သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူတို့ထိုးစစ်ဟာ အောင်မြင်မှုရနေကြောင်း မဟာမိတ်ညီနောင်(၃)ဖွဲ့ ပြောဆို


မှတ်တမ်း ဓာတ်ပုံ - တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်းမဟာမိတ်ဝင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့ဝင်တချို့ ရှမ်းပြည်နယ် မြောက်ပိုင်းတနေရာမှာ စစ်ရေးလေ့ကျင့်နေတဲ့ မြင်ကွင်းကို ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွေ့မြင်ရစဥ်။
မှတ်တမ်း ဓာတ်ပုံ - တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်းမဟာမိတ်ဝင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့ဝင်တချို့ ရှမ်းပြည်နယ် မြောက်ပိုင်းတနေရာမှာ စစ်ရေးလေ့ကျင့်နေတဲ့ မြင်ကွင်းကို ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွေ့မြင်ရစဥ်။

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ တပတ်ကြာလာနေပြီ ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်(၃)ဖွဲ့က သူတို့ရဲ့ ထိုးစစ်ဟာ အောင်မြင်မှုတွေ ဆက်ရနေတယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ကောင်စီ တပ်စခန်း ဒါဇင်နဲ့ ချီနဲ့ မြို့လေးမြို့ကို သိမ်းပိုက်ထားနိုင်ပြီး တရုတ်နိုင်ငံကို ဆက်သွယ်တဲ့ အရေးပါတဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေကို ပိတ်ဆို့ထားနိုင်ကြောင်း ပြောပါတယ်။

တရုတ်နယ်စပ် နမ့်ခမ်းမြို့အနီးက ကင်းစခန်းတစ်ခုကို သောကြာနေ့က သိမ်းပိုက်လိုက်ကြောင်း TNLA တအာင်း တပ်က ပြောကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ MNDAA ကိုးကန့်သတင်းဌာန The Kokang ရဲ့ နိုဝင်ဘာ ၃ ရက် စစ်ရေး သတင်း ထုန်ပြန်ချက်မှာတော့ ကိုးကန့်စစ်ကြောင်းဟာ ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသဘက်ကို ဆက်လက်ထိုးဖောက်ခဲ့ပြီး ကိုးကန့် ဝမ့်နင်ကျွမ်းဒေသမှာ ရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို သိမ်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ MNDAA ရဲ့ မီဒီယာထဲမှာ ကိုးကန့်တပ်တွေဟာ ကိုးကန့် ခရိုင် အရှေ့ခြမ်း မိုင် ၆၀ လောက် အကွာအထိ ထိုးဖောက် နိုင်ခဲ့တယ်လို့ ပြောထားသလို စစ်ကောင်စီ တပ်စခန်းတွေကနေ သိမ်းထားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို ပြသထားတာ တွေ့ရပါတယ်။

နိုင်ငံတကာအကျပ်အတည်းတွေကြား အာဆီယံနဲ့မြန်မာ့အရေး
please wait

No media source currently available

0:00 0:07:42 0:00

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြောက်ပိုင်း မဟာမိတ်အဖွဲ့က ရှမ်းပြည်နယ်က မြို့အများအပြားကို သိမ်းပိုက်နိုင်ထားတယ်ဆိုတာက ၀ါဒဖြန့်ပြောဆိုချက် အဖြစ် အစောပိုင်းက ချေပခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အဓိက ကုန်သွယ်ရေး အချက်အချာဖြစ်တဲ့ ချင်းရွှေဟော်မြို့ကို စစ်ကောင်စီတပ်တွေ လက်လွှတ်ခဲ့ရကြောင်း စစ်ကောင်စီ ပြောခွင့်ရက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပါတယ်။ ချင်းရွှေဟော်ကနေ အတွင်းပိုင် ၅၅ မိုင် အကွာမှာ ရှိတဲ့ မဟာဗျူဟာကျ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ သိန္နီမြို့မှာ နေထိုင်သူတဦးကတော့ တိုက်ပွဲတွေတွေ ပြင်းထန်နေပြီး ဒေသခံတွေဟာ နေအိမ်ထဲမှာပဲ ပုန်းအောင်းနေကြကြောင်း အေအက်ဖ်ပီကို ပြောပါတယ်။

မြန်မာ့ပဋိပက္ခအဆင့် ယူကရိန်းထက်ကျော်
please wait

No media source currently available

0:00 0:04:25 0:00

အမြောက်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်နေပြီး အခြေအနေက ရှုပ်ထွေးနေကာ သိန္နီမြို့ကို စစ်ကောင်စီ တပ်တွေရော၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေရော ထိန်းချုပ်ထားတာ မဟုတ်ဘူး လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။ မြို့ရဲ့ အရေးပါတဲ့ တံတားတစင်းလည်း ပြိုကျပြီး မြို့က နှစ်ပိုင်းဖြတ်တောက်ခံထားရတယ်လို့ ဆိုပါတယ်။ အနီးအနား အစွန်အဖျားကျေးရွာတွေက ဒေသခံတွေဟာလည်း တိုက်ပွဲရှောင်နေရတယ်လို့ ပြောပြီး ထောင်နဲ့ချီတဲ့လူတွေ မြို့ထဲမှာ ပိတ်မိနေကာ စားစရာတွေ ဝေမျှစားနေရတယ်လို့ ပြောပါတယ်။ အရပ်သား ၁၀ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဒေသခံကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။

ဝေးလံခေါင်သီတဲ့ ဒေသတွေ ဖြစ်ပြီး တိုက်ပွဲတွေ အတွင်း ဆက်သွယ်ရေးလမ်းကြောင်းတွေလည်း ပျက်စီးတာတွေ ရှိလို့ အသေအပျောက်စာရင်းကို သီးခြား အတည်မပြုနိုင်သေးပါဘူး။ တရုတ်နိုင်ငံနယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းက တပတ်ကြာ တိုက်ပွဲတွေ အတွင်း လူပေါင်း ၃၇,၀၀၀ ကျော် နေရပ်ကနေ စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ သတင်းကွန်ရက်က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံ - မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့် တပ်ဖွဲ့ဝင်တွေကို လောက်ကိုင်မြို့နယ်အနီး စစ်ကောင်စီ အခြေစိုက်စခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက်တွေ့မြင်ရတဲ့ မြင်ကွင်း။
ကိုးကန့်တပ်ဖွဲ့ သတင်းကွန်ရက်က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံ - မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့် တပ်ဖွဲ့ဝင်တွေကို လောက်ကိုင်မြို့နယ်အနီး စစ်ကောင်စီ အခြေစိုက်စခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက်တွေ့မြင်ရတဲ့ မြင်ကွင်း။

ချင်းရွှေဟော်မြို့ကနေ ၂၂ မိုင် အကွာမှာရှိတဲ့ နောက်ထပ် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တရုတ် နယ်စပ်မြို့ဖြစ်တဲ့ လောက်ကိုင်မှာ ပိတ်မိနေတဲ့ ထိုင်း နိုင်ငံသား ၁၆၂ ဦးကို ကယ်ထုတ်ဖို့ အစီအစဉ်ရှိကြောင်းလည်း ထိုင်းစစ်တပ်က အစောပိုင်းက ကြေညာထားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ထိုင်းနိုင်ငံသား ၁၆၂ ဦးဟာ မြန်မာ စစ်ကောင်စီရဲ့ လမ်းညွှန်မှုအောက်မှာ ဘေးကင်းလုံခြုံပြီး သူတို့အနေနဲ့ မြို့ကနေ ထွက်ခွာ လိုရင် နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံကို ရွှေ့ပြောင်းပေးသွားမယ် ဆိုပါတယ်။ တရုတ်နိုင်ငံဟာ သူ့ရဲ့ ရည်မှန်းချက် ကြီးတဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်း ဖြစ်တဲ ရပ်ဝန်းတခု၊ လမ်းကြောင်းတခုရဲ့ အခြေခံအဆောက်အအုံစီမံကိန်းအတွက် ဒေါ်လာဘီလီယံချီတန်တဲ့ ရထားလမ်းပိုင်း တစိတ်တပိုင်း ဖြတ်သန်းရာ ရှမ်းပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေးအတွက် ကြာသပတေးနေ့က တောင်းဆိုထားပါတယ်။

ကိုးကန့်တပ်ဖွဲ့ သတင်းကွန်ရက်က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံ - မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဗိုလ်ချုပ် ဖုန်ဒီချီ (ဗဟို ယာ) က လားရှိုးမြို့နယ်အနီး မြန်မာစစ်တပ်နဲ့ တိုက်ပွဲ တခု အတွင်း စစ်ဆင်ရေးကွပ်ကဲနေတဲ့ မြင်ကွင်း
ကိုးကန့်တပ်ဖွဲ့ သတင်းကွန်ရက်က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံ - မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဗိုလ်ချုပ် ဖုန်ဒီချီ (ဗဟို ယာ) က လားရှိုးမြို့နယ်အနီး မြန်မာစစ်တပ်နဲ့ တိုက်ပွဲ တခု အတွင်း စစ်ဆင်ရေးကွပ်ကဲနေတဲ့ မြင်ကွင်း

ဟောင်ကောင်တက္ကသိုလ်က လက်ထောက်ပါမောက္ခ Enze Han က ချင်းရွှေဟော် အပါအဝင် တရုတ်နိုင်ငံကို ဆက်သွယ်တဲ့ အခြားအဓိကလမ်းတွေ ဆုံးရှုံးသွားလို့ “အနည်းဆုံးတော့ အခုလောလောဆယ် တရုတ်နဲ့ မြန်မာ ကြား နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးက ရပ်တန့်သွားပြီ” လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောထားပါတယ်။ နယ်စပ် ကုန်သွယ်ရေးဟာ စစ်ကောင်စီအတွက် အရေးပါတဲ့ ၀င်ငွေအရင်းအမြစ် တခု ဖြစ်ပြီး အခု နှစ်ဧပြီ ကနေ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံကျော်ရှိခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာက စက်တင်ဘာလ ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG