သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ကြီးမြို့နယ်တွင်း တိုက်ပွဲပြင်းထန်


စစ်ကောင်စီတပ်တွေဆီက KNLA ပူးပေါင်းတပ်တွေ သိမ်းဆည်းခဲ့တဲ့ လက်နက်များ။ (Photo Courtesy: KNU)
စစ်ကောင်စီတပ်တွေဆီက KNLA ပူးပေါင်းတပ်တွေ သိမ်းဆည်းခဲ့တဲ့ လက်နက်များ။ (Photo Courtesy: KNU)

ကျောက်ကြီးမြို့နယ်တွင်း တိုက်ပွဲပြင်းထန်

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းမှာ ဇွန်လ ၆ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။ စစ်ကောင်စီ ရဲစခန်း ၅ ခုလောက် တိုက်ခိုက် ဖျက်ဆီးတာခံခဲ့ရပြီး စစ်ကောင်စီဘက်က လူ ၄၀ လောက်ကျဆုံးတယ်လို့ ဇွန်လ ၈ရက်နေ့မှာ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းက နတ်သံကွင်း တံတားအရှေ့နဲ့ အနောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဂိတ်စခန်းနှစ်ခု အပါအဝင် ရေတွင်းကုန်းရွာ လမ်းခွဲမှာရှိတဲ့ ကင်းစခန်း၊ နတ်သံကွင်းမြို့ ရဲစခန်း ဘုံသတောစခန်း စတဲ့ စခန်း(၅)ခုကို KNLA ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်း တိုက်ခိုက်ဖျက်ဆီးတာကြောင့် စစ်ကောင်စီဘက်က လူ ၄၀ လောက် သေဆုံးကာ တဒါဇင်ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကေအန်ယူဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် စစ်လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။

" နတ်သံကွင်း တံတား ဟိုဘက်ဒီဘက်က ကင်းစခန်းတွေကိုကော လာဝင်သိမ်းတာပေါ့။ တိုက်ပွဲတွေဖြစ်ပြီးတော့ မနေ့က ၇ ရက်နေ့မှာတော့ ကေအန်ယူက သူတို့သိမ်းထားတဲ့ စခန်းတွေကို ပြန်ဆုတ်ပြီး သူ့နယ်မြေကို ပြန်ဆုတ်သွားတာပေါ့။ စစ်တပ်ကတော့ အယောက် ၄၀ ကျော်လောက် သေတယ်။ မနေ့က ၇ ရက်နေ့မှာတော့ စစ်တပ်က မုန်းဆေးရုံကို ခြေတဖက်မပါတဲ့ စစ်သားတယောက် လာတင်တယ်၊ မိုးလင်းတော့ သေသွားတယ်လို့ သတင်းရပါတယ်။ "

ကေအန်ယူဘက်က ထုတ်ပြန်တဲ့ စစ်ကောင်စီဘက်က ကျဆုံးအရေအတွက်ကိုတော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။ စစ်တပ်ဘက်က အထိနာကျဆုံးတာတွေ ရှိတယ်လို့လည်း ဒေသခံတွေဘက်က ပြောပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၄ ဦး ကျဆုံးပြီး တဒါဇင်လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ဆိုပါတယ်။

ပူးပေါင်းတပ်ဖွဲတွေဘက်က ကျောက်ကြီး-နတ်သံကွင်းတံတား၊ အုန်းနဲပင်-နယွဲပင် တံတားနဲ့ သာစည်-တာဆုံ တံတားတွေကို စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မတိုးနိုင်အောင် ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေကတော့ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဒေသခံံတွေ ရွာထဲကို မဝင်နိုင်အောင် မောင်းထုတ်တာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

" စစ်တပ်က ဝင်လာပြီး ကျန်တဲ့ရွာသား လူဦးရေ ၄ ထောင်ကျော်လောက် ကျန်နေတာကို လာပြီး မောင်းထုတ်တယ်။ "

ကေအန်ယူရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီဘက်က လေကြောင်းကနေ ၉ ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က တဒါဇင်ကျော် ဒဏ်ရာရပြီး လူ ၄၀ လောက် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ကတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG