သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား စင်ကာပူ မြန်မာများ နေထိုင်ခွင့်သက်တမ်းနဲ့ ဗီဇာရရှိရေး လိမ်လည်မှုများရှိနေ


Image of Myanmar Passport
Image of Myanmar Passport

=== [[ ZAWGYI ]] ===

မလေးရှား စင်ကာပူ မြန်မာများ နေထိုင်ခွင့်သက်တမ်းနဲ့ ဗီဇာရရှိရေး လိမ်လည်မှုများရှိနေ

မလေးရှားနဲ့ စင်္ကာပူမှာ ပါမစ်သက်တမ်းတိုးဖို့ လိုင်စင်ရ မြန်မာအေးဂျင့်တွေဆီ လျှောက်ထားတာမှာ ငွေကြေးလိမ်လည် လှည့်ဖြားမှုတွေ ရှိနေကြောင်း အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ဗွီအိုအေကို ပြောပါတယ်။ ဒါဟာ ၂၀၂၁နောက်ပိုင်းမှာ ဒီနိုင်ငံတွေကို အလုပ်ရဖို့ ထွက်လာကြတဲ့ မြန်မာနိုင်ငံသား အများအပြား ကြုံနေရတဲ့ အခြေအနေဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရဲမွန်က ပြောပြမှာပါ။

မလေးရှားအစိုးရရဲ့ နေထိုင်ခွင့်ပါမစ်ကို လျှောက်ထားပေးနေတဲ့ မြန်မာနိုင်ငံသားပိုင် လိုင်စင်ရ အေးဂျင့်ကုမ္ပဏီတချို့ဟာ မြန်မာနိုင်ငံသား အများအပြားကို ပါမစ်သက်တမ်း မတိုးပေးဘဲ ငွေကြေးလိမ်လည် လှည့်ဖြားနေကြောင်း အလုပ်သမားရေး အဖွဲ့အစည်းတချို့က ပြောပါတယ်။ မြန်မာနိုင်ငံသားအချင်းချင်း လိမ်လည်မှုအတွက် ဒီကုမ္ပဏီတွေကို အလုပ်သမားရေး အဖွဲ့တွေက တရားစွဲဆိုမှုတွေ ရှိနေတာပါ။ တချို့ ကုမ္ပဏီတွေဟာ အလုပ်သမား အမြောက်အများဆီကနေ မြန်မာငွေ သိန်းထောင်ချီနီးပါးကို လိမ်လည်ခဲ့ကြတာပါ။

ဒီလို ငွေကြေးလိမ်လည် ခံရတဲ့ကိစ္စတွေကို မြန်မာသံရုံးအပါအဝင် ဘယ်အဖွဲ့အစည်းကမှ ဖြေရှင်းမပေးတာကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ရှိနေကြောင်း မြန်မာရွှေ့ပြောင်း လုပ်သားများကော်မတီ (မလေးရှား)ရဲ့ ဥက္ကဋ္ဌ ဒေါ်သူဇာမောင်က ဗွီအိုအေကို ပြောပါတယ်။

"မလေးရှားနိုင်ငံမှာရှိသော အေးဂျင့်ကြီးများကတော့ ဂုတ်သွေးစုပ်တယ်၊ ခေါင်းပုံဖြတ်တယ်၊ မာဖီးယားဆန်ဆန်ပေါ့။ လက်ရှိမှာ Mr. Myo ဆိုတဲ့သူက တော်တော်ဆိုးတာ။ ကျမရုံးက လူအယောက်၂၀နီးပါးလောက်ကို လိမ်ထားတယ်။ တယောက်ကို သိန်း ၆၀နဲ့ တွက်ကြည့်လိုက်ရင် ဘယ်လောက်လိမ်ထားလဲ တွက်ကြည့်လို့ရတယ်။ လွန်ခဲ့တဲ့၂ရက်ကပဲ အမှုကို သေချာတည်ဆောက်ပြီး မလေးရှားနိုင်ငံ တည်ဆဲဥပဒေအရ ရဲစခန်းကို Report လုပ်ပေးခဲ့တယ်။ အခုအချိန်ထိတော့ ဒီနိုင်ငံရဲ့အမှုမှာ လိမ်လည်မှုအဖြစ် သွတ်သွင်းထားတယ်ပေါ့။"

အလားတူ စင်္ကာပူနိုင်ငံမှာလည်း မြန်မာ အေးဂျင့်ကုမ္ပဏီတွေက ငွေကြေး လိမ်လည်နေကြပါတယ်။ ဒါ့အပြင် စင်္ကာပူမှာ အလုပ်ရမယ်ဆိုပြီး ပြည်တွင်းကလူတွေကို လိမ်လည် ငွေတောင်းနေတာတွေလည်း ပိုမို များပြားလာကြောင်း မြန်မာ ရွှေ့ပြောင်းလုပ်သားများအဖွဲ့ (စင်္ကာပူ) က ဦးအေးငြိမ်းက ဗွီအိုအေကို ပြောပါတယ်။

"ဗမာပြည်က အခြေအနေတွေကြောင့် ဗမာပြည်ကနေ ဒီဘက်ကို ထွက်လာချင်တဲ့သူတွေ အများကြီးရှိတယ်။ အဲဒီအပေါ်မှာ လူတွေက အခွင့်ကောင်းယူပြီးတော့ လုပ်စားကြတာ။ အေးဂျင့်မဟုတ်ဘဲ အေးဂျင့်လိုလုပ်ပြီးတော့ စင်္ကာပူကို ပိုက်ဆံယူပြီး ခေါ်တယ်၊ ကောင်မလေးတယောက်တောင် စင်္ကာပူဒေါ်လာ ၂၆၀၀ (ကျပ်သိန်း၄၀ကျော်) တောင်းတယ်၊ ဘယ်လောက်အထိ ဆိုးလဲဆိုတော့ လေယာဉ်လက်မှတ်အတု ပို့ပေးပြီးတော့ ၁၃ရက်မှာ လာရမယ်ဆိုပြီးတော့။ လေယာဉ်ကွင်းရောက်တော့ နင့်လေယာဉ်လက်မှတ်က အတုကြီးဆိုတော့ အဲဒါနဲ့ မျက်ရည်လေးနဲ့ ပြန်လာရတယ်။"

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာသံရုံးတွေရဲ့ ဖြေရှင်းပေးမှု ကြန့်ကြာတာတွေကို အများစုက ဝေဖန်နေကြပါတယ်။ မလေးရှားက မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အခါမှာ နောက်နှစ် ၂၀၂၄အထိ ရက်ချိန်းပေးတာတွေကြောင့် မလေးရှားအစိုးရရဲ့ ပါမစ်လျှောက်ထားဖို့ပါ အခက်အခဲရှိနေကြတာပါ။

မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနကတော့ RTK 2.0 လို့ခေါ်တဲ့ တရားဝင် နေထိုင်၊ အလုပ်လုပ်ခွင့် ပါမစ်ကို နိုင်ငံခြားသားတွေအတွက် အခုနှစ် ဇန်နဝါရီ ၂၇ရက်ကစပြီး ထုတ်နေပေးပါတယ်။ အခု ၂၀၂၃ ဒီဇင်ဘာလ ၃၁ရက် နောက်ဆုံးထားပြီး လျှောက်ထားကြဖို့လည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ====










XS
SM
MD
LG