သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူးပေါင်းတပ်ဖွဲ့ ပြောတဲ့ ကော့ကရိတ်တိုက်ပွဲအခြေအနေ


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတပ် ( photo- Cloud Wings)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတပ် ( photo- Cloud Wings)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတပ်တွေ သြဂုတ်လ ၂၆ ရက်နေ့ကလည်း တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ဓါတ်ဆီဆိုင်တခုနဲ့ကော့နွဲ့ကျေးရွာဘက်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာကို ပူးပေါင်းတပ်တွေဘက်က ဒရုန်းတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ဓါတ်ဆီဆိုင်တခုနဲ့ ကော့နွဲ့ကျေးရွာဘက်က စစ်ကောင်စီတပ်စခန်းနေရာတွေကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒရုန်းတွေတိုက်ခိုက်တာလုပ်ခဲ့တာကြောင့် တိုက်ပွဲတွေဆက်ဖြစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးကပြောပါတယ်။

"ကော့ကရိတ် အာရှလမ်းမှာရှိတဲ့ ကော့နွဲကျေးရွာဘက်မှာရှိတဲ့ တပ်စွဲထားတဲ့ စကစရဲတပ်စခန်းကို ကျနော်တို့သွားပစ်တာပေါ့နော်။ ၁၀၇ မမ တပ်ဆင်ထားတဲ့ဒရုန်၊ ၆၀ မမ တပ်ဆင်ထားတဲ့ဒရုန်းတွေနဲ့ ကျနော်တို့ကသွားရောက်ပစ်ခတ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာတော့ သူတို့ဘက်က ၅ ယောက် သေဆုံးပြီးတော့ ၁၀ ဦးကျော် ဒဏ်ရာရပါတယ်။ အဲဒါကတော့ ဩဂုတ်လ ၂၆ ရက်နေ့ မနက် ၈ နာရီနဲ့ ၉ နာရီကြားမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ပေါ့နော်။"

ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ Cloud Wings ဒရုန်းတပ်ဖွဲ့ နဲ့ Special Operation Group တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ထုတ်ပြန်တာမရှိသေးပါဘူး။

ပူးပေါင်းတပ်ဖွဲ့တွေက အခုလို ဒရုန်းနဲ့ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီဘက်ကလည်း ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတချို့ထိခိုက်ဒဏ်ရာရတာတွေလည်းရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းယူထာတဲ့ စစ်ကောင်စီအတွက် စစ်ရေးအရအရေးပါတဲ့ လက်ခတ်တောင်စခန်းကုန်းကိုပြန်လည်ရယူဖို့ စစ်ကောင်စီဘက်ကလည်းဆက်တိုက်တိုက်ပွဲတွေဖော်ဆောင်ခဲ့တယ်လို့ လည်း ပြောပြပါတယ်။

"ကော့ကရိတ် ခလရ ၉၇ လက်နက်ကြီးကုန်းကနေ ပြည်သူတွေနေထိုင်နေတဲ့ ၁၂၀ မမ နဲ့ ၈၁ မမ တွေနဲ့အကြိမ် ၅၀ ထက်မနည်း ပစ်ခတ်ခတ်ခဲ့တယ်။ လက်ခတ်တောင်က အခုအချိန်ထိ စခန်းနားကပ်လို့မရသေးဘူး။ ဒါပေမယ့်အဝေးကနေ မကြာမကြာလှမ်းပစ်တာရှိတယ်။ ကျနော်တို့က ဒီစခန်းကို သိမ်းထားတာပြီးခဲ့တဲ့လ ၂၁ ရက်နေ့ထဲကဆိုရင် တလကျော်ရှိပြီ။ အခုချိန်ထိစခန်းကိုကပ်လို့မရသေးဘူး။ အဝေးကနေ လှန်းပစ်တာရှိတယ်။ စခန်းနားကပ်လို့မရတော့ အဝေးကနေ တိုက်ပွဲဆင်တာ ၁၀ ကြိမ်လောက်တော့ရှိပါပြီ။

အခုဆိုရင် ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာလည်း မကြာခဏ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိတဲ့အတွက် ဒေသခံတွေဟာ သူတို့ရပ်ရွာတွေမှာမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရတာတွေလည်းရှိနေပါတယ်။ ဇူလိုင်လကစပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်လာသလို စစ်ကောင်စီဘက်ကလည်း အရေးပါတဲ့ခြေကုပ်စခန်းတွေမကျရေးအတွက် လေကြောင်းကနေ ပြန်လည်ပစ်ကူတိုက်ခိုက်တာတွေလည်း လုပ်ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG