သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်း မိုခါ ရခိုင်ပြည်နယ် ကုန်းတွင်းဝင်ရောက်


ဆိုင်ကလုံးမိုခါဝင်ရောက်ပြီးနောက် ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြင်ကွင်း (မေ ၁၄၊ ၂၀၂၃)
ဆိုင်ကလုံးမိုခါဝင်ရောက်ပြီးနောက် ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြင်ကွင်း (မေ ၁၄၊ ၂၀၂၃)

အင်အားအလွန်ပြင်းထန်တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းရဲ့ ဗဟိုချက်ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်လာပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မြောက်ဖက်ကနေ စတင်ဖြတ်ကျော်ပြီး မုန်တိုင်းတစ်ခုလုံးအနေနဲ့ ဒီနေ့ ညပိုင်းလောက်မှသာ ဖြတ်ကျော်ပြီးသွားနိုင်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားပါတယ်။ မုန်တိုင်းကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်ခဲ့တဲ့ စစ်တွေမြို့မှာ အပျက်အစီးတွေလည်း များခဲ့တာပါ။ ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ၁၄ရက်နေ့ မနက်ပိုင်းမှာ မုန်တိုင်းဟာ စစ်တွေ့မြို့အနီးကနေ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း ၁၀နာရီခွဲအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ မုန်တိုင်းဗဟိုချက်ဟာ မွန်းလွဲပိုင်းအချိန်မှာ စစ်တွေမြို့ မြောက်ဖက်ကနေ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်မှာဖြစ်ပြီး လေတိုက်နှုန်းဟာ ဒီနေ့ ညပိုင်းအထိ ဆက်လက် ပြင်းထန်နေနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှုး ဦးလှထွန်းက VOA ကို ပြောပါတယ်။

“မုန်တိုင်းဗဟိုချက်ကတော့ ကမ်းနားမေးတင်နေပြီပေါ့။ သူကတော့ လက်ရှိ စစ်တွေရဲ့ မြောက်ဖက်လောက်မှာ ဝင်မယ့်အနေအထားရှိတာပေါ့။ ဗဟိုချက်က။ မုန်တိုင်းက ရှေ့ပိုင်းဖြတ်မယ်။ ပြီးရင် ဗဟိုချက်ဖြတ်မယ်။ ဗဟိုချက်ဖြတ်တဲ့အချိန်မှာ လေငြိမ်မယ်။ လေငြိမ်ပြီးရင် နောက်ဘက်ပိုင်း ထပ်ပြီးတော့ လာအုံးမယ်။ နောက်ဘက်ပိုင်းကလည်း လေပြင်းမယ်။ မုန်တိုင်းရဲ့သဘောတရားအရ မုန်တိုင်းအဆောက်အအုံတစ်ခုလုံးဖြတ်ပြီးမှသာလျှင် လေက နည်းနည်းငြိမ်သွားတယ်။ ဒါတောင်မှ လုံး၀ ငြိမ်သွားတာတော့ မဟုတ်ဘူး။ အဲတော့ မုန်တိုင်းအဆောက်အအုံတစ်ခုလုံး ဝင်သွားဖို့က အချိန်စောင့်ရပါအုံးမယ်။ ညလောက်မှ အဆောက်အအုံတစ်ခုလုံးကြီး ကုန်းထဲကို ဝင်မယ့်အနေအထား ရှိတာပေါ့။”

ဆိုင်ကလုန်း မိုခါဟာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ကနေ ၁၃၇ မိုင်နှုန်းရှိနေတာဖြစ်ပြီး ကုန်းတွင်းပိုင်းဝင်ရောက်တဲ့အခါမှာလည်း အားအလွန်ကောင်းတဲ့ မုန်တိုင်းအဖြစ် ဆက်လက် တည်ရှိနေအုံးမှာဖြစ်ပါတယ်။ ဒါကြောင့် မုန်တိုင်းလမ်းကြောင်းမှာ ကျရောက်တဲ့ မြို့တွေ၊ ရွာတွေတော့ ထိခိုက်မှု ရှိနိုင်ကြောင်း ဦးလှထွန်းက ဆက်ပြောပါတယ်။

“ရခိုင်ကမ်းရိုးတန်းကုန်းထဲကို ရောက်သွားပြီး ဆက်ပြီး ရွေ့မယ့်အနေအထားမှာလည်း ဒီ အားကောင်းတဲ့ မုန်တိုင်းအဖြစ်နဲ့ပဲ ဆက်ပြီး ရွေ့အုံးမှာ။ နောက်ကျမှာ တဖြည်းဖြည်းနဲ့ အားပျော့သွားမှာ။ စစချင်း ဝင်ဝင်သွားချင်းကတော့ အများကြီး ချက်ချင်း လျော့သွားတာမျိုးတော့ မရှိဘူး။ နောက် ကုန်းတွင်းပိုင်းကို သူရောက်လေ တဖြည်းဖြည်းနဲ့ အားလျော့သွားလေဖြစ်မှာ အဲဒီလို။ သူ့လမ်းကြောင်းတလျောက် ကျနော်တို့ ပေးထားတာ ရှိတယ်။ မကွေးတို့၊ စစ်ကိုင်းတို့၊ ချင်းတို့ပေါ့နော်။ အဲဒီလို လမ်းကြောင်းဖြတ်မယ်ဆိုတော့ အဲဒီလမ်းကြောင်းမှာရှိတဲ့ မြို့တွေ၊ ရွာတွေကတော့ ထိခိုက်မှုရှိအုံးမှာပေါ့နော်။”

စစ်တွေအပါအဝင် မုန်တိုင်းဗဟိုချက် မကျတဲ့နေရာတွေကတော့ လေပိုမိုပြင်းထန်တဲ့ အခြေအနေရှိနေကြာင်း လည်း ပြောပါတယ်။

“စစ်တွေကို ဒဲ့ မဖြတ်ပါဘူး။ စစ်တွေတို့ ဘာတို့က မုန်တိုင်းဗဟိုချက်ရဲ့အောက်ကျပေမဲ့လို့ အဲဒီ အောက်ကျတဲ့နေရာတွေက ပိုပြီးတော့ လေတိုက်နှုန်းပြင်းတဲ့ အနေအထားရှိတယ်။ အခုတော့ စစ်တွေက တော်တော်လေပြင်းနေတဲ့အနေအထားရှိတယ်။”

စစ်တွေမြို့က လူမှုကူညီရေးဆောင်ရွက်သူ စာရေးဆရာဝေဟင်အောင်ကတော့ သူ့ဘဝသက်တမ်းမှာ ပထမဆုံး အဆိုးဝါးဆုံး မုန်တိုင်းနဲ့ ကြုံတွေ့ရတာဖြစ်တယ်လိုု့ ပြောပါတယ်။

“ စစ်တွေအခြေအနေက တော်တော်ကို ဆိုးတယ်။ ကျနော်တို့ သက်တမ်းတလျောက်မှာ ဒီလောက်ဆိုးတဲ့မုန်တိုင်း တစ်ခါမှ မကြုံဖူးဘူး။ ဒါ ပထမဦးဆုံးပဲလို့ ပြောလို့ ရတယ်။ ”

စစ်တွေမြို့မှာ ဒီနေ့ မနက်ပိုင်း ၇နာရီလောက်ကစတင်ပြီး လေပြင်းတွေ စတင်တိုက်ခိုက်ခဲ့ရာက ၁၁နာရီလောက်မှာ အပြင်းအထန် တိုက်လာကြောင်း ပြောပါတယ်။စစ်တွေမြို့အတွင်း ပျက်ဆီးမှုအခြေအနေကိုတော့ အခုလို ဆက်ပြောပါတယ်။

“ခေါင်မိုးတော်တော်များများကအမိုးမရှိတော့ဘူး။ အမိုးတွေ အကုန်လုံး လန်သွားပြီ။ အပင်တွေ အတော်များများကျိုးသွားပြီ။ အိမ်ရှေ့ကြည့်လိုက်ရင် ဓါတ်ကြိုးတွေပေါ့။ ပျက်ဆီးပြီးတော့ ပလဲနေတယ်။ အခု လက်ရှိ အခြေအနေအရ ဆိုရင် ဒီရေက တက်လာတယ်။ ဒီရေက လက်ရှိ ကျနော်တို့အိမ်ရှေ့ ရေမြောင်းထဲကို ရောက်နေပြီ။ မြေနိမ့်ပိုင်းဒေသတွေကို စဝင်တယ်လို့ ပြောလို့ ရတယ်။ ဘယ်လောက်အခြေအနေဆိုတာက ပြောရခက်တယ်ဗျ။ ဒီအချိန်မှာ အပြင်ကို ထွက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။”

မိတ်ဆွေတွေနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ ဆက်သွယ်ရေးတာဝါတိုင်ကျိုးသွားကြောင်းနဲ့ မုန်တိုင်းရှောင်စခန်းမှာ ရောက်နေသူအချို့ လေထဲလွင့်လာတဲ့ သွပ်ပြားနဲ့ ထိခိုက်တာ၊ သစ်ပင်ပိတာတွေရှိကြောင်း ကြားသိရတယ်လို့လည်း ပြောပါတယ်။ အခြားစစ်တွေ မြို့ခံတစ်ဦးကတော့ ဆက်သွယ်ရေးတာဝါတိုင်ကျိုးသွားတာကြောင့် ဖုန်း ခေါ်ဆိုဖို့ အခက်အခဲဖြစ်တာတွေ ရှိကြောင်း ပြောပါတယ်။

“စစ်တွေမှာကတော့ အဆောင်တွေအတော်များများပျက်ဆီးနေတာ သိရတယ်။ တာဝါတိုင်ပေါ့နော်။ ဆက်သွယ်ရေးတာဝါတိုင်ကျိုးသွားတယ်။ ဖုန်းလိုင်းတွေကလည်း သိပ်မကောင်းဘူးဖြစ်သွားတယ်။”

ဒေသတွင်း သတင်းမီဒီယာတွေမှာတော့စစ်တွေမြို့မှာ ဒီရေတက်လာတာကြောင့် ပိတ်မိနေသူတွေရှိကြောင်း၊ အရေးပေါ်ကယ်ဆယ်ဖို့ လိုအပ်ကြောင်း ဖော်ပြသလို မောင်တော၊ ဂွ၊ သံတွဲနဲ့ အခြားမြို့တွေမှာလည်း ဒီရေတက်တာ၊ ဓါတ်တိုင်တွေနဲ့ သစ်ပင်တွေပြိုလဲတာတွေ ရှိနေပါတယ်။

XS
SM
MD
LG