သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လဲချားမှာ စစ်ကောင်စီနဲ့ SSPP တိုက်ပွဲဖြစ်


ဓါတ်ပုံ - SSPP Info
ဓါတ်ပုံ - SSPP Info

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်အကြားမှာ ဒီကနေ့မနက်ပိုင်းက ၃ နေရာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာက လဲချားမြို့နဲ့ ၇ မိုင်ခန့်အကွာမှာရှိပြီး၊ တိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာတွေဟာ လဲချားမြို့ဘက်ကို တိမ်းရှောင်လာနေကြပါတယ်။ ရှမ်းပြည်နယ်အတွင်း ဒီကနေ့ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြထားပါတယ်။

လဲချားမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ SSPP တပ်ဖွဲ့တွေအကြား၊ ပြီးခဲ့တဲ့လတွေက စတင်ပြီး နှစ်ဘက် စစ်ရေးတင်းမာနေခဲ့တာပါ။ ဒီကနေ့ မနက်ပိုင်းမှာတော့ နှစ်ဘက်တပ်တွေအကြား ရင်ဆိုင်တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ကြောင်း SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က VOA ကို ပြောပါတယ်။

“လဲချားနဲ့ နမ့်ဖူးဘုရားထမ် ကြားထဲမှာပေါ့ဗျာ။ နမ့်ဖူးဘုရားထမ်ဆိုတာက မန်ပန်ပြည်သူ့စစ်ရဲ့ စခန်းတွေပါ။ လဲချားရဲ့ အရှေ့တောင်ဘက် နည်းနည်းကျတယ်ဗျ။ တိုက်ပွဲဖြစ်နေတာတော့ ဟိုင်းဆိုင်ရွာအနီးအနားမှာ။ အဲဒီမှာလည်း ဖြစ်တယ်။ ပြီးတော့ မက်လန်း၊ မက်လန်းကျေးရွာက လဲချားအဝင်နားလေးမှာဗျ။ ၂ နေရာ၊ ၃ နေရာလောက် ဖြစ်ပါတယ်။ ၆ နာရီကနေ ၉ နာရီဝန်းကျင်လောက်အထိ တိုက်ပွဲကတော့ အဲဒီအချိန်ထိ ဖြစ်ပါတယ်။ လေယာဉ်နဲ့တောင် လာဝဲသေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ ပစ်ခတ်မှုကတော့ မကြားမိသေးဘူး။”

ပြီးခဲ့တဲ့ နှစ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ လဲချားမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး RCSS တွေ လဲချားမြို့နယ်အတွင်းက ဆုတ်ခွာခဲ့ရပါတယ်။ အဲဒီ နောက် SSPP တပ်တွေက လဲချားမြို့နယ်ကို ထိန်းချုပ်လာတဲ့နောက် စစ်ကောင်စီက သူတို့ တပ်စခန်းတွေ ရုတ်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုချက်ကို SSPP က လက်မခံတာကြောင့် စစ်ရေးတင်းမာမှုတွေ မြင့်တက်ပြီး အခုလိုတိုက်ပွဲ ဖြစ်ပွားရကြောင်း ဗိုလ်မှုးစိုင်းဖုန်းဟန်က ဆက်ပြောပါတယ်။

“တပ်က RCSS မရှိတော့ဘူး ခင်ဗျားတို့ ပြန်တော့ဆိုတဲ့ သဘောထားတွေ ခဏခဏ ပြောလာတာရှိပါတယ်။ ဒါပေမဲ့ အဲဒီဘက်နယ်မြေ ကျနော်တို့က လက်လွှတ်လိုက်မယ်ဆိုရင် ကျနော်တို့ ဌာနချုပ် လုံခြုံရေးရော၊ ပြီးရင် ဟိုဘက်က ကျနော်တို့ တပ်တွေ လုံခြုံရေးရော စိုးရိမ်ရတဲ့အနေအထားရှိတယ်။ ဆိုတော့ ကျနော်တို့ ဆက်နေတယ်ပေါ့ဗျာ။ ဆက်နေတဲ့အနေအထားမှာ သူတို့က တစ်နေ့တခြား စစ်အင်အားတွေ ဖြည့်တင်းလာပြီး၊ ဖိအားတွေလည်း ပေးတာပေါ့ဗျာ။ မနေ့တစ်နေ့ကတော့ လက်နက်ကြီးတွေနဲ့ လှမ်းထုတာပေါ့။ ဒီမနက်ကျတော့ ကျနော်တို့ Patrolling (လှည့်ကင်းထွက်)ရင်းနဲ့ ပက်ပင်းတိုးကြတာပေါ့ဗျာ။ ပက်ပင်းတိုးရင်းနဲ့ ဒီတိုက်ပွဲ စဖြစ်လာတာ။”

လဲချားဒေသခံတစ်ဦးကတော့ မနက် အစောပိုင်းက စတင်ပြီး၊ လဲချားအရှေ့ ၇ မိုင်လောက်အကွာက မက်လန်းရွာဖက်မှာ တိုက်ပွဲဖြစ်ပွားနေကြောင်းနဲ့ တိုက်ပွဲကြောင့် အနီးအနား ကျေးရွာဒေသခံတွေ လဲချားမြို့ကို တိမ်းရှောင်လာကြကြောင်း အခုလို ပြောပါတယ်။

“မနက် ၆ နာရီကတည်းက ဗုံးကြီးသံတွေရော၊ သေနတ်သံတွေရော ကြားရတယ်ရှင့်။ အဲဒီရွာက သေနတ်သံ နည်းနည်းလေး ငြိမ်ပြီဆိုရင် မြို့ထဲ အကုန်တော့ ပြေးလာကြပြီရှင့်။ အဓိကကတော့ မက်လန်း၊ မက်လန်း ဆိုပြီးတော့လေ ရွာချင်းတွေ ဆက်နေတာရှင့်။ ဝမ်စဲ့ကျေးရွာအုပ်စုပေါ့။ အဲဒီ အုပ်စု တစ်စုလုံးလို့ပဲ ပြောလို့ရမယ်။ လူဦးရေကတော့ အနည်းဆုံး ရာဂဏန်းတော့ ရှိမယ်ရှင့်။ မနေ့က ညနေတော့ သူတို့ နမ့်ပေါက် ၊ နောင်ကျန် အဲဒီဘက်မှာချတယ်ရှင့်။ လက်နက်ကြီးတွေနဲ့ ပစ်ကြတာ။ ”

လောလောဆည် စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေဆီမှာ နေထိုင်နေပြီး တိုက်ပွဲရက်ရှည်လာမယ်ဆိုရင် စစ်ဘေးရှောင်တွေအတွက် အကူအညီတွေ လိုအပ်လာနိုင်ကြောင်း လည်း ပြောပါတယ်။

ဒီနှစ် ဧပြီလအတွင်းကလည်း SSPP နဲ့ RCSS တပ်တွေဟာ လဲချားမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ရာနဲ့ ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်တာတွေ ရှိခဲ့ပါတယ်။ ဒီနှစ် ဇွန်လအတွင်းက စစ်ကောင်စီက လဲချားမြို့နယ်အတွင်းက SSPP တပ်စခန်း ၁၀ ခုလောက်ကို ရုတ်သိမ်းဖို့ တောင်းဆိုခဲ့တာပါ။

ဇူလိုင်လ တတိယပတ်အတွင်းကတော့ SSPP ကိုယ်စားလှယ်အဖွဲ့ဟာ ၀ UWSA နဲ့ မိုင်းလား NDAA အဖွဲ့ကိုယ်စားလှယ်တွေနဲ့အတူ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ် ။

XS
SM
MD
LG