သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းလှေ တိမ်းမှောက်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ဂရိ ကယ်ဆယ်ရေးရှာဖွေ


Greece Migrants Missing
Greece Migrants Missing

ရွှေ့ပြောင်းလှေ တိမ်းမှောက်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ဂရိ ကယ်ဆယ်ရေးရှာဖွေ

ဂရိနဲ့ အီတလီကြားက Ionian ပင်လယ်ပြင်ထဲမှာ ဥရောပကို လာရောက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းအခြေချသူ ၈၀ လောက် သေဆုံးခဲ့ရတဲ့ ငါးဖမ်းလှေနစ်မြှုပ်ခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာပဲ ဂရိ ကယ်ဆယ်ရေးလုပ်သားတွေဟာ ဒီလှေနဲ့ လိုက်ပါလာသူတွေထဲက အသက်ရှင်ကျန်သူ ရှိမရှိ အပြင်းအထန် ရှာဖွေနေကြပါတယ်။

အခုချိန်အထိ လူပေါင်း ၁၀၄ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသူ ၇၈ ဦးရဲ့အလောင်းတွေကို ဆယ်ယူနိုင်ခဲ့တယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ ဒါပေမယ့် အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောကြားချက်အရ ရာနဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်ပြီး အခုချိန်အထိ ကယ်ဆယ်ခဲ့သူတွေထဲမှာ အမျိုးသမီးတွေ ကလေးငယ်တွေ မပါသေးပါဘူး။

ဒါဟာ ဂရိနိုင်ငံရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ အဆိုးဝါးဆုံးဖြစ်ရပ်တခု ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က Stella Nanou က ပြောပါတယ်။ ဒီလှေထဲမှာ ကလေးငယ် တရာလောက် ပါလာတာဖြစ်ကြောင်း အသက်ရှင်ကျန်ရစ်သူ တဦးက Kalamata ဆိပ်ကမ်းက ဆေးရုံမှာ ဆရာဝန်တွေကို ပြောပြခဲ့တာကြောင့် ဒါဟာ အတော်ခြောက်ခြားစရာ ဖြစ်ကြောင်းလည်း UNHCR က ပြောပါတယ်။ အသက်ရှင်ကျန်ရစ်သူ အများအပြားက သူတို့ဟာ မိသားစုတွေ မိတ်ဆွေတွေနဲ့ လာခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ အခြေနေက အတော် ဆိုးဝါးနေတယ်လို့လည်း ပြောပါတယ်။

ကင်းလှည့်သဘောၤ ၂ စင်း၊ ရေတပ်သင်္ဘော တစင်း၊ ရဟတ်ယာဉ် ၃ စင်းနဲ့ တခြား သဘောၤ ၉ စင်းတို့ဟာ မြေထဲပင်လယ်ထဲက အနက်ရှိုင်းဆုံး အပိုင်းဖြစ်တဲ့ Peloponnese ကျွန်းဆွယ် အနောက်ဖက်ရေပြင်မှာ ရှာဖွေနေကြဆဲပဲလို့ ကမ်းရိုးတန်းစောင့်တပ် ပြောခွင့်ရက ပြောပါတယ်။

အခုဖြစ်စဉ်အတွက် ဂရိအစိုးရက အောက်မေ့ဘွယ်နေ့အဖြစ် ၃ ရက်ကြာ သတ်မှတ်ကြောင်း ကြေညာလိုက်ပြီး ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ဝါရင့်အစိုးရရှေ့နေတဦးကို တာဝန်ပေးလိုက်ပါတယ်။ နိုင်ငံရေးပါတီတွေကလည်း ဇွန်လ ၂၅ ရက်ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် မဲဆွယ်နေမှုကို ဆိုင်းငံ့ ထားလိုက်ကြပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေထဲက အများစုဟာ ဆီးရီးယား၊ အီဂျစ်နဲ့ ပါကစ္စတန် နိုင်ငံတွေကဖြစ်ပြီး သူတို့ထဲမှာ လူကုန်ကူးသူ ပါမပါ ဂရိတာဝန်ရှိသူတွေ ရှာဖွေနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG