သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှတ်ဉာဏ်လျော့ရောဂါ ဖြစ်လျှင် လက်ခံပြီး စောစောကုသရေး


သက်ကြီးမှတ်ဉာဏ်လျော့ရောဂါ ခံစားရသူအဘိုးအဘွားများ ကုသမှုခံယူနေစဉ်
သက်ကြီးမှတ်ဉာဏ်လျော့ရောဂါ ခံစားရသူအဘိုးအဘွားများ ကုသမှုခံယူနေစဉ်

မှတ်ဉာဏ်ကျရောဂါ ဖြစ်လာတာကို လူနာက စလက်မခံချင်ချိန်မှာ၊ စောစောစီးစီး ကုသမှုခံယူနိုင်တာကနေ အကျိုးကြီးပုံကို မိသားစုက ရှင်းပြဖို့လိုတယ်လို့့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။

မှတ်ဉာဏ်ကျတာကို နည်းစေနိုင်တဲ့ ဆေးတွေရှိလာတာမို့ ဒီရောဂါဖြစ်တာ စောစောလက်ခံပြီး ကုသမှုခံယူဖို့ အရေးကြီးတာ လူနာကို ရှင်းပြသင့်ပါတယ်။ တကယ်လို့ ဒီရောဂါဖြစ်နိုင်တာအတွက် ဆရာဝန်နဲ့ စမပြဘဲ ရှောင်ဖယ်ကာ၊ စောစောကုသမှု မခံယူခဲ့လျှင်တော့ မကြာခင် နှစ်အနည်းငယ်အတွင်း အလွန်ပြင်းထန်တဲ့အဆင့်ရောက်ပြီး၊ အိမ်မှာဆက်နေဖို့ပါ ခက်သွားနိုင်ပါတယ်။ ပြင်းထန်လွန်းတဲ့အဆင့်မှာ ဆေးနဲ့လည်း ပြန်မထိန်းနိုင်တော့ဘဲ၊ လူနာအနေနဲ့ ကိုယ်တိုင် စားသောက်ဖို့၊ ရေချိုးဖို့တွေ မသိ၊ မလုပ်တတ်တော့တာအပြင်၊ သံသယစိတ်တွေများလာပြီး ဒေါသအလွန်ထွက်လာတာကြောင့်၊ မိသားစုဝင်တွေ ဆက်ကူညီပေးဖို့ ခက်ကာ၊ အနောက်နိုင်ငံတွေမှာတော့ လူအိုရုံ (သို့) ဆေးရုံ ပို့ကြရတာများပါတယ်။

အခုလို မှတ်ဉာဏ်ကျတာနည်းစေတဲ့ ဆေးတွေနဲ့ ထိန်းပေးထားချိန်မှာ၊ နောက်ပိုင်း ဆိုးဝါးတဲ့အဆင့် မရောက်ခင် ကြိုပြင်ဆင်ချိန် ရစေပါတယ်။ လူနာအနေနဲ့ ငွေကြေးဘဏ်စာရင်းတွေ၊ ပိုင်ဆိုင်မှုတွေကို တခြားမိသားစုဝင်တွေက ကူညီစီမံပေးဖို့ စလွှဲပြောင်းပေးရေး ပြင်ဆင်နိုင်ပါတယ်။ သို့မဟုတ်ပါက ဒီ ပိုင်ဆိုင်မှုမှတ်တမ်းတွေ ဆုံးရှုံးကုန်တာ၊ အလိမ်ခံရလွယ်တာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ဆိုးလွန်းလာတဲ့အဆင့်မှာ တခြားရောဂါဝေဒနာတွေ ပါဝင်လာပြီး၊ အစာမမျိုနိုင်တော့ချိန်မှာ အစာပိုက်သွင်းတာအပါအဝင် ပြင်ပအထောက်အကူတွေနဲ့ ဆက်အသက်ရှင်ဖို့ ဆန္ဒရှိ မရှိကိုလည်း ကြိုဆုံးဖြတ်ချက် ပေးထားနိုင်ပါတယ်။ အဲ့ဒိအချိန်မှာ မိမိရော ဘေးကမိသားစုပါ မလိုတဲ့ ဒုက္ခပိုခံစားရတာကနေ သက်သာစေနိုင်ပါတယ်။

မှတ်ဉာဏ်ကျတာ နည်းစေတဲ့ဆေးတွေထဲ သောက်ဆေးအပြင်၊ အကြောဆေးတွေလည်း ပေါ်လာနေပါတယ်။ သောက်ဆေးတချို့ထဲမှာ Donepezil လို ဆေးမျိုးလည်းပါဝင်ပြီး၊ အမေရိကန်မှာဆိုလျှင် ဆရာဝန်ညွှန်ကြားချက်နဲ့ ရနိုင်ပါတယ်။ အခုနောက်ပိုင်း အကြောဆေးတွေ ပေါ်လာတာတာအပြင်၊ နောက်ထပ် ပိုထိရောက်နိုင်တဲ့ ဆေးတွေကိုလည်း သုတေသနလုပ် စမ်းသပ်ဖော်စပ်နေတာမို့၊ ရောဂါဖြစ်နိုင်တာကို ကြိုစစ်ပြီး ကုသမှု စောစောခံယူခြင်းဖြင့် ကောင်းကောင်းမွန်မွန် ပိုနေနိုင်ပါတယ်။ ဒီရောဂါက တခြားရောဂါတွေ (ဥပမာ ကျောက်ကပ်၊ နှလုံးတို့) လို အစားထိုးလို့ မရတာအပြင် မိသားစုအတွက်လည်း ဝန်ထုတ်ဝန်ပိုးကြီးမားစေတာမို့ ကြိုတင်ကာကွယ်ပြင်ဆင်ဖို့ ပိုအရေးကြီးလာပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာမျိုးမင်းအောင် ကို ဆက်သွယ်မေးမြန်း တင်ပြခဲ့တာပါ။

Forum

XS
SM
MD
LG