အချိန်ပိုင်း အစာရှောင်တာကို စားသောက်ပုံ မမှန်သူတွေအပါအဝင် မလုပ်သင့်သင့်သူ၊ သတိထားလုပ်သင့်သူတွေ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးအကြံပြုကြပါတယ်။
စားသောက်ပုံ ပုံစံမမှန်တာ (Eating Disorder) ဖြစ်နေသူတွေအပြင်၊ ကလေးတွေအနေနဲ့လည်း အချိန်ပိုင်း အစာရှောင်တာ မလုပ်သင့်ပါဘူး။ စားသောက်ပုံ ပုံစံလွဲနေသူတွေဖြစ်တဲ့ အစားအသောက်နဲ့ပတ်သက်လာလျှင် လေတက်သလို၊ ပျို့အန်ချင်သလို ဖြစ်လာသူတွေ (ဝမှာကို ကြောက်ပြီး အစာပုံမှန် မစားသူတွေ) မှာ အစာပုံမှန်လည်ပတ်မှု မရှိတာကြောင့်၊ အခုလို အစာရှောင်လိုက်လျှင် အာဟာရ ရုတ်တရက်ပြတ်ပြီး၊ မူးမေ့လဲတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ ဒါ့အပြင် ကလေး (ဆယ်ကျော်သက်အပါအဝင်) တွေမှာလည်း ကြီးထွားဖို့ အာဟာရ ပိုလိုနေချိန်မှာ သွားတားလိုက်သလို ဖြစ်နိုင်တာကြောင့်ပါ။ ဒါ့အပြင် ကလေးတွေမှာက အစားလွန်ရောဂါကြီးတွေ ဖြစ်လာလေ့ မရှိဘဲ၊ တချို့ကလေးတွေမှာ အာဟာရမမျှတာကြောင့်သာ အဝလွန်တတ်တာအတွက်လည်း၊ အစာရှောင်တာထက် မျှတစာ (အာဟာရစုံအောင်) စားပေးဖို့နဲ့ အသင့်လုပ်စာတွေ ရှောင်ဖို့သာ အရေးကြီးပါတယ်။
ဒါ့အပြင် ဆီးချိုရှိထားသူတွေအနေနဲ့လည်း ဒီအစာရှောင်တာကို မလုပ်သင့်ဘဲ၊ လုပ်ချင်လျှင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သတိထားလုပ်သင့်ပါတယ်။
အကြောင်းက ဆီးချိုရှိသူတွေနဲ့ ဆီးချိုဆေးသောက်နေရသူတွေမှာ ရုတ်တရက် သွေးတွင်းသကြားဓါတ် အတက်အကျ မြန်တတ်ချိန်မှာ၊ အစာရှောင်တာကြောင့် အာဟာရဆိုင်ရာ သကြားဓာတ် ရုတ်တရက် ထိုးကျသွားပြီး ခြေတုန်လက်တုန် မူးမေ့လဲတာ ဖြစ်နိုင်တာကြောင့်ပါ။ ဒါပေမဲ့ ဆီးချိုဖြစ်သူတချို့မှာတော့ စမ်းလုပ်ကြည့်ချင်လျှင် ဆရာဝန် ခွင့်ပြုချက်အရင်ယူပြီး၊ တတ်နိုင်မဲ့ အချိန်တိုအတွင်း ဖြည်းဖြည်းချင်းသာ စမ်းလုပ်သင့်ပါတယ်။ အခုလို စပြီးစမ်းလုပ်နေချိန်မှာလည်း ဆရာဝန်နဲ့ အကောင်းအဆိုး ဖြစ်လာတာတွေကို အမြဲဆက်သွယ် တိုင်ပင်သင့်ပါတယ်။ ဒါ့အပြင် တနေ့လုပ်တနေ့စား နပ်မှန်အောင် ပြေးလွှားလှုပ်ရှားနေရသူ၊ လှုပ်ရှားမှုများတဲ့ တောင်ယာလုပ်ကိုင်နေရသူမျိုးတွေအတွက်တော့ ဒီအစာရှောင်တာလုပ်ဖို့ မလိုပါဘူး။
တချိန်ထဲမှာ ကလေးငယ်တွေရော လူကြီးတွေအပြင်၊ အစာရှောင်သူတွေရော၊ အစာမရှောင်သူတွေ အားလုံးအတွက်ပါ ကယ်လိုရီနည်းပြီး အာဟာရများတာကိုစားတဲ့ အလေ့အကျင့် လုပ်ပေးဖို့ အရေးကြီးလာပါတယ်။ အကြောင်းက အခုခေတ်မှာ ကယ်လိုရီများပြီး အာဟာရနည်းလေ့ရှိတဲ့ အသင့်စားသုံးပစ္စည်းတွေ နေရာတိုင်း လွယ်လွယ်ရနေတာကြောင့် ရှောင်နိုင်ဖို့ ပိုခက်လာလို့ပါ။ ဒါ့အပြင် ဒီအသင့်လုပ် အစားအသောက်တွေမှာ ရေရှည်ခံဖို့ ဓာတုပစ္စည်းတွေ ပါဝင်တတ်ပြီး အစားအသောက်အန္တရာယ်ကင်းမှု (Food Safety) အတွက်လည်း စိုးရိမ်ရပါတယ်။ ဒါကြောင့် အသင့်လုပ် အစားအသောက်တွေအစား၊ သဘာဝ လတ်လတ်ဆတ်ဆတ် အာဟာရပိုရှိတာ (ဟင်းသီးဟင်းရွက်အပါအဝင်) တွေကို ပိုစားသုံးနိုင်ဖို့ သတိနဲ့ယှဉ်ပြီး အတတ်နိုင်ဆုံး ကြိုးပမ်းသင့်ပါတယ်။ ဒါမှသာ အခုနောက်ပိုင်း ပိုဖြစ်လာနေတဲ့ နာတာရှည်ရောဂါကြီးတွေကနေ ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ရှိ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။