သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂန္ထဝင်အဆိုတော်ကြီး မာမာအေး ကွယ်လွန်


ဂန္ထဝင်အဆိုတော်ကြီး မာမာအေး
ဂန္ထဝင်အဆိုတော်ကြီး မာမာအေး

ဂန္ထဝင်အဆိုတော်ကြီး မာမာအေး ဇန်နဝါရီ ၈ ရက် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ ၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈ အသက် ၈၁ နှစ်အရွယ်မှာ လူကြီးရောဂါနဲ့ကွယ်လွန်သွားပါတယ်။ ဖခင် နှဲဆရာကြီး ဦးအေး၊ မိခင် အဆိုတော်မြောင်းမြသန်း (ခေါ်) ဒေါ်သန်းနှစ်တို့က ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ မာမာအေးကို မွေးဖွားခဲ့ပြီး မွေးချင်း ၃ ယောက် ရှိပါတယ်။ မိဘနှစ်ပါးနဲ့အတူ ဇာတ်ခုံတွေပေါ် ကြီးပြင်းခဲ့သူဖြစ်တာကြောင့် ငယ်စဥ်ကတည်းက ဂီတနဲ့ အကျွမ်းတဝင် ရှိခဲ့သူပါ။

စန္ဒကိန္နရီသီချင်းကို အခါခါ ကြားပြီးနောက် အဆိုတော်ဖြစ်ချင်လာမိကြောင်း မာမာအေးက ပြောကြားခဲ့ဖူးပါတယ်။ မာမာအေးဟာ ငယ်စဥ်ကတည်းက ဆရာကြီး စိန်ဝေလျံ၊ ရွှေတိုင်အေး၊ ရွှေပြည်အေး၊ စောင်း ဦးဘသန်းတို့စီမှာ ဂီတပညာတွေ ဆည်းပူးခဲ့သူပါ။ ရဲသီဟ ကိုသန်းအောင်က မာမာအေး ဆိုတဲ့ နာမည် ပေးပြီးနောက် ရဲသီဟအဖွဲ့မှာ သီချင်းတွေ စတင်သီဆိုခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှာ မာမာအေးဆိုပြီး နာမည် တဟုန်ထိုးကျော်ကြားလာစေတဲ့ သီချင်းကတော့ သက်တံပေါ်မှာ ကစားမယ်ဆိုတဲ့ သီချင်းပါ။ ဒီသီချင်းကို မောင်ဥက္ကာရေးသားပြီး လင်းခေးလုလင်က သံစဥ်ထည့်ခဲ့တာပါ။ ဒေါ်မာမာအေးဟာ မေ့ကွက်ကိုရှာ၊ သျှောင်နောက်ဆံထုံးပါ၊ တရေးချစ်ခွင့်မြင်ရနိုးအပြင် တခြားထင်ရှားကျော်ကြားတဲ့ ဂန္ထဝင်သီချင်းပေါင်းများစွာကို သီဆိုခဲ့ပါတယ်။ သီချင်းပေါင်း ထောင်နဲ့ချီလည်း သီဆို အသံသွင်းခဲ့ပါတယ်။

မြခြူသံ၊ သူ့ကိုမှချစ်သည်၊ မန်ဒါလီစတဲ့ ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ အင်္ဂလန်ကတဆင့် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာပြီး ကွယ်လွန်ချိန်အထိ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာ နေထိုင်ရင်း ဘာသာရေး၊ မြန်မာအသိုင်းအဝိုင်းအရေးတွေမှာ ပါဝင် ကူညီဆောင်ရွက်ခဲ့ပါတယ်။ ပြည်ပမှာ ရောက်ရှိနေထိုင်စဥ်အချိန်အတွင်း မြန်မာဂီတ ထွန်းကားရေးအတွက်လည်း အခမဲ့ သင်တန်းများလည်း ပို့ချသင်ပြပေးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ရန်ကုန်မြို့နေ သမီး ဒေါ်အေးလွင်လွင်ဦး (မေချို )၊ သား ဦးတင့်လွင်အေး၊ မြေး ပွင့်သစ်ဟန်၊ ပွင့်ဖူးဟန်၊ ဟိန်းသန့်၊ အေးပွင့်ဖြူ၊ မြစ် ခလိုဝီဟေသာ ( Chloe Hay Thar ) တို့ ကျန်ရစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG