သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-ယူကရိန်း နှစ်ဘက်စလုံးကို လက်နက်မရောင်းဖို့ တရုတ် အာမခံ


German Foreign Minister Annalena Baerbock vs Chinese Foreign Minister Qin Gang
German Foreign Minister Annalena Baerbock vs Chinese Foreign Minister Qin Gang

=== [[ ZAWGYI ]] ===

ရုရှား-ယူကရိန်း နှစ်ဘက်စလုံးကို လက်နက်မရောင်းဖို့ တရုတ် အာမခံ

ယူကရိန်းမှာဖြစ်ပွါးနေတဲ့ စစ်ပွဲအတွက် ရုရှားကိုရော ယူကရိန်းကိုပါ လက်နက်ရောင်းချမှာ မဟုတ်ဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Qin Gang ချင်ဂန်းက သောကြာနေ့မှာ ပြောလိုက်ပြီး ရုရှားကို စစ်ရေးအရ အကူအညီတွေ ပေးအပ်နိုင်တယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စိုးရိမ်ချက်တွေကို တုံ့ပြန်လိုက်ပါတယ်။

အနောက်နိုင်ငံတွေက ရုရှားအပေါ် အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်မှုအတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီး အထီးကျန်နိုင်ငံ ဖြစ်စေဖို့ ကြိုးပမ်းနေချိန်မှာ တရုတ်ဟာ ဒီပဋိပက္ခမှာ ကြားနေအဖြစ် ဆက်လက်ရပ်တည်ကြောင်း ပြသတာ ဖြစ်ပါတယ်။ တဖက်မှာလည်း ရုရှားကို နိုင်ငံရေး၊ စီးပွားရေးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးအရ ကျောထောက်နောက်ခံ ပြုပေးထားပါတယ်။

ချင်ဂန်းဟာ ရုရှားကို လက်နက်ရောင်းချမှုနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုလာတဲ့ တရုတ်အဆင့်အမြင့်ဆုံး အရာရှိဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အရပ်ဖက်နဲ့ စစ်ဖက်သုံး ပစ္စည်းတွေအပါအဝင် ကုန်ပစ္စည်း တင်ပို့မှုကိုလည်း ထိန်းညှိသွားမယ်လို့ ဆိုပါတယ်။

“စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ တင်ပို့မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက အဘက်ဘက်ကနေ သေချာစဉ်စား ပြီး တာဝန်ခံမှု တာဝန်ယူမှု ရှိရှိ လုပ်ဆောင်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းက တရုတ်ကို အလည်အပတ်ရောက်ရှိနေတဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock နဲ့အတူ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာပါ။

ယူကရိန်း ရုရှား ပဋိပက္ခမှာ ငြိမ်းချမ်းတဲ့ အဖြေရှာဖွေဖို့ တရုတ်နိုင်ငံရဲ့ လိုလားချက်ကိုလည်း ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီ သတင်းစာရှင်းလင်းပွဲမှာ ချင်ဂန်းက ဒေသတွင်း တင်းမာမှုတွေ တိုးမြင့်လာနေတာအပေါ် ထိုင်ဝမ်အစိုးရကိုလည်း အပြစ်တင်ခဲ့ပါတယ်။ ထိုင်ဝမ်က သီးခြား လွတ်လပ်တဲ့နိုင်ငံအဖြစ် ကြိုးစားနေချက်နဲ့ အမေရိကန်ကို နာမည်တပ် မပြောပေမယ့် နိုင်ငံခြားတိုင်းပြည်တွေက ထိုင်ဝမ်ကို ပံ့ပိုးပေးနေတာတွေက တင်းမာမှုတွေရဲ့ အကြောင်းရင်းပဲလို့ တရုတ်နိုင်ငံခြားရေးက ဝေဖန်ခဲ့ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို သူပိုင်အဖြစ် အမြဲ သတ်မှတ်ထားပြီး ထိုင်ဝမ် သမ္မတရဲ့ အမေရိကန်ခရီးစဉ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်ကျွန်းနားမှာ အကြီးစား စစ်ရေးလေ့ကျင့်မှုတွေ သိပ်မကြာခင်က လုပ်ခဲ့ပါတယ်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock ကတော့ နိုင်ငံတကာ ကုန်သွယ်ရေကြောင်း အများအပြား ဖြတ်သန်းရာ ထိုင်ဝမ်ရေလက်ကြားက ပဋိပက္ခဟာ ကမ္ဘာကြီးတခုလုံး ဘေးဥပဒ် ဖြစ်စေနိုင်တယ်လို့ သတိပေးခဲ့ပြီး တင်းမာမှုတွေ တိုးလာနေတာအပေါ် စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ ထိုင်ဝမ်အရေးဟာ "တရုတ်ပြည်တွင်းရေးကိစ္စ" သာ ဖြစ်တယ်ဆိုပြီး စိုးရိမ်ချက်တွေကို ပယ်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===










XS
SM
MD
LG