၄) ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ ဒီနှစ်အတွက် မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ စစ်ကောင်စီအပေါ် ထိထိရောက်ရောက်အရေးယူကိုင်တွယ်နိုင်ရေး အထောက်အကူပြုမှာဖြစ်တယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းက ဗွီအိုအေကိုပြောပါတယ်။

ကုလ လူ့အခွင့်အရေးကောင်စီနဲ့ မြန်မာ့အရေး
please wait

No media source currently available

0:00 0:06:27 0:00

-----------------












XS
SM
MD
LG