အဆုံးသတ်တိုက်ပွဲရဲ့ အစ။
နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ အခွင့်အလမ်းတစ်ခုဖြစ်တယ်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့၁၀၂၇ စစ်ဆင်ရေးဟာ အဆုံးသတ်တိုက်ပွဲရဲ့ အစဖြစ်တယ်။ဒီလို မှတ်ချက်ပေးသူကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAOs)တွေနဲ့ ၁၀ နှစ်ကျော် လက်တွဲ အလုပ်လုပ်လာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြံပေး Victor ဖြစ်ပါတယ်။
ဒေါက်တာ တေဇာစန်းကလည်း ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးအတွက် အလွန်အရေးပါတဲ့စစ်ဆင်ရေးဖြစ်တယ်။၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာပြည်သူတွေနဲ့ အမှန်တရားဘက်မှာ ရပ်တည်သူတွေအတွက် ရှင်းလင်းတဲ့ သတင်းစကားကိုပေးပါတယ်။အဲဒါကတော့ ငါတို့နိုင်မယ့် တော်လှန်ရေးဖြစ်တယ်လို့ ဆိုပါတယ်။။တေဇာစန်းဟာ ၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းလိုက်ချိန်မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ပထမဆုံး စတင်ဆန္ဒပြခဲ့သူဖြစ်ပါတယ်။
Victor နဲ့ တေဇာစန်းတို့ရဲ့ ပြောကြားချက်တွေကိုဖော်ပြခဲ့တာကတော့ မြန်မာနိုင်ငံမြောက်ပိုင်းက စစ်ဆင်ရေးဟာ စစ်အာဏာသိမ်းတာကို လက်မခံတဲ့ ခုခံတော်လှန်ရေးအင်အားစုတွေအတွက် အင်အားသစ်တွေ ယူဆောင်လာတယ်ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဒီဆောင်းပါးကို Emily Fishbein၊Jaw Tu Hkawng နဲ့ Zau Myet Awng တို့သုံးဦး ပူးတွဲရေးသားကာ Aljazeera သတင်းဌာနက ၂၀၂၃၊နိုဝင်ဘာ ၃ ရက်နေ့မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အင်အားကောင်းတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊တရုတ်နယ်စပ်တလျှောက် မှာတိုက်ခိုက်ခဲ့တာဖြစ်တယ်။ဒီစစ်ဆင်ရေးဟာ စစ်တပ်ကို အနိုင်တိုက်နိုင်တယ်ဆိုတဲ့ လူထုရဲ့မျှော်လင့်ချက်ကို မြင့်မားလာစေတယ်လို့ ဆောင်းပါးရှင်တွေက ရေးသားထားပါတယ်။
ဆောင်းပါမှာ ဒေသခံတွေရဲ့ အသံတချို့ကိုလည်းဖော်ပြထားပါတယ်။လားရှိုးမြို့မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ဘာတွေဖြစ်တယ်ဆိုတာ သိဖို့မလွယ်ဘူး။ဘာလို့လဲဆိုတော့ အိမ်ပြင်ထွက်လို့မရဘူး။အိမ်ထဲမှာပဲနေနေရလို့ပါ။ဘာတွေဖြစ်နေလဲဆိုတာသိဖို့ ဖုန်းကိုပဲသုံးနေရတယ်။ဖုန်းလိုင်းကလည်းဖြတ်လိုက်၊ပြတ်လိုက်နဲ့။ ဘာမှလည်း မလုပ်နိုင်သလို ဘာဖြစ်မယ်ဆိုတာလည်း မရေရာ စိုးရိမ်နေရတဲ့အခြေအနေပါလို့ ဆိုပါတယ်။ကွတ်ခိုင်က အောင်းအောင်းဆိုသူ ကတော့ လျှပ်စစ်မီးတွေလည်းပျက်နေတယ်။တိုက်ပွဲတွေကြောင့် လမ်းတွေလည်းပိတ်ထားတယ်။မြို့ထဲမှာ နေရတာ လုံခြုံမှု မရှိတော့ဘူး။ ဘေးလွတ်ရာရှောင်ဖို့ မြို့ထဲကလည်း ထွက်လို့ မရသလို အပြင်ကလူလည်း မြို့ထဲဝင်လို့မရဘူး။ပြောရရင် တမြို့လုံးဟာ ဒုက္ခသည် စခန်းတစ်ခုလို ဖြစ်နေပါပြီတဲ့။
ဆောင်းပါးက တရုတ်နိုင်ငံရဲ့ အနေအထားကိုလည်းရေးသားထားပါတယ်။တရုတ်ဟာ မြန်မာနိုင်ငံတွင်းမှာ အခြေခံအဆောက်အအုံတွေအပါအဝင် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြုပ်နှံထားသလို စစ်ကောင်စီကိုလည်း လက်နက်အများဆုံးရောင်းနေတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်တယ်။အွန်လိုင်းလောင်းကစား လိမ်လည်မှုတွေကို ပြင်းပြင်းထန်ထန်နှိမ်နင်းနေတဲ့ တရုတ်ဟာ စစ်ကောင်စီကိုလည်း နှိမ်နင်းဖို့ ဖိအားပေးပါတယ်။ဒါပေမဲ့ မြန်မာစစ်ကောင်စီက အွန်လိုင်းလောင်းကစားလိမ်လည်မှုနှိမ်နင်းရေးကို သိပ်အလေးမထားပါဘူး။ဒါကြောင့် တရုတ်က စစ်ကောင်စီကို စိတ်ပျက်နေချိန်မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့စစ်ဆင်ရေးက အချိန်ကိုက်ပေါ်ပေါက်လာတာတွေ့ရတယ်။တရုတ်ဟာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ပိုပြီးစိတ်အားထက်သန်လာတာတွေ့ရတယ်။တော်လှန်ရေးမှာပါဝင်တဲ့ အင်အားစုတိုင်းနဲ့ ဆက်သွယ်ပြီး သူ့ရဲ့ လွှမ်းမိုးမှုကို ပြသလာတယ်။တရုတ်ဟာ သူ့ရဲ့လွှမ်းမိုးမှုကို အသုံးချပြီး ဘာဆက်လုပ်မလဲဆိုတာကတော့ အရေးကြီးပြီး စောင့်ကြည့်ရမယ့်အချက်ဖြစ်တယ်။၁၀၂၇ စစ်ဆင်ရေးကိုဘယ်လိုရည်ရွယ်ချက်တွေနဲ့ပဲ စတင်ခဲ့သည်ဖြစ်ပါစေ ပြည်သူတွေကတော့ နွေဦးတော်လှန်ရေးစကတည်းက ပြင်းပြစွာမျှော်လင့်တောင်းတခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြား ညှိနှိုင်းပြီး အတူလက်တွဲကာ စစ်ကောင်စီကိုတိုက်ခိုက်တဲ့ စစ်ဆင်ရေးလို့ ယုံကြည်ကြပါတယ်လို့ Aljazeera ဆောင်းပါးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကိုလည်း ဆောင်းပါးမှာဖော်ပြထားပါတယ်။အဲဒီထုတ်ပြန်ချက်မှာ တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ ပြည်သူလူထုတစ်ရပ်လုံးဟာ စစ်အာဏာရှင်စနစ်ဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြဖို့၊သွေးစည်းညီညွတ်မှုနဲ့ တော်လှန်ရေးခရီးကို ဆက်လက်ချီတက်ကြဖို့ တောင်းဆိုထားတဲ့အကြောင်းလည်း ရေးသားထားပါတယ်။
The Guardian ကလည်း ၂၀၂၃၊နိုဝင်ဘာ ၆ ရက်နေ့မှာ လက်နက်ကိုင်အင်အားစုတွေရဲ့ စစ်ဆင်ရေးသစ်က မြန်မာစစ်ကောင်စီကို ကြီးမားတဲ့ အခက်အခဲဖြစ်စေတယ်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ဖော်ပြပါတယ်။
ဆောင်းပါးမှာ စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကစလို့ စစ်ရေးအရ ကြီးမားတဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတယ်။မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ အဓိကကုန်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ထားပြီး မြို့တွေအပါအဝင် တရုတ်နယ်စပ်တလျှောက်က ဒါဇင်ပေါင်းများစွာသော စစ်ကောင်စီရဲ့ စစ်စခန်းတွေကို သိမ်းပိုက်ထားတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်တဲ့ အင်အားစုအသစ်တွေကြားမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ဦးဆောင်ညှိနှိုင်းမှုနဲ့ ဖြစ်ပေါ်လာတဲ့ စစ်ဆင်ရေးဟာ မြန်မာစစ်တပ်ကို အရှိုက်ထိစေတဲ့ ဖောက်ခွဲမှုဖြစ်တယ်။ဒီစစ်ဆင်ရေးဟာ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို ပိုမိုကျယ်ပြန့်လာစေမှာဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေကဆိုကြောင်း ရေးသားထားပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တပ်ပေါင်းစုမူကို အတိအကျကျင့်သုံးလို့ အခုလိုအောင်မြင်မှုရနေတာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဌ ခွန်မြင့်ထွန်းက Burma News Network နဲ့အင်တာဗျူးမှာ ပြောကြားခဲ့တာတွေ့ရပါတယ်။ ပြောရရင် ၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုဟာ အတူတကွ ပူးပေါင်းဆောင်ရွက်မှု၊ညှိနှိုင်း အကောင်အထည်ဖော်မှုရဲ့ ရလဒ်ဆိုတာ အကောင်းဆုံးသက်သေပြချက်တစ်ခုဖြစ်ပါတယ်လို့ နိုင်ငံရေးလေ့လာသူ တစ်ဦးကလည်း မှတ်ချက်ပေးပါတယ်။ဒါ့အပြင် သူက ၁၀၂၇ စစ်ဆင်ရေးဟာ အဆုံးသတ်တိုက်ပွဲရဲ့အစလို့ Victor ပြောတာကို သဘောတူပါတယ်။
အဆုံးသတ်တိုက်ပွဲရဲ့ နိဂုံးဖြစ်ဖို့ End Game ပေါ့ဗျာ၊End Game ဖြစ်ဖို့ကတော့ အခု မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ ပူးပေါင်းဆောင်ရွက်မှုကို နမူနာယူပြီးတော်လှန်ရေးကို ဦးဆောင်နေသူတွေအနေနဲ့ နိုင်ငံရေးအရ၊စစ်ရေးအရ အခြေခံသဘောတူညီမှုတွေ ရအောင် ညှိနှိုင်းကြဖို့လိုပါတယ်။စစ်ကောင်စီဟာ နိုင်ငံရေး၊စစ်ရေး၊စီးပွါးရေး၊သံတမန်ရေး ဘက်ပေါင်းစုံ အကျပ်အတည်းဆိုက်နေတာပါ။နောက်ပြီး တပ်တွင်းအောက်ခြေမှာ စိတ်ဓာတ်ရေးရာကလည်း ပြိုနေပြီလို့ ပြောလို့ရတယ်။ဒီတော့ နွေဦးတော်လှန်ရေး အင်အားစုတွေကြားမှာ Coordinated Military Attacks သာလုပ်နိုင်ရင် စစ်ကောင်စီဟာ အာဖဂန်န်မှာလို ရုတ်တရက် ပြိုသွားနိုင်တယ်လို့ ဆိုပါတယ်။
ပြည်သွေးနိုင်