သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာမန်ဒန် ဥပုသ်ရာသီ မြန်မာမွတ်ဆလင်တွေခက်ခဲ


Myanmar Muslims pray at a mosque during the festival of Eid al-Fitr on the outskirts of Yangon, Myanmar Friday, Aug 9, 2013. (AP Photo/Khin Maung Win)
Myanmar Muslims pray at a mosque during the festival of Eid al-Fitr on the outskirts of Yangon, Myanmar Friday, Aug 9, 2013. (AP Photo/Khin Maung Win)

=== [[ ZAWGYI ]] ===

ရာမန်ဒန်ဥပုသ်ရာသီ မြန်မာမွတ်ဆလင်တွေခက်ခဲ

အစ္စလာမ် ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်ရာသီကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ စတင်လိုက်ပြီး၊ မွတ်စလင်တွေဟာ ဗလီတွေမှာ သွားရောက် ဝတ်ပြု ဆုတောင်းတာတွေ၊ ဥပုသ် ဆောက်တည်တာတွေ လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ နိုင်ငံရေး၊ စီးပွားရေး အထွေထွေ အကျပ်အတည်းတွေကြောင့် အခုနှစ် ရာမာဒန် ဥပုသ်ကာလဟာ အရင်နှစ်တွေနဲ့ မတူဘူးလို့ အစ္စလာမ်ဘာသာဝင် တချို့က ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။


ကမ္ဘာတဝန်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ရာသီဖြစ်တဲ့ ရာမာဒန်ဥပုသ်လကို စတင်လိုက်ပါပြီ။ ဆော်ဒီအာရေဗျနဲ့ မလေးရှား စတဲ့ တခြားနိုင်ငံတွေမှာတော့ မတ်လ ၂၃ ရက်နေ့ ကြာသပတေးနေ့က ရာမာဒန် ဥပုသ်ကို စတင်လိုက်တာ ဖြစ်ပေမယ့်၊ မြန်မာနိုင်ငံမှာတော့ ဒီကနေ့ သောကြာမှာ စတင်လိုက်တာ ဖြစ်ပါတယ်။ ရာမဒန်ကာလအတွင်း မွတ်စလင်တွေရဲ့ တနေ့တာ ဥပုသ်စောင့်ကြတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မန္တလေးမြို့က အစ္စလာမ်ဘာသာရေး ဆရာတဦးက အခုလိုရှင်းပြပါတယ်။

" ဥပုသ်စောင့်ဖို့အတွက် မိုးသောက်ချိန် မရောက်ခင်မှာ အစာ စားတယ်၊ အစားစားပြီးတော့ တရက်တာ ဥပုသ်ယူတယ်။ နေဝင်ပြီးတဲ့နောက်မှာကျတော့ ဥပုသ်လုပ်တယ်ပေါ့နော်။ တရက်မှာ ၅ ကြိမ် ဝတ်ပြုတဲ့အထဲကမှ နောက်ဆုံးအကြိမ် ဝတ်ပြုတဲ့အချိန်ကို ' အာရေဘီလို အစ်ရှာ'လို့ ခေါ်ပါတယ်။ အဲဒီလို 'အစ်ရှာ'ဝတ်ပြုချိန်မှာ ကျနော်တို့ 'သရာဝီ'လို့ ခေါ်တဲ့ 'ကျမ်းမြတ်ကိုရမ်'ကို ရွတ်ဖတ်ရင်းနဲ့ ဝတ်ပြုသွားရတဲ့ဟာမျိုးပေါ့ ၊ အဲဒါကို အနည်းဆုံး ၄၅ မိနစ်ကြာ ဝတ်ပြုကြတယ်။ ဝတ်ပြုပြီးတဲ့အခါမှာ ဥပုသ်လရဲ့ တရက်ကို စတင်တယ်။ ညတိုင်းညတိုင်းမှာ ကျနော်တို့က အဲသည်လို နောက်နေ့ ဥပုသ်ရက် မရောက်ခင် အဲဒီညမှာ 'သရာဝီ'တွေ ရွတ်ဖတ်ရင်းနဲ့ ဒီ ရာမာဒန်တစ်လကို ကုန်ဆုံးတာပေါ့နော်။ "

အစ္စလာမ်ဘာသာဝင်တွေဟာ မနက် နေထွက်ချိန်ကနေ ညနေနေဝင်ချိန်အထိ သက်ဆိုင်ရာ ဒေသအလိုက် သတ်မှတ်ထားတဲ့ အချိန်တွေအတိုင်း ဥပုသ်စောင့်ကြပြီး၊ ညနေဥပုသ်ဖြေတဲ့အချိန်မှာတော့ ရပ်ရွာအတွင်း ဥပုသ်စောင့်တဲ့သူတွေကို ဗလီတွေမှာ အစာအဟာရတွေ ကျွေးမွေးကြလေ့ရှိပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကမ္ဘာတဝန်း ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးတွေ ထိခိုက်ကျဆင်းခဲ့ပြီး ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကို နိုင်ငံတိုင်း ရင်ဆိုင်ခဲ့ကြရတဲ့အပြင် မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ နိုင်ငံရေး စီးပွားရေး စတဲ့ အထွေထွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကုန်ဈေးနှုန်းတွေ တက်ပြီး စီးပွားရေးတွေ ကျပ်တည်းလာတဲ့အတွက် ဒီနှစ် ရာမာဒန်ကာလဟာ အရင်နှစ်တွေနဲ့ မတူဘူးလို့ မြစ်ကြီးနားမြို့က အစ္စလာမ်ဘာသာဝင်တဦးက ပြောပါတယ်။

" အခုက ဒီအချိန်မှာကတော့ အစစအရာရာ အရမ်းရှားပါးနေတယ်လေ။ စားဝတ်နေရေးက အကျပ်တည်းဆုံးပဲ။ ရှင်းရှင်းပြောရရင် အဲဒါ ဒုက္ခအဖြစ်ဆုံးပဲ။ ဟို ဘာသာတိုင်း လူတိုင်းပါပဲ။ ဒီနှစ်က ခါတိုင်းနှစ်တွေနဲ့တော့ မတူဘူးပေါ့။ ဟိုး လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက် တုန်းကဆိုရင် လူတွေကလည်း ပျော်ကြ စားကြသောက်ကြနဲ့ အဲလိုမျိုးပေါ့။ စီးပွားရေးလည်း အဆင်ပြေကြတော့လေ။ ကိုဗစ် စဖြစ်တုန်းကဆိုရင်တောင် စီးပွားရေး နည်းနည်း အဆင်ပြေသေးတယ်။ အခု ဒီနောက်ပိုင်းမှာ စီးပွားရေး တော်တော်ကျပ်တယ်။ ကျပ်တည်းသွားတာပေါ့။ "

ရန်ကုန်မြို့က အစ္စလာမ်ဘာသာဝင် တဦးကလည်း စီးပွားရေးကျဆင်းမှုက လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံကို ဂယက်ရိုက်ခတ်တာကြောင့် ဒီလို ဥပုသ်ကာလတွေမှာ အရောင်းအဝယ်တွေနဲ့ စည်ကားနေတဲ့ ဈေးတွေမှာလည်း အရင်လောက် မစည်ကားတော့ဘူးလို့ ပြောပါတယ်။

" မြန်မာပြည်ရဲ့ စီးပွားရေးကတော့ ဟိုး ထိပ်ကနေ စပြီးတော့ကွာ၊ ချမ်းသာတဲ့လူကနေ ဟို အောက်ခြေလူတန်းစားထိဆိုရင် စီးပွားရေးက လုံးဝကို ဇီးရိုးဖြစ်နေတာလေ ဒီကာလက။ ကုန်ဈေးနှုန်းတွေက တက်၊ အရင်က ဒီလိုနေ့မျိုးတွေဆိုရင် ဈေးတွေက အရမ်းစည်ကားတာ လူတွေက ဝယ်ကခြမ်းကြနဲ့ ၊ အခုဆိုရင် ဈေးမှာ အရင်ကထက် ၃ ပုံ ၁ ပုံလောက်ပဲ ရှိတော့တယ်။ အဲဒီတော့ နည်းနည်း အဆင်ပြေတဲ့ လူမျိုးပဲ ဝယ်စားနိုင်တော့တယ်။ အောက်ခြေ လူတန်းစားက မျှော်လင့်ချက်လုံးဝ မရှိဘူး။ ဘာလို့လည်းဆိုတော့ ရန်ကုန်မှာ စီးပွားရေးက မတရား ကျတာလေ။ "

နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်တာကြောင့် ရန်ကုန်မြို့မှာဆိုရင်လည်း မွတ်စလင်တွေ အတော်များများရဲ့ နေ့စဉ်လူနေမှုဘဝတွေမှာလည်း အပြောင်းအလဲတွေ ရှိလာနေပြီး အရင်လို မနေကြတော့ဘူးလို့ သူက ဆက်ပြောပြပါတယ်။

" ဗလီသွားပြီးရင် အရင်တုန်းကဆိုရင် ဟေးလားဝါးလားနဲ့ လဘက်ရည်ဆိုင် ထိုင်ကြ၊ အာလူးတွေဖုတ်ကြ .. သိလား လူတွေက အဲဒီလိုနေကြတာ။ အခုတော့ ဘယ်သူမှ အဲဒီလို မလုပ်ကြတော့ဘူး။ ဗလီသွားတယ် ဘုရားရှစ်ခိုးတယ် ပြီးရင် အိမ်ပြန်တယ်၊ ကိုယ့်အိမ်မှာပဲကိုယ် တိတ်တိတ်ဆိတ်ဆိတ် နေကြတယ်ပေါ့။ ပွဲဆိုရင်လည်း အရင်တုန်းကလို စည်းကား မနေဘူးပေါ့။ "

အစ္စလာမ် ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်ကာလက ၁ လ ကြာမြင့်တာဖြစ်ပြီး၊ ရာမာဒန် ဥပုသ်လ စတင်တဲ့ အထိမ်းအမှတ်အဖြစ် မနေ့ကတော့ အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden တို့က ဖိနှိပ်မှုဒဏ်ခံနေရတဲ့ တရုတ်နိုင်ငံက ဝီဂါ Uyghur မွတ်ဆလင်တွေ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုနဲ့ လက်တွဲဖက်တွေ သွေးစည်းညီညွတ်စွာ ရပ်တည်နေတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===















XS
SM
MD
LG