သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ပြည်သူတွေကိုကူညီဖို့ အိန္ဒိယရေတပ်သင်္ဘော သုံးစင်းဆိုက်ကပ်


Indian navy personnel speak to the media onboard their Shivalik-class stealth multi-role frigate, INS Satpura
Indian navy personnel speak to the media onboard their Shivalik-class stealth multi-role frigate, INS Satpura

မိုခါ ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူတွေကို အကူအညီပေးဖို့ အိန္ဒိယရေတပ်သင်္ဘော သုံးစင်းဟာ မေလ ၁၈ ရက်ကြာသာပတေးနေ့မှာ ရန်ုကုန်မြို့ကို ဆိုက်ရောက်လာပါတယ်။ Shivalik, Kamorta နဲ့ Savitri အိန္ဒိယစစ်သင်္ဘောသုံးစင်းဟာ အစားအစာ၊ ဆေးဝါး၊ ရေသန့်၊ လက်ဆွဲ မီးအားပေးစက်၊ အဝတ်အထည်နဲ့ သန့်စင်ရေးပစ္စည်းတွေ တင်ဆောင်ပြီး ဂရုဏာဆိုတဲ့ စီမံချက်နဲ့ မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ရောက်လာတာလို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။ မေလ ၁၉ ရက် ဒီနေ့သောကြာနေ့မှာတော့ နောက်ထပ် စတုတ္တမြောက် သင်္ဘောတစင်း ရန်ကုန်ကို ထပ်ရောက်လိမ့်မယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subhramanyam Jaishankar က သူ့ တွစ်တာအကောင့်မှာ ရေးပါတယ်။

တချိန်တည်းမှာတော့ မိုခါ မုန်တိုင်း ကယ်ဆယ်ရေး နိုင်ငံတကာအဖွဲ့တွေဟာ ရခိုင်ပြည်နယ်တွင်းကို ဝင်ရောက်ခွင့်ရဖို့အတွက် မြန်မာစစ်တပ်ရဲ့ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေရပါတယ်။ မုန်တိုင်းသင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိုနှိုင်းနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ပြောခွင့်ရသူက ပြောပါတယ်။

အကူအညီပေးအဖွဲ့တွေဟာ ရခိုင်ပြည်နယ်တွင်း မြေပြင်အခြေအနေတွေကို လေ့လာသုံးသပ်နေပြီး၊ ခွင့်ပြုချက်ရပြီဆိုတာနဲ့ စတင်ဆောင်ရွက်ဖို့ အဆင်သင့်ရှိနေတယ်လို့လည်း ကုလပြောခွင့်ရသူက ပြောပါတယ်။ ရခိုင်ပြည်နယ်နေရာတချို့မှာ မူလရှိပြီးသား အကူအညီပေးရေးအဖွဲ့တွေကတော့ ရခိုင်ရော ရိုဟင်ဂျာရော မုန်တိုင်ဒဏ်သင့်ပြည်သူတွေကို ကနဦးထောက်ပံ့ကူညီမှုတွေပေးနေတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း နေရာအတော်များများမှာ လျှပ်စစ်နဲ့ ဆယ်သွယ်ရေးပြတ်တောက်နေပြီး၊ လောင်စာဆီနဲ့ရေသန့်အပါအဝင် အရေးပေါ်အကူအညီအထောက်အပံ့တွေလိုအပ်နေတယ်လို့လည်း ကုလ လူသားချင်းစာနာကူညီမှုညှိုနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လူတွေကို ကူညီပေးနိုင်ဖို့အတွက် အကန့်သတ်မထားဘဲ ဝင်ရောက်ခွင့်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ဆက်သွယ်တောင်းဆိုထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Pierre Peron က ပြောပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၊ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR တို့ကလည်း သူတို့ရဲ့ အကူအညီးပေးရေး လုပ်ငန်းစဥ်တွေစတင်နိုင်ဖို့အတွက် အတည်ပြုချက်ကို စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။

မုန်တိုင်းတိုက်ပြီး ရက်ပိုင်း ကြာလာတဲ့ အထိ အကူအညီ တွေ မရောက်ရှိသေးကြောင်းနဲ့ ဒေသခံ စေတနာ့ဝန်ထမ်းတွေက အပျက်အစီးတွေကြားမှာ ပျောက်ဆုံးနေသူကို ဆက်လက်ရှာဖွေနေကြောင်း ဒေသခံ တွေကို ဆက်သွယ်မေးမြန်း ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG