သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး−ဟားမတ်စ် ပဋိပက္ခ မကျယ်ပြန့်ရေး ကန်ဦးစားပေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်

ဂါဇာမှာ အကြမ်းဖက်မှုတွေ တိုးမလာအောင် ဟန့်တားဖို့နဲ့ အစ္စရေး−ဟားမတ်စ် ပဋိပက္ခ ပိုမို ကျယ်ပြန့်မလာရေးကို အစ္စရေးဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန် သူ အဓိက ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ အစ္စရေးကို ရောက်နေတဲ့ ဝန်ကြီးဘလင်ကန်ဟာ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ အစိုးရ အဖွဲ့ကို Tel Aviv မြို့မှာ သောကြာနေ့က တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံမှုအပြီး ဝန်ကြီးဘလင်ကန် သတင်းထောက်တွေ နဲ့ တွေ့ဆုံချိန်မှာတော့ − အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးကို ဟားမတ်စ် အဖွဲ့တွေ ဝင်ရောက် စီးနင်းတိုက်ခိုက်တဲ့ အကြမ်းဖက်မှုမျိုး ထပ်မံ မဖြစ်ပွားစေဖို့ နဲ့ အစ္စရေး အတွက်ရော ပါလက်စတိုင်း အတွက်ပါ ပိုမိုကောင်းမွန်တဲ့ အနာဂတ် တရပ် ဖန်တီးနိုင်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာတွေကို ပြောဆိုသွားပါတယ်။

အစ္စရေးမှာ လူပေါင်း ၁၄၀၀ လောက် သေဆုံးခဲ့ရပြီး ၂၃၀ ပြန်ပေးဆွဲခံခဲ့ရတဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို လုပ်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့ကိုတော့ အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာပါ။ အမေရိကန်အနေနဲ့ အစ္စရေးရဲ့ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ပိုင်ခွင့်ကို ဆက်လက် ထောက်ခံ ရပ်တည်သွားမယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောဆိုသွားပါတယ်။ ဒုတိယ ဦးစားပေး ကတော့ ပါလက်စတိုင်း အရပ်သားတွေကို ကာကွယ်ပေးသွားဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဟားမတ်စ် အဖွဲ့ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဘက်က လေကြောင်းကနေ ပြန်လည် တိုက်ခိုက်ရာမှာတော့ ပါလက်စတိုင်းသား ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဂါဇာမှာ သေဆုံးသူ ဦးရေဟာ ခုဆိုရင် ၉၀၀၀ ကျော် သွားပြီလို့ ဟားမတ်စ်အဖွဲ့က လည်ပတ်နေတဲ့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ပြောပါတယ်။ ပါလက်စတိုင်းနယ်မြေမှာ လူသားဘေးဒုက္ခ ပိုမို ဆိုးရွားလာနေတာကို ဖြေရှင်းဖို့နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ နိုင်ငံတကာက သံတမန်ရေး အရ ကြိုးပမ်းနေကြပေမဲ့လို့ အစ္စရေးကတော့ ထိုးစစ်ဆင်မှုတွေ ဆက်လုပ်နေပြီး သူတို့တပ်ဖွဲ့တွေအနေနဲ့ ဂါဇာမြို့ကို ဝိုင်းထားပြီလို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG