သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ဆွေးနွေးဖို့ အာဆီယံဆော်သြမှု အဖွဲ့အစည်း ၆၀၀ ကျော် ကန့်ကွက်


ASEAN
ASEAN

စစ်ကောင်စီနဲ့ဆွေးနွေးဖို့ အာဆီယံဆော်သြမှု အဖွဲ့အစည်း ၆၀၀ ကျော် ကန့်ကွက်

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ “အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ” လုပ်ဖို့ ဆော်သြနေတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အာဏာရှင်တိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းမှုတွေကို ထိခိုက် ပျက်ပြားအောင် လုပ်နေတာဖြစ်လို့ ဒီလို လုပ်ဆောင်နေတာတွေကို ရပ်ဖို့ ပြည်တွင်းပြည်ပက မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း ၆၀၀ ကျော်က အာဆီယံကို တောင်းဆိုလိုက်ပါတယ်။

တရားမဝင် စစ်ကောင်စီနဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့ ကျူးလွန်တဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ရရှိရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးကို မြန်မာပြည်သူတွေက လိုလားနေကြတာ ဖြစ်ပြီး အာဆီယံအနေနဲ့ ဒီလို မြန်မာြပည်သူတွေရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ လုပ်ဆောင်ချက်တွေကိုသာ ခိုင်ခိုင်မာမာ ဆောင်ရွက်သင့်တဲ့ အကြောင်း မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ ၆၀၁ ဖွဲ့က လက်မှတ်ရေးထိုးပြီး ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ လူသားထုအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ နဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို တာဝန်ခံမှု ရှိလာအောင် အာဆီယံအနေနဲ့ အရေးယူ ဖိအားပေးနိုင်ခြင်း မရှိဘူးလို့ ကြေညာချက်ထဲမှာ ဖော်ပြထားတယ်။

အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ လက်ချက်နဲ့ လူ ၄၂၀၀ ကျော် သေဆုံးခဲ့ရပြီး ၂ သောင်းခွဲကျော် ဖမ်းဆီးခံခဲ့ရသလို၊ အိုးအိမ်နဲ့ အဆောက်အအုံပေါင်း ၇၆,၀၀၀ ကျော် ချိတ်ပိတ်ခံရတယ်လို့ ထောက်ပြပြီး အာဆီယံဟာ ဒီလို အခြေအနေတွေကိုတော့ လစ်လျူရှုပြီး ဖိနှိပ်မှု ခံစားနေရသူတွေကို စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းဖို့ပဲ ဆက်လက် တိုက်တွန်းနေတယ် ဆိုပြီး အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို အဖွဲ့ ၆၀၀ ကျော်ရဲ့ကြေညာချက်မှာ ဝေဖန် ထောက်ပြထားပါတယ်။

XS
SM
MD
LG