သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရောက် မြန်မာကျောင်းသားတွေရဲ့ မြန်မာ့အရေးလှုပ်ရှားမှု


အမေရိကန်နိုင်ငံ မင်နီဇိုးတားပြည်နယ်က စိန်ပေါကောလိပ်မှာရှိတဲ့ မြန်မာနဲ့ နိုင်ငံတကာ ကျောင်းသားများ (Photo: C J)
အမေရိကန်နိုင်ငံ မင်နီဇိုးတားပြည်နယ်က စိန်ပေါကောလိပ်မှာရှိတဲ့ မြန်မာနဲ့ နိုင်ငံတကာ ကျောင်းသားများ (Photo: C J)

ကန်ရောက် မြန်မာကျောင်းသားတွေရဲ့ မြန်မာ့အရေးလှုပ်ရှားမှု


အမေရိကန်နိုင်ငံ မင်နီဇိုးတားပြည်နယ်က စိန်ပေါကောလိပ်မှာရှိတဲ့ မြန်မာကျောင်းသားတွေက မကြာသေးခင်ကပဲ မြန်မာယဉ်ကျေးမှုအဖွဲ့ - Myanmar Culture Club ကို ဖွဲ့စည်း တည်ထောင်လိုက်ပါတယ်။ ဒါ့အပြင် ဒေသတွင်းက မြန်မာလူငယ်တွေကိုပါ စုစည်းပြီး မြန်မာလူငယ်အဖွဲ့ Burmese Youth Association ကိုလည်း ဖွဲ့စည်းခဲ့တာပါ။ ပညာသင်ကြားရင်း မြန်မာနိုင်ငံ့အရေး နိုင်ငံတကာက သိလာအောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဗီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားတာကို တင်ပြပေးမှာပါ။


မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်ပကို ပညာသင်ဖို့ လာရောက်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး အခုလိုဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ ဒါဟာ မင်နီဇိုးတားပြည်နယ်ကို ရောက်လာတဲ့ မြန်မာပညာတော်သင် ကျောင်းသားတွေထဲမှာတော့ ပထမဦးဆုံး အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းအနေနဲ့ ဘာတွေလုပ်သလဲဆိုတာကိုတော့ Myanmar Culture Club ရဲ့ဥက္ကဌ ကိုသူရက အခုလိုပြောပြပါတယ်။

" Saint Paul College မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေ အများကြီး ရှိပါတယ်။ အများစုက နိုင်ငံတကာက ကျောင်းသားကျောင်းသူတွေ ဖြစ်တယ်။ မြန်မာပြည်က ကျောင်းသားကျောင်းသူတွေကိုတော့ လူသိနည်းကြပါတယ်၊ အဲဒါကြောင့် မြန်မာပြည်ဆိုတာ ဘာလဲ ၊ မြန်မာကျောင်းသားတွေဆိုတာ ဘယ်သူတွေလဲ ၊ မြန်မာပြည်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ဝေမျှချင်တယ်။ တခြား ကျောင်းသူကျောင်းသားတွေ သိအောင်ပြောပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ မြန်မာကျောင်းသား အယောက်၂၀ နဲ့ Myanmar Culture Club ကို ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်းတုန်းကလည်း Saint Paul Collegeက ကျနော်တို့ကို အများကြီး အကူညီပေးခဲ့ပါတယ်။ "

Myanmar Culture Club အနေနဲ့ မေလ၂ ရက်နေ့က အတာသင်္ကြန်ပွဲတော်ကို အင်္ဂလိပ်လိုကော မြန်မာလိုပါ သံချပ်တွေထိုးပြီး ကျောင်းတွင်း ဖျော်ဖြေပွဲတွေ လုပ်ခဲ့ပါတယ် ။

ကျောင်းတွင်းလှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့ပုံကိုတော့ အဲဒီအဖွဲ့မှာ communicator အဖြစ် တာဝန်ယူထားတဲ့ Saw William Chan ကအခုလို ‌ပြောပြပါတယ်။

" ကျနော်တို့ကတော့ Myanmar Culture Clubအနေနဲ့ ကတော့ ပထမဆုံးအနေနဲ့ ၂၃ ရက်နေ့ ၃ လပိုင်း ၂၀၂၃ မှာတော့ ကျနော်တို့ ကလပ်ဖွဲစည်းတာကို မိတ်ဆက်ပေးပါတယ်၊ ၂ ရက်နေ့ ၅ လပိုင်းမှာလည်း သင်္ကြန်ပွဲကို ကျင်းပခဲ့တယ်။ မြန်မာနှစ်သစ်ကူး သင်္ကြန်ကို မိတ်ဆက်ပေးပြီးတော့ ကျနော်တို့က မြန်မာနိုင်ငံအကြောင်းတွေကို ပြောပြခဲ့ပါတယ်။ တနည်းအားဖြင့်တော့ ကျနော်တို့ မြန်မာပြည်က အခြေအနေတွေကို ပြန်ပြီး ဝေမျှချင်တာကြောင့်ဖြစ်ပါတယ်။ "

Myanmar Culture Club ရဲ့ ဒုဥက္ကဌ မချောစုသူဇာ ကတော့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသွားဖို့ အစီစဉ်တွေကို လည်းပြောပြပါတယ်။

" တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ကိုကတော့ ကျမတို့ Burmese Youth Association အောက်က နေ အကောင်အထည် ဖော်ဖို့ရှိတယ်။ တခြား နွေဦးတော်လှန်ရေး လှုပ်ရှားမူတွေကို ထဲထဲဝင်ဝင် ဆောင်ရွက်သွားဖို့ရှိပါတယ်။ "

အဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ Seng Lon Mai ကတော့ သူတို့ အဖွဲ့အစည်းအနေနဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမူတွေကို‌ ကျောင်းပြင်ပက လူငယ်တွေ ပါဝင်နိုင်အောင် Burmese Youth Association ကိုလည်း ဖွဲ့စည်းထားပြီး လှုပ်ရှား ဆောင်ရွက်နေတဲ့အကြောင်း ပြောပြပါတယ်။

" ကျမတို့ ကျောင်းသားတွေအနေနဲ့ ကျောင်းပြင်ပမှာတော့ နွေဦးတော်လှန်ရေးအတွက် ထိထိရောက်ရောက် ပါဝင်ချင်တဲ့အတွက် အဲဒီ Association ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ "

Burmese Youth Association ကိုကော Myanmar Culture Club ကိုကော ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ Myanmar Culture Club ကတော့ ကျောင်းသားကျောင်းသူ ၂၀ ကျော် ရှိပါတယ်။ Burmese Youth Association ကတော့ ကျောင်းပြင်ပက လူငယ်တွေကိုပါ စည်းရုံးပြီး ကျယ်ကျယ်ပြန့်ပြန့် စုစည်းမယ့် အဖွဲ့အစည်းဖြစ်ပါတယ်။

ဒီကျောင်းသားကျောင်းသူတွေဟာ နွေဦးတော်လှန်ရေးအပြီး မြန်မာပြည်မှာ အကြမ်းမဖက် အာဏာဖီဆန် စီဒီအမ်လုပ်လာတဲ့ ကျောင်းသားကျောင်းသူတွေဖြစ်ပြီး မြန်မာအရေးကို ကမ္ဘာက ပိုအာရုံစိုက်လာအောင် မြန်မာကို နိုင်ငံတကာက အကူညီတွေပေးအောင် စည်းရုံးလှုံဆော်မှုတွေ လုပ်သွားမယ်လို့လည်း ပြောဆိုပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG