သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းပြည်ပ ကူညီပေးရေးအဖွဲ့တွေ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ NUG တိုက်တွန်း


ထီးချိုင့်မြို့အတွင်း မီးလောင်နေစဉ် (နိုဝင်ဘာ ၂၀၂၃)
ထီးချိုင့်မြို့အတွင်း မီးလောင်နေစဉ် (နိုဝင်ဘာ ၂၀၂၃)

ပြည်တွင်းပြည်ပ ကူညီပေးရေးအဖွဲ့တွေ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ NUG တိုက်တွန်း

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါက်လာတဲ့ နိုင်ငံရေး စစ်ရေး အကျပ်အတည်းတွေရဲ့ နောက်ဆက်တွဲအဖြစ် ၊ ဒေသအတော်များများမှာ နေ့စဥ်နဲ့အမျှ စစ်ဘေးရှောင်ပြည်သူတွေ တိုးလာနေတာကြောင့် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေသူတွေလက်ထဲ အမြန်ရောက်နိုင်အောင် ဝိုင်းဝန်းကူညီကြဖို့ ပြည်တွင်း၊ ပြည်ပနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အမျိုးသားညီညွတ်ရေး အစိုးရ NUG က တိုက်တွန်း ပန်ကြားလိုက်ပါတယ်။ ဒီလို ကူညီပေးရာမှာ စစ်ကောင်စီနဲ့ လုံးဝ မပူးပေါင်းဘဲ အရပ်သားပြည်သူတွေကို ကာကွယ်ပေးနေတဲ့ NUG နဲ့ တိုင်းရင်းသား တော်လှန်ရေး မဟာမိတ် အင်အားစုတွေ နဲ့သာ ပူးပေါင်းလက်တွဲ ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လက်နက်စွဲကိုင် တိုက်ခိုက်နေသူတွေအပေါ် နှိမ်နင်းရာမှာ မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ NUG ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပြီး ၊ ဘေးဒုက္ခကြုံတွေ့နေတဲ့ ပြည်သူတွေလက်ထဲ လူသားချင်းစာနာမှု အကူအညီတွေ မရှိနိုင်အောင် စစ်ကောင်စီတပ်က စစ်ရေးလက်နက်သဖွယ် အသုံးချနေတယ်လို့လည်း ထောက်ပြ စွပ်စွဲ ထားပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ စစ်ဆင်ရေးကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ရှောင်လူဦးရေ ၉၅၀,၀၀၀ (၉သိန်းခွဲ) ကျော်၊ KNU နယ်မြေတွေမှာ ၇၀၀,၀၀၀ ကျော်၊ ရခိုင်ပြည်နယ်မှာ ၃၅၀,၀၀၀ လောက်နဲ့ ကယားခေါ် ကရင်နီပြည်နယ်မှာ ၃၅၀,၀၀၀ လောက်ရှိပြီး ၊ အခြားဒေသတွေမှာလည်း စစ်ရှောင် သိန်းဂဏန်းနီးပါး ရှိတယ်လို့ NUG ကြေညာချက်မှာ ဖေါ်ပြပါတယ်။ ကုလသမဂ္ဂရဲ့ စာရင်းမှာတော့ မြန်မာနိုင်ငံတလွှား စစ်ရှောင်ဦးရေ ၂.၆ သန်းကျော် ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အင်အားနိမ့်လာနေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးသုံး တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ သေဆုံးရသလို ၊ မီးရှို့ဖျက်ဆီးမှုကြောင့် တနိုင်ငံလုံးမှာ ပုဂ္ဂလိက နေအိမ်ပေါင်း ၉၀,၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အခုချိန်ထိ လူ ၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ၊ ဒဏ်ရာရသူ ၄,၀၀၀ ကျော်လောက်ရှိတယ်လို့ NUG စာရင်းမှာ ဖေါ်ပြပါတယ်။

ဒါကြောင့် လူသားချင်းစာနာမှု အကူအညီများ ရရှိနိုင်ရေး ၊ နယ်မြေဖြတ်ကျော် ထောက်ပံ့ခွင့်ပြုဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG က တိုက်တွန်းလိုက်သလို၊ အလှူရှင်နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကို ဖြေလျော့ပေးဖို့နဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ လူသားချင်း စာနာ‌မှုအကူညီတွေ တိုးမြှင့်ပေးသွားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG