သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၁၃၀ အတွင်းပထမဆုံးအဖြစ် တော်ဝင်မင်းသား တရားရုံးမှာ ထွက်ဆို 


ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ

ဗြိတိသျှတော်ဝင်မင်းသား ဟယ်ရီ အင်္ဂါနေ့ ဇွန် ၆ ရက်နေ့မှာ လန်ဒန်က အထက်တရားရုံးမှာထွက်ဆိုရမှာပါ။ Daily Mirror သတင်းစာနဲ့ အမှုဖြစ်ပြီး သူ့ရှေ့နေက တနင်္လာ နေ့က အမှုဖွင့်နိဒါန်း ပြောသွားပါတယ်။ မင်းသား ဟယ်ရီနဲ့ တခြားလူပေါင်း ၁၀၀ ကျော်က Mirror သတင်းစာအုပ်စုကို တရားစွဲတာဖြစ်ပြီး ၁၉၉၁ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်ကြားမှာ တယ်လီဖုံးကြားဖြတ်နားထောင်တာအပါအဝင် တရားမဝင် နည်းလမ်းတွေနဲ့ သူတို့သတင်းတွေရယူခဲ့တယ်ဆိုပြီး တရားစွဲထားတာပါ။ အခုတော့ မင်းသား ဟယ်ရီကိုယ်တိုင် တရားခွင်လာရောက်ရတာဖြစ်လို့ ဒီအမှုကို တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

တရားရုံးက ဒီအမှုကို အရင်လက စတင်ကြားနာတာဖြစ်ပြီး စွပ်စွဲချက်တွေကို Mirror သတင်းစာ အုပ်စုက ငြင်းဆိုပါတယ်။ သတင်းလိုက်သူတွေက တယ်လီဖုံးတွေကြားဖြတ်နားထောင်တယ် ဆိုတာတွေကိုလည်း အထက်အရာရှိတွေ မသိပါဘူးလို့ ပြောပါတယ်။

မင်းသာဟယ်ရီက ငယ်ငယ်ထဲကလည်း မီဒီယာတွေနဲ့ ပတ်သတ်ပြီး ခံစားချက် မကောင်းတာဖြစ်ပါတယ်။ သတင်းထောက်တွေအတင်းလိုက်လို့ သူ့မိခင် ထွက်ပြေးရပြီး ကားမှောက်သေဆုံးရတာအတွက် သတင်းမုဆိုးတွေကို သူက အပြစ်တင်တာပါ။ အသက်ကြီးလာမှလည်း ဗြိတိသျှသတင်းမီဒီယာက သူ့ပုဂ္ဂိုလ်ရေးထိခိုက်တဲ့ထိ စွက်ဖက်လို့ သူနဲ့ ဇနီး အမေရိကန်ထိ ပြောင်းလာရတယ်လို့ ပြောပါတယ်။

အခုမင်းသားဟယ်ရီ တရားတခွင်မှာ လာရောက်အစစ်ခံတာက ၁၈၉၀ပြည့်လွန်နှစ်ကစပြီးအခုထိနှစ်ပေါင်း ၁၃၀ ကျော်အတွင်း တော်ဝင်မိသားစုဝင်တဦး တရားရုံးမှာ ပထမဆုံး ထွက်ဆိုရတာ ဖြစ်ပါတယ်။ အဲဒါမတိုင်ခင်ကတော့ သတ္တမမြောက် အက်ဒွက်ဘုရင်ကြီး နန်းမတက်ခင် ၁၈၇၀ ခုနှစ်တွေမှာ အိမ်ထောင်ကွာရှင်းတဲ့ အမှုတခုအတွက် သက်သေအဖြစ်တရားရုံးမှာ ထွက်ဆိုခဲ့ရပြီး နောက် နှစ် ၂၀ အကြာမှာလည်းတခါ အသရေဖျက်မှုတခုအတွက် သက်သေတွက်ဆိုပေးရတာပါ။ ၂ ခါလုံးကတော့ ဘုရင်မဖြစ်ခင်က ဖြစ်ပါတယ်။

XS
SM
MD
LG