သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ကို တန်ပြန် ထိုးစစ် ဆင်ဖို့ စစ်ခေါင်းဆောင် ပြောကြား


တရုတ်- မြန်မာနယ်စပ် တိုက်ပွဲတွေပြင်းထန်နေချိန် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong က နေပြည်တော်ကို လာရောက်ပြီး မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ။ ၂၀၂၃၊ အောက်တိုဘာလ ၃၁။ ဓာတ်ပုံ - တပ်မတော်သတင်းပြန်ကြားရေး
တရုတ်- မြန်မာနယ်စပ် တိုက်ပွဲတွေပြင်းထန်နေချိန် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong က နေပြည်တော်ကို လာရောက်ပြီး မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ။ ၂၀၂၃၊ အောက်တိုဘာလ ၃၁။ ဓာတ်ပုံ - တပ်မတော်သတင်းပြန်ကြားရေး

ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ် နယ်စပ် အနီးက မြို့တွေကို သိမ်းပိုက်ထားတဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ကို စစ်ကောင်စီ တပ်တွေက တန်ပြန် ထိုးစစ်တွေ ပြန်လည် ဆင်နွှဲသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြောင်း စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မီဒီယာတွေမှာ သောကြာနေ့က ဖော်ပြပါတယ်။ ရှမ်းမြောက်မှာ စစ်စခန်းတွေနဲ့ စစ်ကောင်စီ ရုံးဌာနတွေ တိုက်ခိုက်ခံရကြောင်းနဲ့ မြောက်ပိုင်းအဖွဲ့တွေကို ပြန်လည် ထိုးစစ်ဆင်မယ်လို့ စစ်ကောင်စီ အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောရမှာ စစ်ခေါင်းဆောင်က ထည့်သွင်းပြောခဲ့တယ်ဆိုပါတယ်။

ဒါ့အပြင် ကချင် ပြည်နယ်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သယ်ယူပို့ဆောင်ရေးစခန်းတွေနဲ့ စစ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲကာ စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ အာဏာသိမ်းခေါင်းဆောင်က သတိပေးပါတယ်။ ငြိမ်းချမ်း တည်ငြိမ်ရေးကို မနှောင့်ယှက်ဖို့ KIA ကို သတိပေးထားတဲ့ ကြားက အခုလို တိုက်ခိုက်တာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားလူနည်းစုတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ခဲ့ပေမယ့် စစ်စခန်းတွေကို တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို တန်ပြန်တိုက်ခိုက်မယ်လို့ ဆိုပါတယ်။

မှတ်တမ်း ဓာတ်ပုံ - တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ - AP/Gemunu Amarasinghe)
မှတ်တမ်း ဓာတ်ပုံ - တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ - AP/Gemunu Amarasinghe)

“စစ်တပ်ရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့ ကျနော်တို့ အပြည့်အဝ ပြင်ဆင်ထားပါတယ်” လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝေ က အေပီသတင်းဌာနကို တုံ့ပြန် ပြောဆိုထားပါတယ်။ သောကြာနေ့ အထိ မဟာမိတ်အဖွဲ့ဟာ စစ်ဘက်ဆိုင်ရာပစ်မှတ် ၉၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော် လက်နက်ချခဲ့ကြောင်း ကိုးကန့်တပ် ပြောခွင့်ရ လီကျားဝေက ပြောပါတယ်။

အရင်အပတ်ကတည်းက ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တွေ ပေါင်းစုထားတဲ့ ညီနောင် မဟာမိတ် အဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်တွေကို သိမ်းပိုက်နိုင်ရေး အချိန်ကိုက် ညှိနှိုင်းထိုးစစ်ဆင်ခဲ့ကြတာပါ။ အာဏာသိမ်း စစ်ခေါင်းဆောင်က တိုက်ခိုက်မယ်လို့ ထည့်သွင်း ပြောခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ကိုယ်ပိုင် လက်နက်တချို့ကို ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခု ဖြစ်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ မဟာမိတ်ဖြစ်ပါတယ်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ ထိုးစစ်ဟာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်လုံးအတိုင်းအတာနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးကို အားကောင်းစေတယ်လို့လည်း သုံးသပ်လေ့လာသူတွေက ရှုမြင်ထားကြပါတယ်။

မှတ်တမ်း ဓာတ်ပုံ - ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် တချို့ကို KIA ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ တရုတ်-မြန်မာ နယ်စပ်မြို့ လိုင်ဇာမှာ တွေ့ရစဥ်။ (AP ဓာတ်ပုံ/ခင်မောင်ဝင်း၊ FILE)
မှတ်တမ်း ဓာတ်ပုံ - ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် တချို့ကို KIA ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ တရုတ်-မြန်မာ နယ်စပ်မြို့ လိုင်ဇာမှာ တွေ့ရစဥ်။ (AP ဓာတ်ပုံ/ခင်မောင်ဝင်း၊ FILE)

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် က စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံ၊ သိန္နီ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ လားရှိုး၊ လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ချင်းရွှေဟောနဲ့ နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ကချင်ပြည်နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ဒေသတချို့မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

တရုတ်နယ်စပ်က နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကမြို့ဖြစ်တဲ့ ချင်းရွှေဟော် အပါအဝင် ပန်ဆိုင်းနဲ့ ဖောင်ဆိုင်းမြို့တွေကို စစ်ကောင်စီဘက်က လက်လွှတ်ခဲ့ရကြောင်းကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်တပ် ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် MRTV ရုပ်မြင်သံကြားကို ကြာသပတေးနေ့မှာ ဝန်ခံခဲ့ပါတယ်။ “အခုအချိန်မှာ အစိုးရ၊ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး အဖွဲ့အစည်းတွေက လက်လွှတ်ရတဲ့ နေရာတွေ ရှိတယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေ အတွင်း စစ်ဘေးရှောင် ဦးရေ ၃၇,၄၀၀ ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့အခြေအနေပြ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်းမှာ လူပေါင်း ၁.၈ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

XS
SM
MD
LG