သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် ပြန်လွတ်  


စီးပွါးရေးလုပ်ငန်းရှင် မောင်ဝိတ်ပြန်လွတ်လာပြီး လူမှုကွန်ရက်မှာတင်ထားတဲ့ပုံ
စီးပွါးရေးလုပ်ငန်းရှင် မောင်ဝိတ်ပြန်လွတ်လာပြီး လူမှုကွန်ရက်မှာတင်ထားတဲ့ပုံ

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပြန်လွတ်လာပြီလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက အတည်ပြုသလို၊ သူကိုယ်တိုင်ကလည်း အိမ်ပြန်ရောက်နေပြီ ဖြစ်ကြောင်းကို ဇွန်လ ၂၉ ရက်နေ့က လူမှုကွန်ရက်ပေါ်ကတဆင့် ပြောဆိုထားပါတယ်။

အိမ်ပြန်ရောက်လာတဲ့အတွက် ကံဇာတ်ဆရာကို ကျေးဇူးတင်ကြောင်းနဲ့ မိခင်ဖြစ်သူ လည်း ဝမ်းသာနေတယ်ဆိုပြီး သူပိုင်တဲ့ စေပိုင် ဖွံ့ဖြိုးမှုလီမိတက် Sae Paing ဖေ့စ်ဘွတ် လူမှု ကွန်ရက်အကောင့်မှာ မနေ့ ညပိုင်းက ရေးထားတာပါ။ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကလည်း ဒါကို အတည်ပြုပါတယ်။

စီးပွါးရေးလုပ်ငန်းရှင် မောင်ဝိတ်ပြန်လွတ်လာပြီး လူမှုကွန်ရက်မှာတင်ထားတဲ့ပုံ
စီးပွါးရေးလုပ်ငန်းရှင် မောင်ဝိတ်ပြန်လွတ်လာပြီး လူမှုကွန်ရက်မှာတင်ထားတဲ့ပုံ

ဦးမောင်ဝိတ်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရ ခေါင်းဆောင်တွေ အဂတိ လိုက် စားခဲ့တယ်ဆိုပြီး အာဏာသိမ်း စစ်ကောင်စီက တရားစွဲတဲ့ အမှုတွေမှာ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့သူပါ။ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေဖို့အတွက် "ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း" အလှူငွေအဖြစ် အကြောင်းပြပြီး ၂ဝ၁၉ ခုနှစ်နဲ့ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ ပေးခဲ့တယ်ဆိုပြီး စွပ်စွဲတဲ့အမှုမှာလည်း ဦးမောင်ဝိတ်က ‌ဒီငွေတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အသုံးပြုဖို့ လှူခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ ပါတယ်။

သူထွက်ဆိုပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုမြောက်တယ်ဆိုပြီး စစ်ကောင်စီတရားရုံးက ထောင်ဒဏ် သုံးနှစ်ချခဲ့ပါတယ်။ ဒါ့အပြင် ဦးမောင်ဝိတ်ဟာ မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဆေးကုသဖို့အတွက် အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့ ကျပ်ငွေ သိန်း ၆၅၀ လာဘ်ပေးခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲခဲ့မှုမှာလည်း စစ်ကောင်စီဘက်က သက်သေလိုက်ပေးခဲ့ပါတယ်။ အဲဒီအမှုမှာလည်း သူပေးခဲ့တာမှန်ကြောင်း၊ ကင်ဆာအဖေ ရှိခဲ့တာမို့ အခုလို ကင်ဆာသမားတွေကို လှုဒါန်းတာဖြစ်တယ်ဆိုပြီး တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

ဦးမောင်ဝိတ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး နှစ်နှစ်နဲ့လေးလကျော် အကြာမှာ ပြန်လွတ်လာတာပါ။ သူ့ကို ဘယ်ပုဒ်မတွေနဲ့ ဖမ်းခဲ့သလဲ၊ ဘယ်လိုပြစ်ဒဏ်နဲ့ ဘယ်မှာ ချမှတ်ခံရသလဲ ဆိုတာကို စစ်ကောင်စီက ထုတ်ဖော်ပြောတာ မရှိသလို သူနဲ့ပတ်သတ်တဲ့ စီးပွားရေး အသိုင်းအဝိုင်းမှာလည်း သေချာသိတာမရှိခဲ့ပါဘူး။ သူကိုယ်တိုင်ကလည်း ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။ သူနဲ့ပတ်သတ်လို့ ပြစ်ဒဏ်ချခဲ့တာ ရှိ မရှိ နဲ့ သူ့လွတ်မြောက်လာတဲ့ အခြေအနေကို သိရဖို့ စစ်ကောင်စီကို ဖုန်းဆက်သွယ် မေးမြန်းပေမဲ့ ဖုန်းပြန်လည် ဖြေဆိုတာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG