သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် စာသင်ကျောင်း စစ်ကောင်စီဗုံးထိလို့ (၁၁) ဦးသေဆုံး


စစ်ကောင်စီ တိုက်လေယာဥ်တချို့ စစ်ရေးလေ့ကျင့်နေတဲ့ မြင်ကွင်း
စစ်ကောင်စီ တိုက်လေယာဥ်တချို့ စစ်ရေးလေ့ကျင့်နေတဲ့ မြင်ကွင်း

ချင်းပြည်နယ်က စာသင်ကျောင်း တကျောင်းကို စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေး (၈) ဦးအပါအဝင် လူ (၁၁) ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေ၊ ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သောကြာနေ့မှာ ပြောပါတယ်။ နိုဝင်ဘာလ (၁၅) ရက်နေ့၊ ညနေ ၆ နာရီ ၄၀ မိနစ်လောက်မှာ ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်၊ ဝေလူးကျေးရွာ၊ ရွာအလယ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အသက်(၅) နှစ်အရွယ်ကလေးငယ်အပါအဝင် (၄) ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး အရပ်သား အဆောက်အအုံတွေနဲ့ ဘာသာရေး အဆောက်အအုံတွေလည်း ထိခိုက်ခဲ့တယ်လို့ NUG ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

လူမှုကွန်ရက်တွေမှာ ဒေသခံတွေရဲ့ ရေးသားချက် အရ အိမ်ခြေ ၈၀ လောက်ပဲ ရှိတဲ့ ဝေလူး ဆိုတဲ့ တောင်ပေါ် ရွာမှာ စစ်လေယာဥ်တွေက ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ အနည်းဆုံး ဗုံးနှစ်လုံး ကြဲချခဲ့ပါတယ်။ အဲဒီမှာ ယာယီစာသင်ကျောင်း အဖြစ် အသုံးပြုနေတဲ့ အိမ်တစ်လုံးကို ထိခိုက်ခဲ့ပြီး ကလေး (၈) ဦးနဲ့ လူကြီး (၃) ဦး သေဆုံးခဲ့တာပါ။ သေဆုံးသူတွေထဲမှာ အသက် ၃၄ နှစ်အရွယ် ဆရာနဲ့ ဆရာရဲ့ မိခင်နဲ့ ဆရာရဲ့ ကလေး နှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ကလေးတွေဟာ အသက် (၇) နှစ် ကနေ (၁၁) နှစ်ကြား အရွယ်တွေ ဖြစ်ပါတယ်။

NUG ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းရဲ့ အေပီ သတင်းကို ပြောဆိုချက်မှာတော့ “ကလေးငယ်တွေ စာသင်နေတဲ့ အဆောက်အအုံတလုံးကို ဗုံးတလုံး ကျရောက်ခဲ့ပြီး ကျောင်းသား ရှစ်ဦး၊ အသက်သုံးဆယ်ကျော် လူကြီး နှစ်ဦးနဲ့ အသက် ၆၅ နှစ်အထက် ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း ပြောပါတယ်။ “ကလေးအားလုံးက အသက် ၁၂ နှစ်အောက်ဖြစ်ပြီး နှစ်ယောက်က ဆရာရဲ့ ကလေးတွေပါ” လို့ ဒုဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းက ဖုန်းကတဆင့် အေပီ သတင်းကို ပြောပါတယ်။ ဘုရားကျောင်းတကျောင်း၊ စာသင်ကျောင်း ၂ လုံးနဲ့ ရွာထဲက နေအိမ် ၁၈ လုံး ပျက်စီးခဲ့ကြောင်း သူက အတည်ပြုပါတယ်။

ဒီဒေသတဝိုက် တိုက်ခိုက်မှု တစုံတရာ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီဘက်က ကြေညာခြင်း မရှိသေးပါဘူး။ အနီးနားကျေးရွာက ဒေသခံတဦးရဲ့ ပြောဆိုချက် အရ အဲဒီမှာ ချင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တွေ အပါအဝင် လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေစိုက်စခန်းတွေ မရှိကြောင်းနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အခု ဗုံးကြဲခံရတဲ့ ရွာဟာ ပလက်ဝမြို့နယ် နယ်စပ်အနီးမှာ အဲဒီဘက်ခြမ်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံက အေပီကို ပြောပါတယ်။

XS
SM
MD
LG