သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှရေးရာ တရုတ် အထူးကိုယ်စားလှယ် မြန်မာပြည်ရောက်


စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းနဲ့တွေ့ဆုံ။ ဇူလိုင် ၂၇၊ ၂၀၂၃ (PHOTO: SAC Info team)
စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းနဲ့တွေ့ဆုံ။ ဇူလိုင် ၂၇၊ ၂၀၂၃ (PHOTO: SAC Info team)

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်ဟာ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး မြန်မာပြည် ငြိမ်းချမ်းရေး၊ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ တရုတ်မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော ကတော့ - နယ်စပ်မှာ အွန်လိုင်း ကနေ ငွေကြေး လိမ်လည်မှုတွေနဲ့ လောင်းကစားလုပ်ငန်းတွေ နှိမ်နင်းဖို့အပြင် ခေတ်သစ် ပိုးလမ်းမ စီမံကိန်း ကိစ္စတွေကိုလည်း ဒီခရီးစဉ်အတွင်း ဆွေးနွေးနိုင်ကြောင်း သုံးသပ်ထားပါတယ်။ ဒီသတင်းကိုတော့ ကိုဝင်းမင်း က တင်ပြပေးပါမယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun ဟာ မြန်မာနိုင်ငံကို တတိယအကြိမ် လာရောက်တာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို အခုလို ပြောပါတယ်။

“အဓိကကတော့ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်သည် မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေတဲ့သူ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အသေးစိတ် ဆွေးနွေးဖြစ်ပါတယ်။ ပြီးရင် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်ပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံ တိုးတက် ကောင်းမွန်လာမှုနဲ့ ဆက်ဆံရေး တိုးမြှင့်သွားမယ့် အနေအထားတွေ ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။”

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်ဟာ အထိန်းသိမ်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖွယ် ရှိ မရှိ မေးမြန်းရာမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြန်ကြားပါတယ်။

“ကျနော်သိရသလောက်ကတော့ သက်ဆိုင်ရာ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဦးစီးတဲ့ အဖွဲ့နဲ့လည်း တွေ့ပြီးပြီ။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ တွေ့ဖို့ ရှိပါမယ်။ ကျန်တဲ့ အစီအစဉ်တွေတော့ မရှိပါဘူး။”

မနေ့က ၂၇ ရက်နေ့ကတော့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဖော်ဆောင်ရေး ကော်မတီဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံပွဲမှာလည်း နယ်စပ်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုတွေကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ လောလောဆယ် တရုတ်နိုင်ငံဟာ အွန်လိုင်း ကနေ ကျူးလွန်နေတဲ့ ရာဇဝတ်မှုကိစ္စတွေကို အလေးထား ဆောင်ရွက်နေတာကြောင့် ဒီအချက်တွေလည်း ထည့်သွင်း ဆွေးနွေးနိုင်ကြောင်း သုံးသပ် ပြောဆိုပါတယ်။

“အခု တရုတ်က အကြီးအကျယ် လိုက်နေတာကတော့ အင်တာနက်ကနေ ငွေလိမ်တဲ့ ဂိုဏ်းတွေလေ။ အဲဒီငွေလိမ်တဲ့ ဂိုဏ်းတွေက နယ်နမိတ်တွေ ကျော်ပြီးတော့ တရုတ်ပြည်က လူတွေနဲ့ ဗမာပြည်က တချို့လူတွေနဲ့ ပေါင်းပြီးတော့ လူတွေ ခိုးထုတ်တာတွေ၊ နောက်တခုက အင်တာနက်ကနေ လိမ်တဲ့ ဟာတွေပေါ့ဗျာ။ အဲဒီအဖွဲ့တွေက များသောအားဖြင့် ၀ တို့ ၊ မိုင်းလားတို့နဲ့ ကပ်နေတဲ့ဘက်ဖြစ်တော့ အဲဒီဟာလည်းဖြစ်တယ်။ နောက် ပြည်တွင်းနဲ့လည်း ဗဟိုအစိုးရနဲ့လည်း ဆက်ဆံဖို့ လိုတယ်ဆိုပြီး လာတာလည်းဖြစ်နိုင်တယ်။”

ဒီလ ၂၅ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr Chen Hai တို့ တွေ့ဆုံခဲ့တာမှာလည်း မြန်မာနိုင်ငံတွင်း ဆက်သွယ်ရေး လိမ်ညာမှု၊ အွန်လိုင်း လောင်းကစားမှုတွေကို ပူးပေါင်း တိုက်ဖျက်ဖို့အရေး ဆွေးနွေးခဲ့ကြပါတယ်။ အခု အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun ရဲ့ မြန်မာပြည်ခရီးစဉ်မှာ နောက်ထပ် ဆွေးနွေးဖွယ် ရှိတဲ့ အချက်ကိုလည်း ဒေါက်တာလှကျော်ဇော်က အခုလို ထောက်ပြပါတယ်။

“နောက်တစ်ခုက သူတို့ ဒီနှစ်ကုန်ခါနီးမှာ ပိုးလမ်းမစီမံကိန်းနဲ့ ပတ်သက်လို့ ဖိုရမ်လုပ်ဖို့ ရှိတယ်လေ။ အဲဒီဖိုရမ်မှာ သူတို့က ပိုးလမ်းမစီမံကိန်းတွေ ဘယ်လောက် အောင်မြင်တယ်။ ဘယ်လောက် မအောင်မြင်ဘူးလဲ။ နောက်ပြီးတော့ ဘာဖြစ်လို့ မအောင်မြင်တာလဲ ဆိုတာ ဆွေးနွေးပွဲလုပ်ဖို့ ရှိတယ်။ ပထမတခါတုန်း ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ လာတာတွေ့ရတယ်။ အခုဟာ ဗမာပြည်က အခက်ဆုံးဖြစ်နေတာကို။ သူတို့ မီးရထားလမ်းတွေက လာအိုကိုလည်း ပေါက်သွားပြီလေ။ လာအိုကနေ ထိုင်းကို ဆက်တဲ့လမ်းကလည်း ထိုင်းနယ်စပ်တောင် ရောက်နေပြီလို့ ပြောတယ်။ နောက်ပြီးတော့ China- Pakistan Economic Corridor ကြီးကလည်း ပေါက်သွားပြီလေ။ အဲတော့ ဗမာပြည်မှာ ရွှေလီကနေ ကျောက်ဖြူ အဲဒီဟာက လုပ်လို့ မရဘူးဖြစ်နေတာလေ။ စစ်ကိုင်းတိုင်းတို့ ဘာတို့ ဖြတ်ရမှာဆိုတော့။ အဲတော့ ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးကိုလည်း သူက နည်းနည်း တိုက်တိုက်တွန်းတွန်း လုပ်ချင်လို့လည်း ဖြစ်မယ်ထင်တယ်။”

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းက တကြိမ် နဲ့ ဒီနှစ် ၂၀၂၃ ခုနှစ် မတ်လမှာ တကြိမ် လာရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီခရီးစဉ်တွေမှာတော့ စစ်ကောင်စီဥက္ကဌနဲ့ တွေ့ဆုံသလို တရုတ်−မြန်မာ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံတာတွေလည်း ရှိခဲ့ပါတယ်။ ဒီတကြိမ်မှာရော တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံမလား ဆိုတာတော့ သေချာ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG