သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်မယ့်အရေး ဒေသခံတွေစိုးရိမ်


ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင့်တပ်တော် AA
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင့်တပ်တော် AA

ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးလို့ခေါ်တဲ့ ရှမ်းမြောက်တိုက်ပွဲတွေမှာ ရခိုင် လက်နက်ကိုင် AA အဖွဲ့ပါဝင်နေတာကြောင့် အပစ်ရပ်ထားတဲ့ ရခိုင်မှာ တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ လက်ရှိမှာတော့ ဒေသခံတွေကို AA ဘက်ကနေ ဗုံးခို ကျင်းတွေ တူးထားဖို့ တိုက်တွန်းထားသလို စစ်ကောင်စီဖက်ကလည်း စစ်ရေးလေ့ကျင့်တာတွေ နဲ့ စစ်ဆေးမှုတွေပိုတင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်း ကတင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ ရခိုင် လက်နက်ကိုင် AA အဖွဲ့ကြား နားလည်မှုနဲ့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်က စစ်ဆေးမှုတွေ အရင်ကထက်ပိုပြီးတော့ တင်းကြပ်လာသလို လက်နက်ကြီးပစ် လေ့ကျင့်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒါ့အပြင်လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်တိုက်ပွဲတွေမှာလည်း ရခိုင်လက်နက်ကိုင် AAအဖွဲ့ ပါဝင် တိုက်ခိုက်နေတာတွေကြောင့် စစ်ကောင်စီနဲ့ AAအဖွဲ့ကြား တင်းမာမှုတွေကနေတဆင့် ရခိုင်အထိ တိုက်ပွဲတွေ ရောက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရခိုင်အရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။

“ ဟိုဘက်မှာ AA က ညီနောင်သုံးဖော်နဲ့ ဝင်တိုက်တဲ့အတွက် တိုက်တယ်ဆိုတာကလည်း ပိုပြီးတော့ ပြင်းပြင်းထန်ထန်တိုက်တယ်ပေါ့နော် အဲဒါကြောင့် ဒီဘက်မှာ ဖြစ်လာမလားလို့ စိုးရိမ်မှုတွေ ရှိတယ်၊ ဒီဘက်မှာ စစ်ကောင်စီဘက်ကတော့ စစ်ဆေးတာတွေ ကြမ်းလာတယ်၊ လက်နက်တွေ ပစ်ခတ် စမ်းသပ် တာတွေရှိတယ်၊ နောက်ပြီးတော့ ULA/AAနဲ့ ထားထားတဲ့ ကတိကဝတ်တွေကို မလိုက်နာဘူးဆိုပြီး ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ပြောထားတာလည်း ရှိတယ်၊ ဆိုတော့ ဒီကိစ္စမှာ ဘယ်သူ့ဘက်က စပြီးတော့ အပစ်ခတ်ရပ်စဲရေး ကို ချိုးဖောက်မလဲ စစ်ကောင်စီဘက်က ချိုးဖောက်မယ်ဆိုရင်တော့ ဒီဘက်ကလည်း ပြန်ပြီးတော့ တိုက်ရမယ့် သဘောရှိတယ်။ ဘယ်ဘက်က ချိုးဖောက်မလဲဆိုတာ ကျနော်တို့လည်း စိုးရိမ်ပူပန်မှုတွေနဲ့ စောင့်ကြည့်နေရတဲ့ သဘောရှိတာပေါ့နော်။”

မိုခါမုန်တိုင်း တိုက်ခတ်မှုဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ ရသေ့တောင် ဒေသခံတွေ အနေနဲ့လည်း မုန်တိုင်းကြောင့် စားဝတ်နေရေး ခက်ခဲနေတဲ့ အချိန် နောက်ထပ်တကြိမ် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြရတယ်လို့ ရသေ့တောင် ဒေသခံတဦးကပြောပါတယ်။

“ တင်းကြပ်တာတွေ စစ်ဆေးတွေ များလာတာတော့ရှိတယ်၊ ဒေသခံ ပြည်သူတွေ တော်တော် များများ ကတော့ စိုးရိမ်နေကြတာပေါ့နော်၊ မိုခါတုန်းကလည်း ပျက်စီးကြတယ် စပါးတွေ ဆိုရင်လည်း ပျက်စီးကြတယ်၊ အဲတာကြောင့် အခုကလည်း စပါးရိတ်သိမ်းချိန်နဲ့ နီးလာပြီဆို တော့ တော်တော်များများ ပြည်သူတွေက စိုးရိမ်နေကြတယ်၊ စားဝတ်နေရေး ကြပ်တည်း လာမယ်။ အစစ်အဆေး များလာမယ်၊ အရင်ကလို နောက်ထပ် အစုလိုက်အပြုံလိုက် ထွက် ပြေးရမယ်၊ ကုန်ဈေးနှုန်းတွေ တက်လာမယ်။ အဲဒဏ်တွေကို ပြည်သူလူထုက အကြကြီး ခံစား ရတာဆိုတော့ တိုက်ပွဲဖြစ်လာရင် ပြီးရင်ဆက်သွယ်ရေး ပြတ်တောက်မှာတွေ၊ ဟိုက ပိတ်ဆို့ ဒီက ပိတ်ဆို့နဲ့တော့ မိုခါအလွန် အသက်ရှုတောင် မချောင်သေးတဲ့ အချိန် နောက်ထပ် တိုက်ပွဲ ဖြစ်လာမှာကို တော်တော် စိုးရိမ်နေကြတယ်။”

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင့်တပ်တော် AA
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင့်တပ်တော် AA

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်က ကုန်စည်စီးဆင်းမှုတွေနဲ့ ဆေးဝါးသယ် ယူခွင့်တွေကို ကန့်သတ်တားမြစ်ထားတဲ့ အပြင် ရခိုင်လက်နက်ကိုင် AA အဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးတာတွေ AAအမာခံတွေကို ဖမ်းဆီးတာတွေ ရှိနေတာကြောင့် စစ်ကောင်စီနဲ့ AAအဖွဲ့ကြား တင်းမာမှုတွေ ရှိနေတယ်လို့ ရခိုင်လက်နက်ကိုင် AA က ပြောဆိုထားပါတယ်။

ဒါ့အပြင် အခုလို တင်းမာမှုတွေကနေတဆင့် ရခိုင်မှာ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တာကြောင့် ရခိုင်မြောက်ပိုင်းက ကျေး လက်ဒေသတွေမှာ ဗုံးခိုကျင်းတွေ တူးထားဖို့ပါ တိုက်တွန်းမှုတွေ ရှိနေတဲ့ အတွက်ကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေကြတယ်လို့ ပုဏ္ဏားကျွန်းမြို့ နယ်က စစ်ဘေးဒုက္ခသည် တဦးကပြောပါတယ်။

“ အခုဆိုလို့ရှိရင် စစ်တပ်က ကျနော်တို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖော်မလားဆိုတာကိုတော့ ကျနော်တို့ စိုးရိမ်နေကြတယ်၊ ကျနော်တို့ ဒုက္ခသည်စခန်း တခုလုံးကလည်း စိုးရိမ်နေကြတယ်၊ ကျနော်တို့ကို လွန်ခဲ့တဲ့ ၂ပတ်လောက်က တိုက်တွန်းတာ ရှိတယ် ဗုံးခိုကျင်းတွေ တူးထားကြ ရွာတိုင်း နယ်တိုင်းမှာ ဗုံးခိုကျင်းတူးလို့ ပြောထားတာတော့ရှိတယ်၊ အဲဒါကြောင့် တိုက်ပွဲ ဖြစ်လာမလားလို့ ကျနော်တို့ စိုးရိမ်နေကြတယ်။”

ပြီးခဲ့တဲ့ နှစ်တွေက စစ်ဘေးဒဏ်တွေ အပြင် မုန်တိုင်းနဲ့ သဘာဝဘေး အန္တရာယ်တွေကို အကြီးအကျယ်ခံခဲ့ရတဲ့ ရခိုင်ဒေသခံတွေ အနေနဲ့ လက်ရှိအချိန် အထိ လုံခြုံတဲ့ အမိုးအကာ အောက်ကို ရောက်ဖို့ ခက်ခဲနေသေးသလို စားဝတ်နေရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင် နေကြရဆဲပါ။ ဒါ့အပြင် လုံခြုံရေး အာမခံချက်မရှိတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေး ဒုက္ခသည် ၅သောင်းကျော် လောက်ဟာလည်း စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ကြပ်ကြပ်တည်း တည်း နေထိုင်နေရဆဲ ဖြစ်ပါတယ်။ ရခိုင်မှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာရင် အခြေနေက ပိုဆိုးလာနိုင်တာကြောင့် တိုက်ပွဲတွေ ဖြစ်မလာဖို့ ရခိုင်ဒေသခံတွေ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG