သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် နိုင်ငံ (၄၀)မှာ လူအခွင့်အရေးသမားတွေ ခြိမ်းခြောက်ခံရ (ကုလအစီရင်ခံစာ)


ယခင်မှတ်တမ်းရုပ်ပုံ | စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်မြို့တွင်း ဆန္ဒပြနေသူတချို့ရှေ့တွင် ကာစီးထားသည့် လုံခြုံရေးများကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်မြို့တွင်း ဆန္ဒပြနေသူတချို့ရှေ့တွင် ကာစီးထားသည့် လုံခြုံရေးများကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁)

မြန်မာ အပါအဝင် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၄၀ မှာ လူပေါင်း ၂၂၀ ကျော်နဲ့ အဖွဲ့အစည်း ၂၅ ခု ဟာ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေရဲ့ ခြိမ်းခြောက်ခံရတာ၊ လက်တုံ့ပြန် အရေးယူခံရတာတွေနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ပြောလိုက်ပါတယ်။

ဒီလို လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖိနှိပ်နေတဲ့ နိုင်ငံ (၄၀) စာရင်းမှာ မြန်မာကလည်း ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်၊ ရုရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေနဲ့ အတူ ပါဝင်နေပါတယ်။ ဒီအချက်အလက်တွေက ၂၀၂၂ ခုနှစ် မေလ ၁ ရက် ကနေ ၂၀၂၃ ခုနှစ် ဧပြီ ၃၀ အထိ မှတ်တမ်းတွေဖြစ်ပြီး အစီရင်ခံစာကိုတော့ စက်တင်ဘာ ၂၈ ရက်စွဲနဲ့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်သူတွေဟာ စောင့်ကြည့်ခံနေရပြီး တရားဥပဒေအရ အရေးယူခံရတာတွေနဲ့ ရင်ဆိုင်ရသလို၊ ခရီးသွားလာခွင့် ပိတ်ပင်ခံရမှု၊ ခြိမ်းခြောက်ခံရမှုတွေကိုလည်း ကြုံတွေ့နေတဲ့အပြင် ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂရဲ့ လူသား အရေး ဆောင်ရွက်တဲ့ ယန္တရားတွေမှာ ပူးပေါင်းဆောင်ရွက်လို့ ဆိုပြီး ထောင်ဒဏ်တွေလည်း အပြစ် ပေးခံနေရတယ်လို့ ဆိုပါတယ်။

“ကမ္ဘာတဝန်းမှာ လူမှုအဖွဲ့အစည်းတွေရဲ့ အခန်း ကဏ္ဍ လျော့နည်းသွားလို့ လက်တုံ့ပြန် အရေးယူမှုတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာနဲ့ အစီရင်ခံချက်တွေ အတိအကျ ပြုစုနိုင်ဖို့ ခက်ခဲနေပြီး အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရေအတွက်က ဒီထက် ပိုမိုများပြားဖွယ်ရှိတယ်” လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် အီလ်ဇယ် ဘရန် ခဲရစ် (Ilze Brands Kehris) က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီကို တင်ပြရာမှာ ပြောပါတယ်။

အခုနှစ်အစီရင်ခံစာမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူ ထက်ဝက်က အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဖြစ်ပြီး သူတို့ဟာလည်း ပြန်လည်ပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန် ခံရမှာကို စိုးရိမ်ကြောင်း ပြောကြတယ်လို့ ဆိုပါတယ်။

ဒေသခံတွေဟာ လုံခြုံရေးအတွက် စိုးရိမ်ရလို့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဖို့ ငြင်းဆိုတာ၊ ဒါမှမဟုတ် အမည်မဖော်ဘဲ လုပ်ကိုင်ရတာတွေ တိုးလာတာကို တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အစီရင်ခံစာပါ နိုင်ငံပေါင်း (၄၀) ထဲက ‘သုံးပုံနှစ်ပုံ’ မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူနဲ့ မျက်မြင်သက်သေထွက်ဆိုသူတွေဟာ အရေးယူခံရမှာ ကြောက်လို့ အမည်မဖော်ဘဲ ပါဝင်ခဲ့ပြီး ဒါဟာ အရင်နှစ်က ‘သုံးပုံတပုံ‘ ပဲ ရှိခဲ့လို့ တိုးလာတာ တွေ့ရကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ဒါ့အပြင် ဒီ နိုင်ငံ (၄၀) ရဲ့ တဝက်မှာ ကုလသမဂ္ဂနဲ့ ပူးပေါင်း လုပ်ဆောင်သူ၊ ဒါမှမဟုတ် ပူးပေါင်းဖို့ ကြိုးပမ်းသူတွေကို တိုးမြှင့်စောင့်ကြည့်ခံနေရတယ်လို့ ဆိုပါတယ်။

ဒီနိုင်ငံတွေရဲ့ လေးဆယ့်ငါးရာခိုင်နှုန်းနီးပါးမှာတော့ အရပ်ဘက်အဖွဲ့အစည်း ဆိုင်ရာ ဥပဒေ စည်းမျဥ်းတွေကို တင်းကျပ်တာ၊ အကြမ်းဖက်မှုနှိမ်နင်းရေးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေတွေနဲ့ စည်းမျဥ်းအသစ်တွေကို ကျင့်သုံးတာတွေ လုပ်ပြီး ဒီလို ဥပဒေတွေက ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သူတွေကို အပြစ်ပေး အရေးယူတာ၊ ပိတ်ပင် တားဆီးတာတွေ လုပ်နေတယ်လို့ အစီရင်စံမှာ ဖော်ပြထားပါတယ်။

ဒီလို ဥပဒေတွေ တင်းကျပ်လာတာကြောင့် ကမ္ဘာတဝန်း ကုလသမဂ္ဂရဲ့ ကာလရှည်ကြာ လူ့အခွင့်ရေးမိတ်ဖက်အဖွဲ့တွေဟာ ပြင်းပြင်းထန်ထန် အနှောင့်အယှက် အတားအဆီးတွေနဲ့ ကြုံတွေနေရတယ် ဆိုပါတယ်။ အဲဒီထဲက တချို့ အဖွဲ့အစည်းတွေဟာ မတရားအသင်း အဖြစ် ကြေညာခံရတာ၊ ရုံးခန်းတွေကို ဝင်ရောက်စီးနင်းခံရတာ အပြင် စစ်ဆေး မေးမြန်း ခြိမ်းခြောက်ခံရတာ၊ ဒါမှမဟုတ် တရားစွဲဆိုခံရတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG