သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဟာရပြည့်ဝတဲ့ ဟင်းသီးသင်းရွက်များ


ဟင်းသီးသင်းရွက် စိုက်ပျိုးခင်း - Gardening Veggies
ဟင်းသီးသင်းရွက် စိုက်ပျိုးခင်း - Gardening Veggies


မြန်မာနိုင်ငံမှာ အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်တွေအတွက် မိမိဝင်ငွေနဲ့ လက်လှမ်းမီတာကို ရွေးချယ်စားသုံးသင့်တယ်လို့ အာဟာရပညာရှင်တွေက အကြံပြုကြပါတယ်။

ကျန်းမာသန်းစွမ်းဖို့ ဝင်ငွေနဲ့မျှတပြီး ကြိုက်နှစ်သက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်နိုင်ရေးအတွက် မြန်မာနိုင်ငံထဲ အာဟာရပြည့်ဝတာတွေကို ကြိုသိထားဖို့ လိုပါတယ်။ ဒါတွေကတော့ ဗူးပင်ကရတဲ့ ဗူးညွှန့်၊ ဗူသီး၊ ဗူးပွင့်၊ ချဉ်ပေါင်ပင်ကရတဲ့၊ ချဉ်ပေါင်ရွက်၊ ချဉ်ပေါင်သီး၊ ဒန့်သလွန်ပင်ကရတဲ့ ဒန့်သလွန်ရွက်၊ ဒန့်သလွန်သီး၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ ကညွှတ်ရွက်၊ ကန်စွန်းရွက်၊ ကင်ပွန်းချဉ်ရွက်၊ ကင်ပွန်းချဉ်သီး၊ မန်ကျည်းရွက်၊ မန်ကျည်းသီး၊ မဲဇလီရွက်၊ နံနံပင်၊ ရှမ်းနံနံ၊ ပေါက်ပန်းဖြူရွက်၊ ရှောက်ရွက် (ရှောက်သီး)၊ ဆူးပုပ်ရွက်၊ မျှစ် စတာတွေပါ။

ဒါ့အပြင် လယ်ကွင်းတွေထဲ အလွယ်တကူရနိုင်တဲ့ ကောက်ရိုးနွယ်၊ ကင်းမုန်ရွက်၊ ကင်းမုန်သီး၊ လယ်ပတူရွက်၊ ငါးရံ့ပတူရွက်၊ ရင်းတိုက်ရွက်၊ ရဲယိုရွက်၊ ရဲယိုသီး၊ တညင်းသီး၊ ခဝဲသီး၊ ကြက်ဟင်းခါးသီး၊ ဂေါ်ရခါးသီး (ဂေါ်ရခါးရွက်)၊ ကြောင်လျှာသီး၊ ကြောင်လျှာပွင့်၊ ကြောင်လျှာရွက်၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ခရမ်းကစော်သီး (ခရမ်းကြွပ်သီး)၊ ပဒတ်စာ၊ ဖယုံညွန့်၊ ဖယုံပွင့်၊ ဖယုံသီး စတာတွေမှာလည်း အဟာရအပြည့်အဝ ပါရှိပါတယ်။

လူကြိုက်များပြီး အလွယ်တကူ လက်တကမ်းမှာရှိတဲ့ အာဟာရကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့ ပဲတီပင်ပေါက် (ပဲတီစိမ်းနဲ့ မတ်ပဲအပြင် အခုနောက်ပိုင်း ပိုအာဟာရရှိတဲ့ အနီရောင်ပဲနဲ့ ဖောက်တာလည်းရှိပါတယ်)။ သခွားသီး၊ ပိန္နဲသီးစိမ်း၊ ဖရဲသီးစိမ်း၊ သရက်ကင်း၊ သရက်သီးစိမ်း၊ ဇီးဖြူသီး စတာတွေပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံ၊ အမျှင်ဓာတ်များစွာပါတဲ့ ဇီးဖြူသီးကို မြန်မာနိုင်ငံနေရာ အတော်များများတွေ့နိုင်ပြီး၊ နှစ်သက်တဲ့ပုံစံ (သံပုရာသီး၊ မြေပဲဆန်၊ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးစိမ်း စတာနဲ့) ထောင်းစားတာကို မြန်မာအများ ကြိုက်တတ်ကြပါတယ်။

အခုလို ဟင်းသီးဟင်းရွက်တွေကို ပြင်ဆင်ရာမှာလည်း အာဟာရ မပျက်စီးအောင် စနစ်တကျ ဖြစ်သင့်ပါတယ်။ ဥပမာ မြန်မာအများစုက ဇီးဖြူသီးကိုပြုတ်ပြီး၊ အရည်ကို သွန်ပြစ်လိုက်တာကြောင့် အာဟာရတွေ အကုန်ထွက်သွားတတ်တာမို့ ပြုတ်ပြီး မစားသင့်ပါဘူး။ အလားတူ ဟင်းရွက်တွေကိုလည်း အကြာကြီးမပြုတ်ဘဲ၊ ရေနွေးပွက်ပွက်ဆူထဲ ခဏသာနှစ်ပြီး ချက်ချင်းပြန်ထုတ်စားတာမျိုး၊ ပေါင်းတာမျိုး (ထမင်းအိုး/ဟင်းအိုး အငွေ့နဲ့ပေါင်း/နှပ်တာမျိုး) က ပိုသင့်တော်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကိုလည်း အာဟာရဓာတ်တွေ အများကြီးပါသွားအောင်အထိ အလွန်အကျွံ မဆေးကြောသင့်ပါဘူး။

အခုလို ဟင်းသီးဟင်းရွက်တွေမျိုးကို ကိုယ်ကြိုက်နှစ်သက်တဲ့ စားစရာပုံစံ (တို့စရာ၊ အသုတ်၊ အပြုတ်ဟင်းချို၊ အကြော်စတာ) နဲ့ စနစ်တကျ အာဟာရ မဆုံးရှုံးအောင် ဘေးအန္တရာယ်မရှိအောင် ပြင်ဆင်ပြီး၊ ၃ လလောက် စားကြည့်လျှင် အရင်ထက် ပိုမိုကျန်းမာသန်စွမ်းလာတာကို ခံစားလာရနိုင်ပါတယ်။ အကယ်၍ ကျန်းမာရေးနဲ့ မညီတဲ့ အသင့်လုပ်အစာတွေသာ တာရှည်စားသုံးမိလျှင်တော့၊ ခေါင်းကိုက်တာ သွေးတိုးတာ စတာတွေ ခံစားလာရပြီး အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့ အနေအထားရောက်လာမှာ စိုးရိမ်ရပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

==== Unicode =====








XS
SM
MD
LG