သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား အတိုက်အခံခေါင်းဆောင် အကျဉ်းထောင်တွင်း ကျန်းမာရေးဆိုးဝါး


FILE PHOTO: Jailed Russian opposition leader Alexei Navalny is seen on a screen during a court hearing in Moscow
FILE PHOTO: Jailed Russian opposition leader Alexei Navalny is seen on a screen during a court hearing in Moscow

=== [[ ZAWGYI ]] ===

ရုရှား အတိုက်အခံခေါင်းဆောင် အကျဉ်းထောင်တွင်း ကျန်းမာရေးဆိုးဝါး

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ဆန့်ကျင်နေတဲ့ ရုရှားနိုင်ငံထဲက အထင်ရှားဆုံး အတိုက်အခံ နိုင်ငံရေးသမား အလက်ဇီ နာဗယ်လ်နီဟာ ထောင်ထဲမှာ ဆန်းပြားတဲ့ ဝေဒနာတမျိုး ခံစားနေရပြီး ၂ ပတ်အတွင်း ကိုယ်အလေးချိန် ၁၇ ပေါင်ကျော် ကျသွားခဲ့တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောပါတယ်။ ဒါဟာ တဖြည်းဖြည်းချင်း အာနိသင်ပြတဲ့ အဆိပ်တမျိုးသင့်တဲ့ ဒဏ် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နာဗယ်လ်နီကို မော်စကိုမြို့အရှေ့ဘက် ၁၁၅ မိုင်လောက် အကွာမှာရှိတဲ့ မယ်လက်ခ်ကိုဗိုမြို့ က အမြင့်ဆုံးလုံခြုံရေး ချထားတဲ့ IK-6 ပြစ်မှုဆိုင်ရာ အကျဉ်းထောင်မှာ ထိန်းသိမ်းထားတာပါ။ အဲဒီမှာ သောကြာနေ့ ညပိုင်းက အရေးပေါ်လူနာတင်ယာဉ် ခေါ်ခဲ့ရတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ကီယာ ရာမက်ရှ်က တွစ်တာ လူမှုကွန်ရက်က ဗီဒီယိုဖိုင်တခုမှာ ပြောပါတယ်။ ဗိုက်နာတဲ့ ဝေဒနာ ရုတ်တရက်ရခဲ့တယ် ဆိုပါတယ်။ ဗိုင်းရပ်စ်ပိုးတခုအတွက် ပဋိဇီဝဆေးတွေနဲ့ ကုသခံရပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကလည်း အလားတူ ဗိုက်နာတဲ့ဝေဒနာ ခံစားခဲ့ရဖူးတယ်လို့ ပြောပါတယ်။

အရင်တုန်းက နာဗယ်လ်နီကို ထောင်ဆရာဝန်တွေက အမျိုးအမည် ထုတ်မပြောတဲ့ ‌ဆေးတွေ ထိုးသွင်းဖူးပါတယ်။ အဲဒီအချိန်တုန်းက ဖြည်းဖြည်းချင်း အဆိပ်သင့်စေတဲ့ ဆေးတွေ ထိုးခံခဲ့ရတာမျိုး ဖြစ်နိုင်တာကို ထည့်သွင်းစဉ်းစား ရမှာဖြစ်ပြီး ဒီလိုနည်းနဲ့ လူတွေ သိပ်သတိမပြုမိဘဲ ဖြည်းဖြည်းချင်း အသတ်ခံရတာမျိုး ဖြစ်သွားနိုင်တယ်" လို့ ရာမက်ရှ်က တွစ်တာမှာ ရေးထားပါတယ်။

“ဆေးကုသမှု မရဘဲ ပြင်းထန်တဲ့နာကျင်မှုနဲ့ ပြစ်ဒဏ်ပေးတဲ့ အကျဉ်းခန်းထဲမှာ ချုပ်နှောင်ခံနေရတယ်” လို့ ရာမက်ရှ်က ဆိုပါတယ်။

နာဗယ်လ်နီရဲ့ တွစ်တာ စာမျက်နှာမှာလည်း သူ့ကို တစ်ယောက်တည်း သီးသန့် တိုက်ပိတ် အကျဉ်းချထားပြီး “ငရဲ တမျှ ဆိုးရွားတဲ့" အခြေအနေတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

အဆိပ်ခတ် ခံရနိုင်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရုရှား အစိုးရအဖွဲ့ကို ရိုက်တာသတင်းဌာနက မေးမြန်းရာမှာတော့ သူတို့အနေနဲ့ မသိရှိဘူးဆိုပြီး၊ ဒီကိစ္စက ဖက်ဒရယ်အကျဉ်းဦးစီးဌာနနဲ့သာ က်ဆိုင်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။

ညှဉ်းပန်းနှိပ်စက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အကျဉ်းဦးစီးဌာနဘက်က အရင်က အမြဲ ငြင်းဆိုခဲ့ပြီး လိုအပ်ရင် သူ့အနေနဲ့ ဆေးကုသမှုခံယူခွင့် ရတယ်လို့ ဆိုပါတယ်။ အခု နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့တော့ အကျဉ်းဦးစီးဌာနက တစုံတရာ မှတ်ချက်ပြု တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

နာဗယ်လ်နီရဲ့ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာနေတဲ့အတွက် အလွန်စိုးရိမ်ကြောင်း ဂျာမန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောထားပါတယ်။

ရှေ့နေဟောင်း တဦးဖြစ်တဲ့ နာဗယ်လ်နီဟာ လိမ်လည်မှုနဲ့ တရားရုံးကို မထီမဲ့မြင်ပြုမှုတွေနဲ့ ထောင်ဒဏ် ၁၁ နှစ်ခွဲ တပေါင်းတည်း ကျခံနေရတာပါ။ ပူတင် အစိုးရကို အမြဲဝေဖန်လေ့ရှိတဲ့ သူ့ကို နှုတ်ပိတ်စေချင်လို့ အခုလို စွပ်စွဲချက်တွေနဲ့ ပြစ်ဒဏ်တွေ ချမှတ်တာလို့ နာဗယ်လ်နီက ပြောပါတယ်။

သမ္မတ ပူတင်နဲ့ အပေါင်းအပါ အထက်တန်းလွှာတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို မီးမောင်းထိုးပြပြီး ဝေဖန်လေ့ရှိတဲ့ နာဗယ်လ်နီကို ထောက်ခံသူတွေကတော့ 'ရုရှားနိုင်ငံရဲ့ မန်ဒဲလား' အဖြစ် မှတ်ယူထားကာ တချိန်ချိန်မှာ ထောင်ကလွတ်လာပြီး တိုင်းပြည်ကို ဦးဆောင်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

တဖက်မှာလည်း ရုရှားအာဏာပိုင်တွေက နာဗယ်လ်နီနဲ့ သူ့အပေါင်းအပါ နောက်လိုက်တွေကို တိုင်းပြည်ကို မတည်မငြိမ်ဖြစ်စေဖို့ ကြိုးပမ်းနေတဲ့ အမေရိကန် CIA ထောက်လှမ်းရေး ချိတ်ဆက် အစွန်းရောက်ဝါဒီတွေ အဖြစ် သတ်မှတ်ပြီး လှုပ်ရှားမှုတွေကို တားမြစ်လို့ သူ့နောက်လိုက် အတော်များများဟာ ရုရှားနိုင်ငံပြည်ပကို ထွက်ပြေးနေရပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===













XS
SM
MD
LG