သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း ဆားတောင်မှာ တိုက်ပွဲပြင်းထန်


ဆားတောင်မြို့နယ် Photo - ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)
ဆားတောင်မြို့နယ် Photo - ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)

စစ်ကိုင်းတိုင်း ဆားတောင်မှာ တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်းတောင်ဘက် စစ်ကိုင်းခရိုင် ဆားတောင်မြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နေအိမ်ရာနဲ့ချီ မီးရှို့ခံခဲ့ရလို့ ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ အရပ်သား အများအပြားလည်း ဖမ်းဆီးခံထားရပြီး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဆားတောင်မြို့နယ်ထဲက အခြေအနေတွေကို ကိုရဲမွန်က ပြောပြပါမယ်။


စစ်ကိုင်းခရိုင် ဆားတောင်မြို့အနီးက ကျေးရွာတွေနားမှာ ဇွန်လ ၁၃ ရက်ကနေ ၁၅ ရက်အထိ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ စစ်တပ်ဟာ ဝက်လက်မြို့နယ်ဘက်ကနေ ဆားတောင်မြို့ဘက်ကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရင်း တိုက်ပွဲတွေဖြစ်ခဲ့တာလို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ Zero ဇီးရိုး ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူ ကိုသက်ကြီးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ၁၃ ရက် မနက်က စဖြစ်ပြီး ၁၅ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပါတယ်။ ဆားတောင် အနောက်ဖက်ခြမ်း သာဇင်ဘက်ကို ၁၃ ရက်နေ့မှာ ထိုးလာပါတယ်။ သာဇင်မှာ စပြီး ထိတွေ့တိုက်ပွဲဖြစ်တယ်။ ၁၃ ရက်နေ့ မနက် ၁၀ နာရီလောက်က စပြီးတော့ပေါ့နော်။ အဲ့မှာ ၁၄ ရက်နေ့ မနက်မှာ သာဇင်အနီးနားမှာပဲ တိုက်ပွဲတပွဲ ဆက်ဖြစ်တယ်ပေါ့နော်။ ၁၅ ရက်နေ့မှာ ပေါက်မဘက်ကို ထိုးလာတယ်။ စက်သေနတ်တွေနဲ့ အဆက်မပြတ်ပစ်တဲ့အချိန်မှာ ၁၅ ရက်နေ့ တိုက်ပွဲက တော်တော်လှပါတယ်။ ကျွန်တော်တို့ဘက်က အများကြီး သာခဲ့တယ်ပေါ့နော်။”

၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပေမယ့် သေဆုံး ဒဏ်ရာရတာနဲ့ ပတ်သက်လို့တော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။

ကာကွယ်ရေးအဖွဲ့တွေဘက် ဇီးရိုးပျောက်ကျားတပ်ဖွဲ့၊ ဆားတောင် မိုးကြိုးတပ်ဖွဲ့နဲ့ နဂါးနီတပ်ရင်း ကျောက်ဆည်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် အိမ်ခြေ ၉၀၀ နီးပါးရှိတဲ့ သာဇင်ကျေးရွာက နေအိမ် ၇၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး၊ ပေါက်မ မြောက်ရွာ တရွာလုံးနီးပါးနဲ့ ပေါက်မတောင်ရွာက နေအိမ် တဝက်နီးပါးလည်း မီးရှို့ခံခဲ့ရတဲ့အတွက် မီးလောင်ကျွမ်းခဲ့ရပါတယ်။

ဒါ့အပြင် အရပ်သား ၄၀ နီးပါးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စကိုင်းခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“လွန်ခဲ့တဲ့ ၂ ရက်က သာဇင်ကျေးရွာကို မီးဝင်ရှို့သွားပါတယ်။ မီးရှို့သွားတာတော့ အိမ်ခြေ ၇၀၀ နီးပါး ပါသွားပါတယ်။ မနေ့က ပေါက်မ မြောက်ရွာ ပေါက်မ တောင်ရွာတွေကို မီးရှို့သွားပါတယ်။ အိမ်ခြေက ပေါက်မ မြောက်ရွာက တရွာလုံးနီးပါး ကုန်သွားပါတယ်။ နောက်တခါ ပေါက်မ တောင်ရွာက တဝက်ကျော်ကျော် ကုန်သွားပါတယ်။ နေတာကတော့ တချို့ကလည်း တခြားရွာကို ပြေးသွားကြတယ်။ ကိုယ်နဲ့ဆွေမျိုးနီးစပ်သူ ခင်မင်တဲ့သူတွေဆီမှာနေတယ်။ တချို့ကျတော့လည်း ပြေးရင်းလွှားရင်း တောထဲတောင်ထဲမှာ ကိုယ့်အတွက် အဆင်ပြေနိုင်မယ့်နေရာမျိုးမှာ နေနေရပါတယ်။ လူသားဒိုင်းအဖြစ် ဓားစာခံအဖြစ် ဖမ်းထားတာလည်း အယောက် ၄၀ လောက်ရှိပါတယ်။ အဲ့မှာတော့ အယောက် ၄၀ မှာ ၂ ယောက်လောက်ပဲ ပြန်လွတ်သေးတယ်ပေါ့။”

ဆားတောင်မြို့နယ်ထဲက ကျေးရွာတွေမှာ အရင်ကလည်း တိုက်ပွဲတွေဖြစ်ပြီး နေအိမ်အချို့ မီးရှို့ခံရတာ ရှိခဲ့ပေမယ့် အခုလောက် နေအိမ်အများအပြား မီးရှို့ခံရတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်အများအပြား မီးရှို့ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ လက်ရှိအချိန်မှာ သာဇင်၊ ပေါက်မ တောင်ရွာ၊ မြောက်ရွာ အပါအဝင် အနီးနားက ကျေးရွာ ၅ ရွာနီးပါးက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG