သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် တိုက်ပွဲ ဒေသခံတွေအပေါ် သက်ရောက်မှု


ချင်းလူ့အခွင့်အရေးအဖွဲ့ (CHR) တာဝန်ခံ ဆလိုင်းမန်ဟရဲလျန်
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHR) တာဝန်ခံ ဆလိုင်းမန်ဟရဲလျန်

ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းရန် စိုးရိမ်နေရပေမဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေ ၈၀% လောက် ပြန်ပြီး သိမ်းပိုက်လာနေတာကြောင့် ပြည်သူတွေ အရင်လို နေရပ်စွန့်ခွာ ထွက်ပြေးဖို့ မလိုတော့ဘူးလို့ ချင်းလူ့အခွင့်အရေးအဖွဲ့တာဝန်ခံက ဗွီအိုအေကိုပြောပါတယ်။

ချင်းပြည်နယ်က နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHR) တာဝန်ခံတဦးဖြစ်သူ ဆလိုင်းမန်ဟရဲလျန် ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ လက်ရှိ ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသလဲရှင့်။

ဆလိုင်းမန်ဟရဲလျန် ။ ။ အခု နိုဝင်ဘာလကစပြီးတော့ ချင်းပြည်နယ် မြို့နယ်တိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ အဓိက တိုက်ပွဲဖြစ်တာက စစ်ကောင်စီက စစ်ကြောင်းထိုးပြီးတော့ တိုက်ပွဲဖြစ်တာမျိုး မဟုတ်ဘဲနဲ့ အသွင်ပြောင်းသွားတာကတခု။ အခုကတော့ မြေပြင်စခန်းသိမ်းတိုက်ပွဲတွေက စပြီးတော့ ဖြစ်လာတယ်။ နိုဝင်ဘာလက စဖြစ်ခဲ့တယ်။ မြို့အပိုင်းမှာတော့ ရိဒ်ခေါဒါရ်မြို့စခန်းတွေကို သိမ်းတယ်။ အဲဒီကနေ ဖလမ်းမြို့နယ်က .. စခန်းကို သိမ်းတယ်။ နောက် တောင်ပိုင်းဘက်က ရေဇွာမြို့လည်း မနေ့တနေ့ကပဲ သိမ်းယူခဲ့တယ်။ ပြီးတော့ လိုင်လင်းပီမြို့လည်း သိမ်းထားတယ်။ ဆိုတော့ အခုအချိန်အထိ၊ ဒီနေ့ဒီအချိန်အထိ ချင်းပြည်နယ်မြို့တိုင်းလိုလိုမှာ တိုက်ပွဲဖြစ်နေတာကို တွေ့ရတယ်။ မင်းတပ်မှာလည်း ဒီနေ့တ်ိုက်ပွဲဖြစ်ပြီးတော့ ကျနော်တိို့ တွေ့ရှိချက်အရ အနည်းဆုံး အိမ်လေးအိမ်တော့ မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရတယ်။ ဟားခါးမြို့မှာလည်း နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တယ်။ ထန်တလန်မှာလည်း နေ့တိုင်းလို တိုက်ပွဲဖြစ်နေတယ်။ ဆိုတော့ အခု နိုဝင်ဘာလမှာတော့ ချင်းပြည်နယ် တိုက်ပွဲအခြေအနေကို ကြည့်တဲ့အခါမှာ မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေက မြို့နယ်တိုင်းမှာ ဖြစ်နေတာကို တွေ့ရပါတယ်။

မေး ။ ။ အဲဒီတော့ ရာခိုင်နှုန်းအရဆိုရင် ချင်းပြည်နယ်တပြည်နယ်လုံး အခု ဆလိုင်းမန် ပြောသွားတဲ့အရဆိုရင် တိုက်ပွဲတွေက နေရာအနှံမှာ ဖြစ်နေတော့ ရာခိုင်နှုန်းအရ ဒီနယ်မြေသိမ်း တိုက်ပွဲတွေကို ပြောရမယ်ဆိုရင် ချင်းတော်လှန်ရေး အင်အားစုတွေဘက်က ဘယ်အတိုင်းအတာအထိကို သိမ်းပိုက်ထားသလဲ။ ဒါမှမဟုတ် တိုက်ပွဲတွေက သူတိုက်ကိုယ်တိုက်ပဲ ဖြစ်နေတာလား။ ဘယ်လိုအခြေအနေမျိုးလဲရှင့်။

ဖြေ ။ ။ လက်ရှိအနေအထားကို ကြည့်မယ်ဆိုရင်တော့ ချင်းပြည်နယ် နယ်မြေအနေအထားအရ ၈၀ ရာခိုင်နှုန်းကျော်ကျော်လောက်တော့ ဒေသကာကွယ်ရေး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းသိမ်းထားတာကို တွေ့ရတယ်။ ဆိုတော့ အဓိကတော့ ဥပမာပြောမယ်ဆိုရင်တော့ ငါးမြို့နယ်မှာ မြို့ပေါ်ကလွဲလို့ တမြို့နယ်လုံး လွတ်မြောက်တယ်လို့ ပြောလို့ရတယ်။ ပလက်ဝမြို့နယ်၊ တွန်းဇံမြို့နယ်၊ ကန်ပလက်မြို့နယ်တွေမှာ စစ်ကောင်စီစခန်း တချို့တဝက်လောက်ပဲ ကျန်တော့တယ်။ တခြားမြို့နယ်တွေမှာဆိုရင်တော့ စစ်ကောင်စီစခန်းတွေ မရှိတော့ဘူး မြို့ပေါ်ကလွဲလို့။ ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက အများအားဖြင့် ချင်းပြည်နယ် မြို့နယ်တိုင်းကို နယ်မြေစိုးမိုးထားနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ကျနော်တို့ သိရတယ်။

မေး ။ ။ အဲဒီလိုဆိုရင် ချင်းပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေဘက်က ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ထိန်းသိမ်းလာနိုင်တဲ့ အခြေအနေမှာ ဒေသခံပြည်သူတွေအပေါ် နယ်မြေသိမ်း တိုက်ပွဲတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိနေသလဲ။ အဲဒီလို တိုက်ပွဲတွေဖြစ်ပြီးတော့ အုပ်ချုပ်ရေးပိုင်းတွေကြတော့ ဘယ်လိုမျိုး ရှိနေပါသလဲရှင့်။

ဖြေ ။ ။ အခု ချင်းပြည်နယ် အနေအထားကို ကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီအနေနဲ့ စစ်ကောင်စီအနေအထားကို ပထမဦးဆုံး သုံးသပ်မယ်ဆိိုရင်တော့ အစွယ်မရှိတဲ့ ကျားပုံစံ ဖြစ်နေပြီ။ ဟောင်တော့ဟောင်နိုင်သေးတယ်။ စစ်ကောင်စီအနေနဲ့ စစ်ဆင်ရေးတွေ မလုပ်နိုင်တော့ဘူး။ သူတို့စခန်းကနေ အပြင်လည်း မထွက်ရဲတဲ့ အနေအထားမျိုးမှာ ရှိနေတယ်။ ဆိုတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စခန်းတွေကို ချဉ်းကပ်ပြီးတော့ သိမ်းရတဲ့အနေအထားမှာ ဖြစ်နေတဲ့အခါမှာ စစ်ကောင်စီက ဘယ်လိုမျိုးပြန်လုပ်သလဲဆိုတော့ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေပြီး လူတွေကို ခြောက်လှန့်ပြီးတော့ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာတွေကို ပိုပြီးတော့ လုပ်ဆောင်လာတာကို တွေ့ရတယ်။ မြို့မှာနေတဲ့ အများစုပြည်သူတွေက စစ်ဘေးရှောင်ပြီး နယ်မြေတည်ငြိမ်တဲ့အခါမှ ပြန်လာတာမျိုး တော်တော်များများတော့ ရှိတယ်။ တဘက်တလမ်းမှာ ဘာဖြစ်လာလဲဆိုတော့ နယ်မြေအများစု အခုနပြောသလို နိုဝင်ဘာလအတွင်းမှာပဲ မြို့သုံးမြို့ လိုင်လင်းပီ၊ ရေဇွာမြို့၊ ရိဒ်ခေါဒါရ်မြို့တွေက ဒေသခံ တော်လှန်ရေးတပ်ဖွဲအောက်မှာ ရှိနေပြီ။ အဲဒီမှာ ဒေသတွေမှာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်အောင် လုပ်ဆောင်နေတဲ့ အနေအထားကို ကျနော်တို့ တွေ့ရတယ်။ တဘက်ကလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မလား၊ လေယာဉ်နဲ့ တိုက်ခိုက်မလားဆိုတဲ့ စိုးရိမ်မှုတွေတော့ အများကြီးကြုံနေရသေးတယ်။ တဘက်တလမ်းကနေ အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်လာပြီးတော့ သူတို့တွေ လွတ်မြောက်လာပြီဆိုတဲ့စိတ် CONFIDENCE တော့ နည်းနည်းပိုရှိလာတာကို တွေ့ရတယ်။

မေး ။ ။ စစ်ကောင်စီဘက်ကနေ နေ့စဉ်ထုတ်ပြန်ချက်တွေအရ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကိုလည်း သူတို့ပြောတယ်။ နှစ်ဘက်ထိပ်တိုက်တိိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတဲ့ အနေအထားမျိုး အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဘက်မှာဆိုတာတော့ ပြောတယ်။ ဒါပေမဲ့ တဘက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က လူထုတွေရှိတဲ့ အဆောက်အအုံတွေ၊ ပြည်သူတွေနေတဲ့ နေရာတွေကနေ အကာအကွယ်ယူပြီးတော့ တိုက်ခိုက်မှုတွေ လုပ်တယ်ဆိုတာမျိုးတွေ သူတို့တုံ့ပြန်ပြောဆိုတဲ့အခါကြတော့ တော်လှန်ရေးအင်အားစုတွေဘက်က တကယ်ပဲ လူထု၊ အရပ်သားတွေကို အသုံးပြုချတာမျိုး သူတို့စွပ်စွဲသလို ရှိနေသလားရှင့်။

ဖြေ ။ ။ ကျနော်တို့ ဒီနေ့ဒီအချိန်ထိ ဒါမျိုးတွေကို ဒေသကာကွယ်ရေးတပ်တွေက ပြည်သူလူထုကို လူသားဒိုင်းသဖွယ်လုပ်ပြီး တိုက်တာမျိုးကို မတွေ့ရသေးဘူး။ ဆိုတော့ တိုက်ပွဲတွေ ဖော်ဆောင်ပြီး၊ တိုက်ပွဲတွေ လုပ်နေပြီဆို ဒေသခံ ပြည်သူလူထုတွေကို ကြိုတင်အသိပေးတယ်။ သူတို့အနေနဲ့ ဆောင်သင့်တဲ့အရာတွေ ဆောင်နိုင်အောင်။ ရှောင်နိုင်အောင်၊ အကာအကွယ်ယူနိုင်အောင် ပြည်သူလူထုကို အသိပေးပြီးတော့ လုပ်တယ်။ စစ်ကောင်စီ စွပ်စွဲသလို လုပ်တာမျိုး မတွေ့ရဘူး။ နောက်တခုကတော့ တခုနှစ်ခုရှိတာက ဒေသကာကွယ်ရေးဘက်က မိုင်းနင်းပြီးတော့၊ မိုင်းထောင်ပြီးတော့ ပြည်သူလူထုကို ထိခိုက်တာ တချို့တလေတော့ ရှိတယ်။ အဲဒါမျိုးမှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သူတို့မှာတော့ accountabliity ရှိတာပေါ့။ သူတို့မှာ တခုခုဖြစ်လာပြီဆို တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ အများကြီးလုပ်တယ်။ ဆောင်ရွက်တာကို တွေ့ရတယ်။ ဆိုတော့ စစ်ကောင်စီပြောသလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်သူတွေကို အကာအကွယ်ယူပြီးတော့ တိုက်ခိုက်တာမျိုး၊ လူတွေကို လူသားဒိုင်းသဖွယ် အသုံးပြုပြီးတော့ လုပ်ဆောင်တာမျိုး ကျနော်တို့ ဒီနေ့ဒီအချိန်အထိ သက်သေအထောက်အထားနဲ့ မတွေ့ရသေးပါဘူး။

မေး ။ ။ အခုလို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့အပေါ် အခုနယ်မြေတွေ သိမ်းလာတဲ့အပေါ်မှာ လူထုရဲ့ တုံ့ပြန်ချက်တွေက ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ လူထုတွေကလည်း သူတို့ကလည်း လွတ်မြောက်ချင်ကြပြီ။ သူတို့က စကစတွေ မြို့တချို့တနေရာမှာ နေတဲ့အခါမှာ စကစတွေက အပြင်တော့ မထွက်ရဲဘူး။ သို့ပေမဲ့ သူတို့အတွက် အနှောင့်အယှက် ဖြစ်တာပေါ့။ သူတို့အတွက် အုပ်ချုပ်ရေးယန္တရားတွေ၊ သူတို့အတွက် လုံခြုံမှုအနေအထားတွေ အမြဲတမ်း ကြောက်ရွံနေကြတယ်။ ဆိုတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒီလိုကျန်နေသေးတဲ့ စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်လာတဲ့အခါမှာ လူထုအနေနဲ့ တော်တော်လေးကို လွတ်မြောက်ပြီ၊ သူတို့အနေနဲ့ ယန္တရားတွေ လည်ပတ်နိုင်ပြီ၊ သူတို့ဘာသာသူတို့ အုပ်ချုပ်မှုတွေ လုပ်ဆောင်လာနိုင်ပြီ၊ သူတို့ဘာသာသူတို့ စားဝတ်နေရေးတွေလည်း စီမံလို့ရပြီဆိုတဲ့ အနေအထားမှာတော့ ပြည်သူလူထုတွေရဲ့ Confidence နဲ့ သူတို့ရဲ့ လုံခြုံမှုက ပိုပြီးတော့ ကြီးမားလာတာကို တွေ့ရတယ်။

မေး ။ ။ ဒီချင်းလူ့အခွင့်အရေး အဖွဲ့အစည်းကိုယ်တိုင်ကလည်း အခု စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့ အရပ်သားတွေ ထိခိုက်သေဆုံးရတာ၊ အိုးအိမ်စွန့်ခွါထွက်ပြေးရတဲ့ အခြေအနေတွေ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေတွေကို အစီရင်ခံစာ တင်ပြနေတော့ အခုနောက်ဆုံး တိုက်ပွဲတွေ ဖြစ်နေတဲ့ အနေအထားမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေက ဘယ်လောက်ထိ ပြင်းထန်နေသလဲ။ တကယ်ပဲ အဲဒီအတွက်ကြောင့် စစ်ဘေးဒုက္ခသည်တွေရဲ့ အနေအထား၊ ချင်းပြည်နယ်ကနေ နယ်စပ်အိန္ဒိယဘက်ကို ထွက်ပြေးရတဲ့ အနေအထားတွေကော ရှိလာသလား။ အခု အရင်အခြေအနေနဲ့ ဘယ်လိုကွာပါသလဲရှင့်။

ဖြေ ။ ။ အရင်အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ တော်တော်လေး တိုးတက်လာပြီလို့ ပြောလို့ရတယ်။ တိုက်ပွဲတွေ ဖြစ်လာတဲ့အခါမှာ ပြည်သူလူထုတွေက ခေတ္တရှောင်တယ်၊ ခေတ္တ မီဇိုရမ်ဘက်ကို ပြေးလာတဲ့ အနေအထားတွေ ရှိတယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ တိုက်ပွဲက စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်တဲ့အခါမှာ စခစစခန်းတွေ ရုတ်သိမ်းသွားပြီ၊ မရှိတော့ဘူး အနေအထားမျိုးမှာ သူတို့အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စိုးရိမ်ရပြီးတော့ သူတို့အခြေအနေ စောင့်ကြည့်ပြီးတော့ အများစုကတော့ နေရပ်တွေကိို ပြန်လာပြီးတော့ နေထိုင်ကြတာကို တွေ့ရတယ်။ ဆိုတော့ အခုလောလောဆယ် တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာတော့ စစ်ဘေးရှောင် ခေတ္တရှောင်တာတော့ ရှိနေသေးတယ်။ ဒီတိုက်ပွဲတွေ အခြေအနေပေါ်မှာ ကြည့်တဲ့အခါမှာ ပြည်သူလူထုတွေကလည်း ပြန်ပြီးတော့ အခြေအနေတွေ တည်ငြိမ်ပြီး၊ စခန်းသိမ်းမှုတွေ လုပ်လာနိုင်ပြီဆိုရင်တော့ သူတို့အနေနဲ့ သူတို့နေရပ်တွေမှာ ပြန်ပြီးတော့ အခြေချချင်တဲ့ အနေအထားမျိုးကို တွေ့နေရပါတယ်။

မေး ။ ။ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စစ်သုံးပန် စစ်ကောင်စီတပ်တွေဘက်က လက်နက်ချလာတဲ့ အနေအထား ဘယ်လို ရှိပါသလဲ။ တကယ်လို့ လက်နက်ချလာတဲ့ လူတွေအပေါ် ချင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဘယ်လိုသဘောထားပါသလဲရှင့်။

ဖြေ ။ ။ သူတို့လည်း စစ်သုံးပန်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပေါ်လစီကောင်းကောင်း ရှိပါတယ်။ စစ်သုံးပန်တွေ သူတို့ဖမ်းဆီးတဲ့အခါမှာ ညဉ်းပန်းနှိပ်စက်တာမျိုးလည်း မလုပ်ကြဘူး။ သူတို့အနေနဲ့ ကောင်းကောင်းပြောဆိုတယ်။ ဆေးကုသမှု လိုအပ်တယ်ဆိုရင်လည်း ဆေးကုသမှုပေးတယ်။ အဲဒီနောက် သူတို့လိုချင်တဲ့နေရာမှာ တချို့လူတွေက အိန္ဒိယဘက်ကို ကူးချင်တာလား။ တချို့တွေက ပြည်တွင်းလုံခြုံတဲ့နေရာမှာ သူတို့ရွေးချယ်တဲ့နေရာမှာ ကောင်းကောင်းမွန်မွန် ပြုစုတယ်။ ကောင်းကောင်းမွန်မွန် ပို့ဆောင်ပေးတယ်။ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်။ အဲဒီလိုအနေအထားမျိုးကို တွေ့ရတယ်။ စစ်သုံးပန်ဥပဒေ နိုင်ငံတကာဥပဒေတွေကို သူတို့ အလေးအနက်ထားပြီးတော့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

မေး ။ ။ အဲဒီတော့ အခုချင်းပြည်နယ်မှာ ချင်းပြည်သူတွေအတွက် အထူးသဖြင့် တိုက်ပွဲတွေ ပြင်းထန်နေတဲ့အခါကြတော့ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေတဲ့ အခြေအနေ။ အဲဒီအတွက်ကို ဘယ်လိုမျိုး အကူအညီတွေ ရနေသလဲ။ တကယ်ပဲ ဘယ်လောက်အထိ အကူအညီတွေ လိုအပ်နေပါသလဲရှင့်။

ဖြေ ။ ။ Western border အဓိက အိန္ဒိယနယ်စပ်ဘက်မှာတော့ ကျနော်တို့က အမေ့ခံလို့ ပြောလို့ရတယ်။ ဒီနေ့ဒီအချိန်အထိ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ပါဝင်ဆောင်ရွက်မှုက တော်တော်လေး နည်းတာကို တွေ့ရတယ်။ ဆိုတော့ ပြည်တွင်းမှာဆိုရင်လည်း ပြည်မဘက်ကလာမှ စားစရာ အစားအသောက်တွေ၊ ကလေး၊ မိန်းကလေး အသုံးအဆောင်ပစ္စည်းတွေက တော်တော်လေး ခက်ခဲတဲ့အနေအထားမှာ ရှိတယ်။ ပြည်မမှ ဘာမှတင်ပို့လို့မရတဲ့ အနေအထားမှာ ဖြစ်နေတယ်။ အဓိကတော့ မီဇိုရမ်ဘက်ကနေ အားကိုးပြီးတော့ တင်ပို့ရတယ်။ ဒီဘက်ကဆိုတော့ ဈေးလည်း အဆမတန်မြှင့်တာပေါ့။ ဒီလိုပုံစံမျိုးနဲ့ ကျန်းမာရေးချို့တဲ့ပြီးတော့၊ အစာအဟာရတွေ မလုံလောက်လို့ IDP မှာ သေဆုံးတဲ့ အရေအတွက် တိုးလာတာမျိုး၊ အဲဒီအခက်အခဲတွေကို တွေ့ရတယ်။ ဆိုတော့ အဲဒီအနေအထားမှာ နိုင်ငံတကာရဲ့ ပါဝင်ပံ့ပိုးမှုက အများကြီးလိုအပ်တယ်။

XS
SM
MD
LG