သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်း(မ်) ထုတ်ဝေခွင့် တားမြစ်မှု ပယ်ဖျက်ဖို့ CPJ တောင်းဆို


ဧရာဝတီတိုင်း(မ်) Ayeyarwaddy Times သတင်းဌာန (courtesy: AT Facebook)
ဧရာဝတီတိုင်း(မ်) Ayeyarwaddy Times သတင်းဌာန (courtesy: AT Facebook)

ဧရာဝတီတိုင်း(မ်) ထုတ်ဝေခွင့် တားမြစ်မှု ပယ်ဖျက်ဖို့ CPJ တောင်းဆို


ဧရာဝတီတိုင်း(မ်) Ayeyarwaddy Times သတင်းဌာနကို မြန်မာစစ်ကောင်စီက ထုတ်ဝေခွင့် တားမြစ်ပိတ်ပင်ထားတာကို ပယ်ဖျက်ပေးဖို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ)က ဇွန်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ပြည်တွင်း သတင်းမီဒီယာတွေနဲ့ လွတ်လပ်စွာ သတင်းယူခွင့်အပေါ် နှောင့်ယှက်နေတာတွေကို ရပ်တန့်ဖို့ပါ ပန်ကြားလိုက်တာပါ။

"စစ်ကောင်စီအနေနဲ့ အာဏာသိမ်း စစ်အုပ်ချုပ်မှုနဲ့ပတ်သက်ပြီး ဘက်မလိုက်တဲ့သတင်း ရေးသားတင်ပြချက်တွေကို ပိတ်ပင်တာ၊ ဆင်ဆာ စိစစ်ဖြတ်တောက်တာနဲ့ တားမြစ်တာတွေကို ဆက်လုပ်နေတယ်” လို့ CPJ ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။

အများပြည်သူ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတဲ့ သတင်းတွေ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထုတ်ဝေခြင်း အက်ဥပဒေ ပုဒ်မ(၈)ကို ဖောက်ဖျက်တယ်ဆိုကာ ဧရာဝတီတိုင်းမ် သတင်းဌာနကို ဇွန်လ ၁၀ ရက်နေ့က စစ်ကောင်စီဘက်က ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းလိုက်ကြောင်း အယ်ဒီတာချုပ် ဆလိုင်းသန့်စင်က CPJ ကို အီးမေးလ်က တဆင့် ပြောပါတယ်။

သတင်းထောက်တွေကို အဆက်မပြတ် ခြိမ်းခြောက်မှုတွေရှိနေလို့ သတင်းလုပ်ငန်းတွေကို မြေအောက်ကနေ အဓိက လုပ်ဆောင်နေရပြီး အခုလို စစ်ကောင်စီဘက်က ပိတ်ပင်လိုက်ပေမယ့် သတင်းရေးသား ထုတ်ဝေတာကိုတော့ ဆက်လုပ်သွားမယ်လို့ ဆလိုင်းသန့်စင်က CPJ ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဧရာဝတီတိုင်းမ် သတင်းဌာနက သတင်းထောက် တဦးဖြစ်သူ အောင်မြသန်းကို သူ့ရဲ့ သတင်းတင်ဆက်မှုတွေကြောင့် ပစ်မှတ်ထားပြီး နှစ်ကြိမ်တိုင်တိုင် ဖမ်းဆီးခဲ့တယ်လို့လည်း ဆလိုင်းသန့်စင်က CPJ ကို ပြောပါတယ်။ ဒါ့အပြင် အယ်ဒီတာတဦးဖြစ်သူ ကိုမျိုးမင်းထွန်းဟာလည်း သိပ်မကြာခင်ကမှ ထောင်က ပြန်လွတ်လာခဲ့ပြီးသူ့ကို မမှန်သတင်း ဖြန့်ချိမှု၊ ဆူပူအောင် လှုံဆော်မှုတွေနဲ့ မတရား စွပ်စွဲပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ် ချခဲ့တယ်လို့ ဆိုပါတယ်။

ကိုယ်တိုင် ဖမ်းဝရမ်းထုတ်ခံထားရလို့ လက်ရှိ ပြည်ပမှာနေထိုင်နေတဲ့ ဆလိုင်းသန့်စင်က သူ့ သတင်းဌာနက သတင်းထောက်အများအပြားကို စစ်ကောင်စီက မေးမြန်း စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သတင်းထောက်တချို့ကလည်း မိသားစု ဘေးကင်းရေးနဲ့ ထောင်ချခံရမှာ စိုးရိမ်ကြလို့ သတင်းထောက် အလုပ်ကို ဆက်မလုပ်နိုင်တော့ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက သတင်းမီဒီယာလုပ်ငန်း ၁၄ ခု ကို ပိတ်ပင်ခဲ့ပြီး ဖြစ်ပါတယ်။

CPJ အနေနဲ့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနသို့ အီးမေးလ်နဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် တုံ့ပြန်ဖြေကြားတာ မရှိဘူးလို့ CPJ က ပြောပါတယ်။ CPJ ရဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့အထိ မှတ်တမ်းတွေအရ မြန်မာဟာ ကမ္ဘာ့တတိယ အများဆုံး သတင်းထောက်တွေ ထောင်ချခံရတဲ့ နိုင်ငံဖြစ်နေပြီး အနည်းဆုံး သတင်းထောက် ၄၂ ယောက် ထောင်ကျနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG