သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ KNLA PDF ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ တံတားထိပ် ရဲကင်းလုံခြုံရေး (photo: CJ)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ တံတားထိပ် ရဲကင်းလုံခြုံရေး (photo: CJ)


ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိမ်းချုပ်နယ်မြေ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင် ကျေးရွာအုပ်စုထဲမှာ ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းကစပြီး ၁၅ ရက်နေ့ထိ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ကေအန်အယ်လ်အေ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်းနေပါတယ်။ ဒီအတွက် စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေး ကျေးရွာကနေတစ်ဆင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင် ကျေးရွာအုပ်စု၊ ပုလိန်နဲ့ ငြိမ်းချမ်းမြိုင်ကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ကေအန်အယ်လ်အေ ပီဒီအက်ဖက် ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေကြာင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးက ပြောပါတယ်။

" မွန်ပြည်နယ် ကျိုက်မရော မြို့နယ်မှာပေါ့နော် ခလယ်တံခွန်တိုင် ကျေးရွာမှာ ဇူလိုင်လ ၁၂ ရက်နေ့က ကေအန်ယူ ကေအန်အယ်လ်အေ ပီဒီအက်ဖ် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်။ စစ်ကောင်စီဘက်က အထိနာတော့ လေကြောင်းကနေ ပစ်ကူပေးတယ် ။ ဘားအံမြိုနယ်ဘက်က အဘစ်ရွာက အမြှောက်တပ်ကလည်း အမြှောက် ပစ်ကူပေးတယ်။ တိုက်ပွဲအခြေအနေက ဆက်လက် ပြင်းထန်နေပါတယ်။ "

ပူးပေါင်းတပ်ဖွဲ့တွေကလည်း ခလယ်တံခွန်တိုင် ချောင်းနှစ်ခွ နားမှာရှိတဲ့ ရဲစခန်းတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်တာတွေ ရှိခဲ့တာကြောင့် စစ်ကောင်စီဘက်ကလည်း အဲဒီနေရာဘက်ကကျေးရွာတွေကို ကေအန်ယူတွေ ရှိနိုင်တယ်ဆိုပြီး စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာဖြစ်ပါတယ်။

" တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း ခလယ်တံခွန်တိုင် ချောင်းနှစ်ခွ နားမှာရှိတဲ့ ရဲစခန်းတွေကိုလည်း မကြာခန ဝင်တိုက်တာတို့ ဒရုန်းနဲ့ တိုက်တာတို့ လုပ်နေတော့ သူတို့(စကစ)ဘက်ကလည်း အထိနာနေတာပေါ့။ "

နှစ်ဖက်တိုက်ပွဲကြောင့် ချောင်းနှစ်ခွနဲ့ ခလယ်တံခွန်တိုင် ကျေးရွာဒေသခံတွေ တိမ်းရှောင်နေရသလို ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိနေပါတယ်။

ကေအန်ယူ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်ထဲမှာတော့ ကောကရိတ်မြို့ မြောက်ဘက်တံတားဦးရပ်ကွက်နဲ့ ကောကရိတ် စစ်ဆေးရေးဂိတ်တွေကို ဇူလိုင်လ ၁၃ ရက်နေ့က ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ခဲ့တာကြောင့် လက်ရှိမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

" ကော့ကရိတ်ဘက်မှာ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်၊ တိုက်ပွဲက နေ့တိုင်းဖြစ်တယ်၊ သူတို့ဘက်ကလည်း နေတိုင်း လက်နက်ကြီးနဲ့ပစ်နေတယ်။ နေတိုင်းကတော့ တိုက်ပွဲဖြစ်နေတယ် "

နှစ်ဖက် ထိခိုက်ဒဏ်ရာရတာတွေ ရှိပေမယ့် သီးခြား အတည်ပြုလို့ မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်းသတင်းထုတ်ပြန်တာ မရှိသေးပါဘူး၊ ဇူလိုင်လ ၁၄ ရက်နေ့ မနက်ပိုင်းကတော့ စစ်ကောင်စီရဲ့ ခလရ ၉၇ တပ်နဲ့ လှိုင်၀ အမြှောက်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ကရင်ကျေးရွာတွေကို ပစ်ခတ်နေတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်ရှင်။

XS
SM
MD
LG