သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာတချို့ မလေးရှားမှာ အဖမ်းခံရ


အောက်တိုဘာ ၂၀ ရက်က မလေးရှားရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ စစ်ဆေးဖမ်းဆီးခံရ။
အောက်တိုဘာ ၂၀ ရက်က မလေးရှားရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ စစ်ဆေးဖမ်းဆီးခံရ။

မလေးရှား လူဝင်မှုကြီးကြပ်ရေး အပါအဝင် လုံခြုံရေးတပ်ဖဲွတွေပါဝင်တဲ့အဖဲွ့ဟာ အောက်တိုဘာလ ၂၀ရက်နေ့မှာ မနက် ၁ နာရီကစတင်ကာ ကွာလမ်လာပူမြို့တော်က နိုင်ငံခြားသားအများစု နေထိုင်နေတဲ့ နေရာတခုကို ဝင်ရောက် စစ်ဆေးမှုတွေ ပြုလုပ်ရာမှာ မြန်မာနိုင်ငံသားတွေအပါဝင် နိုင်ငံခြားသား ၃,၀၁၆ ဦး ကို စစ်ဆေး ထိမ်းသိမ်းခဲ့ပါတယ်။ ဒီစစ်ဆင်ရေးမှာ လဝကနဲ့ ရဲဝန်ထမ်း သုံးရာကျော် ပါဝင်ပြီး တိုင်ကြားချက်ကြောင့် ဝင်ရောက် စီးနင်းတာလို့ လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Datuk Ruslin (ဒါတွက် ရူဆလင်း) က ပြောပါတယ်။

အခုလိုစစ်ဆေးဖမ်းဆီးခဲ့ရတာဟာ နိုင်ငံခြားသားတွေအများစုနေထိုင်နေတဲ့အကြောင်း နယ်မြေခံ ပြည်သူတွေက သတင်းပေးတိုင်ကြားမှုတွေရှိနေတာအပြင် နိုင်ငံအတွင်းမှာ တရားမဝင် လာရောက်နေထိုင်သူတွေ များပြားလာနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ဆေးခံရသူတွေထဲက နိုင်ငံခြားသား ၁၃၆ ဦး ကိုတော့ ပြစ်မှု ပြစ်ဒဏ် အမျိုးမျိုးနဲ့ ထိန်းသိမ်းပြီး မလေးရှား လူဝင်မှု ဥပဒေ ၁၉ ၅၉ / ၆၃ နဲ့ ၁၉၆၆ ခုနှစ် နိုင်ငံကူး လက်မှတ် ဆိုင်ရာ ဥပဒေတွေနဲ့ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဒါတွက် ရူဆလင်းက သတင်းထောက်တွေကို ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်က ဖမ်းဆီးစစ်ဆေးခံရတဲ့ ကွာလမ်လာပူက နိုင်ငံခြားသား အလုပ်သမားတချို့
အောက်တိုဘာ ၂၀ ရက်က ဖမ်းဆီးစစ်ဆေးခံရတဲ့ ကွာလမ်လာပူက နိုင်ငံခြားသား အလုပ်သမားတချို့

အခုရက်ပိုင်း မလေးရှားမှာ အဖမ်းဆီးတွေ အများအပြား ဖြစ်နေကြောင်းလည်း ကွာလာလမ်ပူမြို့ မှာနေထိုင်နေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစိုးထက်သိန်းက ဗွီအိုအေကို ပြောပါတယ်။

"အခုဒီရက်ပိုင်းအတွင်းမှာပဲ အဖမ်းအဆီးတွေကအတော်များတယ်။ ဘလော့ အကြီးကြီးတွေ ချတယ်။ ကားတွေနဲ့ပတ်စစ်တယ်။ ဆိုင်ကယ်တွေနဲ့ရဲတွေကပတ်စစ်တယ်။ ဒီစစ်ဆေးမူတွေသာမက ပြီးခဲ့တဲ့ရက်ကဆိုရင် ဂျန့်ဖြစ်တဲ့ကားတန်းကြီးတွေထဲကနေ ကျနော်တို့ကားကိုဆဲွထုတ်ပြီး မင်းကိုအပြင်ကိုထွက်ပါဆိုပြီး စစ်တာကိုလည်းကြုံရတယ်။ အတော်ကိုဆိုးဆိုးဝါးဝါးဖြစ်နေတဲ့အနေအထားပါ"။

ဒါ့အပြင် မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဂျိုဟိုးဘာရူးမြို့မှာ အနှိပ်ခန်းတွေကို အယောင်ပြပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ နေရာတွေကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနနဲ့ မလေးရှားရဲတပ်ဖွဲ့တို့က အောက်တိုဘာ ၁၈ရက်နေ့ ညပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၀ ရက်က မလေးရှားရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ စစ်ဆေးဖမ်းဆီးခံရ။
အောက်တိုဘာ ၂၀ ရက်က မလေးရှားရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ စစ်ဆေးဖမ်းဆီးခံရ။

အဲဒီစီးနင်းမှုအတွင်း မြန်မာနိုင်ငံသား ၃ ဦး၊ ထိုင်းနိုင်ငံသား ၅ ဦး၊ မလေးရှားနိုင်ငံသား ၃ ဦး ၊ ဗီယက်နမ်နိုင်ငံသား ၃ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂ ဦး စုစုပေါင်း ၁၆ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။

ဒီထဲကတချို့နိုင်ငံသားတွေဟာ ပထမတခေါက် ပြစ်ဒဏ်ကျူးလွန်လို့ ပြည်နှင်ဒဏ်ပေး ခံထားရသူတွေပါ ပါဝင်တယ်လို့ မလေးရှား လူဝင်ကြီးကြပ်ရေးဌာနက ပြောပါတယ်။

အနှိပ်ခန်းတွေကို အယောင်ပြပြီး ပြည့်တန်ဆာလုပ်ငန်းဖွင့်ခဲ့တဲ့အတွက် မလေးရှားလူမျိုး လုပ်ငန်းပိုင်ရှင်နဲ့ ညစောင့်ကိုတော့ တရားမဝင်အလုပ်သမားတွေ ခေါ်ယူထားရုံသာမက ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်တာကြောင့်ပါ ဖမ်းဆီးအရေးယူထားတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံသား ၃ ဦးအပါအဝင် ၁၆ ဦးကို တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှု၊ တရားဝင်အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်မှု ၊ တရားမဝင်လုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်နေမှုတွေအတွက် ‌အရေးယူဆောင်ရွက်သွားမယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

ဒီနှစ် ၂၀၂၃ခု ဇန်နဝါရီကမှာ ယခုလ အောက်တိုဘာလအထိ မလေးရှားနိုင်ငံမှာ ဖမ်းဆီးထိမ်းသိမ်းခံရတဲ့ နိုင်ငံခြားသားပေါင်း ၄၈,၆၅၆ ရှိပြီး အများစုမှာ အင်ဒိုနီးရှား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ပါကစ္စတန်နဲ့ နီပေါ နိုင်ငံသားတွေဖြစ်တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG