=== [[ ZAWGYI ]] ===
အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် တာလီဘန်ပြည်နယ်အုပ်ချုပ်ရေးတဦးသေဆုံး
အာဖဂန်နစ္စတန်မှာ ကြာသပတေးနေ့က ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ တခြား လူ(၂)ဦး သေဆုံးခဲ့တယ်လို့ တာလီဘန်အာဏာပိုင်တွေက ပြောပါတယ်။
အာဖဂန် မြောက်ပိုင်းက ဘော့လ်ခ် Balkh ပြည်နယ် မြို့တော် မဇာ-အိုင်-ရှရိဖ် Mazar-i-Sharif မှာ နံနက်အစောပိုင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ(၇)ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသဆေးရုံ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗုံးတွေချိတ်ထားတဲ့ အင်္ကျီဝတ် အမျိုးသားတစ်ဦးဟာ ပြည်နယ်အုပ်ချုပ်ရေးမှူး မိုဟာမက် ဒါဝုဒ် မူဇာမယ်လ် Mohammad Dawood Muzamil ရဲ့ ရုံးခန်းရှိတဲ့ ဒုတိယထပ်မှာ ကိုယ့်ဘာသာ အသေခံ ဗုံးခွဲခဲ့တာလို့ ပြည်နယ်ရဲအရာရှိတွေက ပြောပါတယ်။
မူဇာမယ်လ် ဟာ အာဖဂန်နစ္စတန်ကို တာလီဘန်အဖွဲ့က ပြန်လည်သိမ်းပိုက်ခဲ့တဲ့ ၂၀၂၁ နောက်ပိုင်း တာလီဘန်ခေါင်းဆောင်းပိုင်းထဲက ဒုတိယမြောက် အသတ်ခံခဲ့ရသူ ဖြစ်လာပါတယ်။
တာလီဘန်ပြောခွင့်ရ ဇဘီဟူလာ မူဂျာဟစ် Zabihullah Mujahid ကတော့ “အစ္စလာမ်ရဲ့ ရန်သူတွေ လက်ချက်နဲ့ ကျဆုံးခဲ့တဲ့ အာဇာနည်” ဆိုပြီး ဒီဗုံးခွဲမှုနဲ့ ပတ်သက်လို့ သူ့ရဲ့ လူမှုကွန်ရက် တွစ်တာမှာ အတည်ပြုထားပါတယ်။
ဒီအသေခံဗုံးကွဲမှုက ဘယ်သူ့ လက်ချက်လဲဆိုတာကို အဖွဲ့အစည်းတခုခုက ချက်ချင်း ထုတ်ဖော် ကြေညာတာမျိုး မရှိသေးပါဘူး။
မနှစ် ဒီဇင်ဘာလက နိုင်ငံအရှေ့မြောက်ပိုင်းက ဘဒါရှန် Badakhshan ပြည်နယ်ရဲ့ တာလီဘန်ရဲချုပ်ဟာ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်မှာတော့ အစ္စလာမ္မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ့ရဲ့ အာဖဂန်အဖွဲ့ခွဲဖြစ်တဲ့ IS ခိုရာဆန်က သူတို့ လက်ချက်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
အဲဒီ စစ်သွေးကြွအုပ်စုဟာ အခုနှစ်ပိုင်းထဲ အာဖဂန်နစ္စတန်မှာ တိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီး လူနည်းစု ရှီယိုက် လူမျိုးတွေ၊ တာလီဘန် အရာရှိတွေအပြင် ဘာသာရေးဆရာတွေ အပါအဝင် လူရာနှင့်ချီ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
=== {{ UNICODE }} ===