သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတြိဂံကလာတဲ့ စိတ်ကြွဆေးပြားနဲ့ မူးယစ်ဂိုဏ်းဝင် ၁၇ ဦး ထိုင်းဖမ်းဆီးခဲ့


ရွှေတြိဂံကလာတဲ့ စိတ်ကြွဆေးပြားနဲ့ မူးယစ်ဂိုဏ်းဝင် ၁၇ ဦး ထိုင်းဖမ်းဆီးခဲ့ (Photo Courtesy: Thai Police)
ရွှေတြိဂံကလာတဲ့ စိတ်ကြွဆေးပြားနဲ့ မူးယစ်ဂိုဏ်းဝင် ၁၇ ဦး ထိုင်းဖမ်းဆီးခဲ့ (Photo Courtesy: Thai Police)

ထိုင်းနိုင်ငံမှာ ဇူလိုင်လ ပထမပတ်ထဲ ရွှေတြိဂံဒေသကလာတဲ့ ဘတ်ငွေ သန်းပေါင်း ၅ ထောင်ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၂၂ သန်း အိုက်စ် မူးယစ်ဆေးကီလို ၆၀၀ ကျော်နဲ့အတူ မူးယစ်ဂိုဏ်းဝင် ၁၇ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံမှာ ဇူလိုင်လ ပထမပတ်ထဲမှာပဲ ရွှေတြိဂံ ဒေသကလာတဲ့ မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးမိတာနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မူးယစ်နှိမ်နင်းရေးဗြူရိုမှာ ဇူလိုင်လ ၇ရက်နေ့က ကျင်းပသွားတဲ့ သတင်းစာရှင်လင်းပွဲမှာ ရဲချုပ် Gen. Chinnapat Sarasin ချီနာဖတ် ဆာရာစင်က ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

" ဒီနေ့ သတင်းစာရှင်းပွဲ လုပ်ဆောင်ရတာကတော့ ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး အမြောက်အများကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ စိတ်ကြွဆေးပြား ၂၂ သန်းနဲ့ အိုက်စ် ကီလို ၆၂၀ ကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ဒါက ထိုင်းရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းစွမ်းတမန် လုပ်ဆောင်ချက်တွေပါ။ နောက်ထပ်လည်း မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ဖြန့်ချီနေတဲ့ လုပ်ငန်းတွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေကိုပါ ဖေါ်ထုတ် ဖမ်းဆီးဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့" ပြောသွားပါတယ်။

ဇူလိုင်လ ပထမပတ်အတွင်း အိမ်နီးချင်းနိုင်ငံတွေကနေ စိတ်ကြွဆေးပြားတွေ သယ်ဆောင်လာတဲ့ မူးယစ်ဂိုဏ်း (၇) ဂိုဏ်းက မူးယစ်အဖွဲ့ဝင် ၁၇ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ အိမ်နီးချင်း လာအိုနဲ့ မြန်မာ နိုင်ငံဘက်ကနေ ဝင်ရောက်လာတာဖြစ်ပြီး ထိုင်းရဲတပ်ဖွဲက ရွှေတြိဂံဒေသနဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ ပိတ်ဆို့ ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိ တဲ့ မူးယစ်တရားခံ ၁၇ ဦးရှိပြီး ဒီထဲက ၂ ဦးကတော့ ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ မြန်မာနွယ်ဖွား တောင်ပေါ်တိုင်းရင်းသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကိုတော့ စိတ်ကြွဆေးပြား ၆ သန်းနဲ့အတူ ဇူလိုင်လ ၄ ရက်နေ့က ဖမ်းမိခဲ့တာလို့ ဆိုပါတယ် ။

မူးယစ်ကုန်သယ်တွေဟာ အရင်တုန်းကတော့ ကုန်တင်ကားကြီးတွေနဲ့ ကားစင်းလုံးလိုက် မူးယစ်ဆေးဝါးတွေတင်ဆောင် ပို့နေရာကနေ ထိုင်းရဲတပ်ဖွဲ့က အမြန်လမ်းမတွေက X-Ray စက်တွေ တိုးမြင့်ချထား စစ်ဆေးနေတာကြောင့် အခုအခါ အိမ်စီးကားငယ်တွေကို သုံးပြီး ရှေ့ပြေးကားတွေ လမ်းကြောင်းရှင်းအဖွဲ့တွေ သုံးပြီး အုပ်စုလိုက် သယ်ဆောင်လာနေတာကို တွေ့ရတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

XS
SM
MD
LG