သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလျှပ်စစ်ဖြတ်တောက်မှု ကြံ့ကြံ့ခံနေတဲ့ Casino လောင်းကစားရုံများ


ရွှေကုက္ကိုလ်မြို့သစ်
ရွှေကုက္ကိုလ်မြို့သစ်

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်အခြမ်းကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်က တရုတ်ကာစီနို မြို့သစ်စီမံကိန်းနေရာ နှစ်ခုကို ထိုင်းဖက်က လျှပ်စစ်မီးဖြတ်တောက်လိုက်ပေမယ့်၊ နယ်စပ်တလျှောက် နယ်ခြားစောင့်တပ်နဲ့ ကရင်လက်နက်ကိုင်တွေပိုင်တဲ့ ကာစီနို လောင်းကစားရုံ ၁၀ ခုထက်မနည်းကတော့ မီးရရှိပြီး ပုံမှန်လည်ပတ်နေဆဲလို့ သိရပါတယ်။ ဒီအကြောင်း ထိုင်းနယ်စပ်ကနေ မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံဘက်အခြမ်း ကရင်ပြည်နယ် မြဝတီခရိုင်တွင်း မြဝတီမြို့ကလွဲရင် ကျန်ရှိတဲ့နေရာ(၃)ခုကို ဇွန်လ ၅ရက်နေ့ ည ၁၂နာရီကျော်အချိန်ကစပြီး ထိုင်းဖက်က လျှပ်စစ်ဓါတ်အားလိုင်းပေးပို့မှု ဖြတ်တောက်ခဲ့ပေမယ့် တချို့နေရာတွေမှာတော့ မီးတွေလင်းနေဆဲဖြစ်တယ်လို့ နယ်စပ်နေ ပြည်သူတဦးကပြောပြပါတယ်။

“ထိုင်းမြန်မာနယ်စပ်က တရုတ်ကာစီနိုရုံတွေက အများကြီးပဲရှိတယ် ထိုင်းဘက်ကဖြတ်နေပေမယ့်လည်း ဟိုဘက်မှာပုံမှန်အလင်းရောင်ရှိနေတယ်။ မီးစက်နဲ့ပဲသွားနေလားမသိဘူး ဘာတွေနဲ့သွားနေလဲမသိဘူး။ အလင်းရောင်တွေရှိနေတယ် ၊ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ရုံတွေကတော့ပုံမှန်လည်ပတ်နေတုန်းပဲ။”

မယ်ထော်သလေးနဲ့ ရွှေကုက္ကိုလ်ပဲ မီးဖြတ်တာဖြစ်ပြီး ဆုံဆည်းမြိုင်၊ ဝေါလေ၊ ကျောက်ခက် ဘုရားသုံးဆူဘက် DKBA ကာစီနိုတွေ မီးတွေ မဖြတ်သေးပါဘူး။ အလားတူ နယ်ခြားစောင့်တပ်ပိုင်တဲ့ကာစီနိုတွေလည်းမီးလင်းနေတာတွေရတယ်လို့ဒေသခံတွေကဆိုပါတယ်။တိုင်းရင်းသားလက်နက်ကိုင်တွေပိုင်တဲ့ ကာစီနိုရုံတွေကတော့ တရုတ်တွေ စီမံလုပ်ကိုင်နေကြတာဖြစ်ပြီး အခွန်အခအဖြစ် တလ တရုံကို ဘတ်ငွေ ၁၂သန်းရတယ်လို့လည်း လက်နက်ကိုင်အဖွဲ့နဲ့နီးစပ်သူတွေကပြောပါတယ်။ ဒီအတွက် ဒီကာစီနိုရုံတွေ စီးပွားပျက်တဲ့အထိ လုပ်သွားမှာမဟုတ်ဘူးလို့လည်း ဝေဖန်နေသူတွေကပြောပါတယ်။

လျှပ်စစ်ဓါတ်အားကို အားပြုပြီး စီးပွားရေးလုပ်ငန်းတွေလုပ်နေတဲ့ ရွှေကုက္ကိုလ်မြို့ကို လောင်းကစားမြို့တော်လို့တောင် တင်စား ခေါ်ကြပါတယ်။ ရာဇဝတ်မှုနဲ့မကင်းတဲ့လုပ်ငန်းတွေ အများအပြားလုပ်ကိုင်နေတဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ထိုင်းလူမျိုးတွေအပါအဝင် နိုင်ငံတကာက နိုင်ငံခြားသားတွေပါ လိမ်လည်မှုလုပ်ငန်းရဲ့သားကောင်တွေဖြစ်နေရတာပါ။ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တွေက အဲဒီဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို အခွန်ပေးပြီး အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေ၊ ကာစီနိုလောင်းကစားလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမူတွေကို လုပ်နေတဲ့နေရာလည်း ဖြစ်ပါတယ်။ ထိုင်းဘက်က မီးဖြတ်ထားပေမယ့် ကာစီနိုရုံကြီးတွေကတော့ မီးတွေ လင်းနေပြီးပုံမှန်လည်ပတ်နေတာတွေရတယ်လို့ ဒေသခံက ဆိုပါတယ်။

“မီးမှိန်တဲ့တပိုင်းကတော့တချို့ကတော့ မှိန်တယ်၊ တချို့ကတော့ ဆိုလာပြားနဲ့သွားနေတယ်ထင်တယ်၊ ကာစီနိုရုံကြီးတွေကတော့ မီးမပြတ်ဘူး၊ လင်းနေတယ်။ ထိုင်းဘက်က မသွားရင် မြဝတီဘက်ကနေတဆင့် ပြန်သွားနေလားမသိဘူး။”

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ဒေသရှိ ကာစီနို မြို့သစ်စီမံကိန်းနေရာကို နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတိုက်ဖျက်ရေး အစီအစဉ်အရ တရုတ်၊ ထိုင်း၊ မြန်မာပူးတွဲပြီး အရေးယူမှုတွေ လုပ်ဆောင်မယ်လို့ထိုင်းသတင်းတွေမှာလည်း ဖော်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG