သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သောက်ရေကန်တွေပျက်ဆီးပြီး ရေရှားလာတဲ့ ရခိုင်


Rakhine water
Rakhine water

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်တွေက ဧပြီလအကုန် မေလဆန်းပိုင်းလောက်မှသာ သောက်သုံးရေ ရှားပါးတာတွေ ကြုံတွေ့ကြပေမယ့် ဒီနှစ်မှာတော့ ရေရှားတဲ့ ဒဏ်ကို စောစောစီးစီး စကြုံနေရပါပြီ။ ပိုပူလာတဲ့ရာသီဥတုနဲ့အတူ ပြီးခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် သောက်ရေကန်တွေအားလုံးနီးပါး ပျက်ဆီးသွားတဲ့ အတွက် ရေရဖို့ မနက်မိုးမလင်းခင် ကတည်းက ကန်မှာသွားစောင့်နေရတယ်လို့ မင်းပြားမြို့နယ် ပန်းမြောင်း ကျေးရွာက မငုဝါချေ ကပြောပါတယ်။

“ လက်ရှိအခြေအနေမှာက အမျိုးသမီးတွေက ရေခပ်ဖို့အတွက် သီးသန့် အလုပ်တခုဖြစ်နေတာပေါ့နော်၊ အချိန်တွေ ပိုပေးနေရတယ်၊ ဘာလို့လဲဆိုတော့ မနက်မိုးလင်းတာနဲ့ ကန်တွေမှာ တန်းစီပြီး စောင့်နေရတာက အဆင်မပြေဘူးပေါ့နော်။ အဲတာကြောင့် တချို့အမျိုးသမီးတွေ ဆိုရင် မနက်၂ နာရီခွဲ ၃နာရီလောက်ကနေ ထပြီးတော့ ရေခပ်ရတယ်။ ကိုယ်ကသွားခပ်တဲ့ အချိန်မှာ ရေက အလိုက်သင့်ရှိတာမဟုတ်ဘူး၊ ကန်မှာထိုင်ပြီးတော့ စောင့်နေရတယ်၊ ဘယ်လိုမှအဆင်မပြေဘူး ”

ပြီးခဲ့တဲ့ နှစ် မေ ၁၄ ရက်က ရခိုင်မှာဝင်ခဲ့တဲ့ အင်အားပြင်း မိုခါဆိုင်ကလုန်းကြောင့် အိုးအိမ်အဆောက်အဦး ၂ သိန်းကျော်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ရာနဲ့ချီတဲ့ ရေတွင်းရေကန်တွေဟာလည်း ဆားငန်ရေဝင်ရောက်တာ၊ သစ်ပင်သစ်ကိုင်းတွေ ကျိုးကျတာတွေနဲ့ အမှိုက်တွေကြောင့် ပျက်စီးခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်တွေက သောက်သုံးရေရှားပါးချိန်မှာ ရေရဖို့ အခုနှစ်လို အချိန်အများကြီးပေးစရာမလိုဘူးလို့ မငုဝါချေက ပြောတယ်။ မုန်တိုင်းကြောင့် ကျေးရွာရှိကန်တော်တော်များ ပျက်ဆီးကုန်ပြီး မပျက်စီးခဲ့တဲ့ရေတွင်းရေကန်တွေမှာ သောက်သုံးရေ နည်းနည်းပါးပါး ရှိနေသေးပေမယ့် လာမယ့်လတွေမှာ အတော့်ကို အခက်ကြုံရနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“နောက်လတွေဆိုရင် ရေပြဿနာက ပိုပြီးတော့ ကြုံရနိုင်တယ်၊ ဘာလို့လည်းဆိုတော့ လက်ရှိတောင် ရေကန်မှာက ရေက လုံးဝမရှိတော့တဲ့ အနေအထားဆိုတော့လေ၊ ကန်အနားမှာ ၁နာရီ ၂နာရီလောက် ထိုင်စောင့်တာတောင်မှာ ရေက တတောင်ထက်ပိုပြီး တက်မလာဘူး၊ ရွာရှိတဲ့ လူဦးရေက များတော့ ရေကလုံးဝ အဆင်မပြေဘူးပေါ့နော်၊ နောက်လဆိုရင် ကျမတို့ သောက်ဖို့ရေတောင် အနိုင်နိုင်ရတော့မယ်၊ သုံးရေကတော့ လုံးဝအဆင်ပြေမှာ မဟုတ်ဘူး။”

Rakhine water
Rakhine water

ကျေးရွာအတွင်းမှာရှိတဲ့ ရေတွင်းရေကန်တွေကို ဒေသခံတွေ တူးဖော်ထားကြတာဖြစ်ပြီး တချို့ရေတွင်းတွေမှာ သဘာဝအလျောက် ရေထွက်နေပါတယ်။ အဲဒီလိုထွက်နေတဲ့ ရေတွေကိုအလှည့်ကျ စောင့်ဆိုင်းခပ်ယူနေကြရတာပါ။

ဒေသမီဒီယာတစ်ခုဖြစ်တဲ့ DMGသတင်းဌာန၊ သုတေသအဖွဲ့က ကောက်ယူထားတဲ့ “အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ထိခိုက်သက်ရောက်မှုတွေကို ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ”ထဲမှာတော့ လက်ရှိ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦး၊ ပေါက်တော၊ ရသေ့တောင် မြို့နယ်ထဲကကျေးရွာပေါင်း ၉ ရွာဟာ မိုခါမုန်တိုင်းကြောင့် ရေတွင်း၊ ရေကန် ၁၀၀ ရာခိုင်နှုန်းပျက်စီးခဲ့ပြီး ၅ ရွာကတော့ ၈၀ ရာခိုင်နှုန်းပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာ အဲဒီအထဲက ဒေသအချို့ကို စစ်ကောင်စီကအင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ဆက်သွယ်မရဖြစ်နေပြီး ကျေးရွာအချို့ရဲ့ ရေရှားပါးတဲ့ အခြေအနေကိုတော့ အတိအကျမသိရသေးပါဘူး။

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်ဆိုရင်လည်း နွေရောက်တာနဲ့ ရေအလွန်ရှားတဲ့ ဒဏ်ကိုခံနေရပါပြီ။

ကျောက်ဖြူ ပြင်ဝန်းကျေးရွာမှာတော့ ရေတအိုးရဖို့ အတွက် ရေတွင်းထဲ တစိမ့်စိမ့်ထွက်နေတဲ့ရေတွေကို ၂နာရီနီး ပါးလောက် တန်စီးပြီးတော့ ထိုင်စောင့်နေကြရသလို အလှည့်ကျော်ပြီးတော့ ရေခပ်ကြတာကြောင့် ရေလာခပ် သူတွေကြား ရန်ဖြစ်ကြတာတွေ လည်း ရှိတယ်လို့ ဒေါ်ဝင်းမြင့်ချေ ကပြောပါတယ်။

"ရေတအိုးရဖို့တောင် အဲလောက်ထိ ခက်ခဲနေတယ်ဆိုရင် တအိမ်လုံး စာအတွက် စားဖို့ ချက်ဖို့ သောက်ဖို့ ရေတွေ ရဖို့အတွက် ကျမတို့ တအားခက်ခဲတယ်၊ အဲဒီရေဆိုတာကိုပဲ ဦးစားပေးပြီး တော့လုပ်နေကြရတယ်။ ”

ရခိုင်မှာ အမျိုးသားအများစုက ရေလုပ်ငန်းနဲ့အခြားအလုပ်လုပ်ကိုင်ကြပြီး အချို့လည်း ပြည်ပထွက် အလုပ်လုပ်ကြ တာကြောင့် မိရိုးဖလာ ယဉ်ကျေးမှုအရ အိမ်မှုကိစ္စတွေနဲ့ဆိုင်တဲ့ ရေရရှိဖို့အရေး ကတော့ အမျိုးသမီးတွေ အပေါ်ပဲ ဝန်ပိနေကြရပါတယ်။ခက်ခက်ခဲခဲရှာဖွယ်အသုံးပြုနေရတဲ့ ရေတွေဟာလည်း သန့်ရှင်းမှုမရှိဘူးလို့ ဒေါ်ဝင်းမြင့်ကပြောပါတယ်။

“သားသမီးတွေ အခုလို မသန့်ရှင်းတဲ့ ရေကို သောက်လို့ နေထိုင်မကောင်းဖြစ်လို့ ကျောက်ဖြူမြို့ပေါ်ကိုလည်း သွားလို့လည်း အဆင်မပြေတာကြောင့် အသက်တွေ ဆုံးရှုံးရတာတွေလည်းရှိပါတယ်။ အဲတာတွေက အမျိုးသမီးတွေ အတွက် အတော်ဝန်ထုပ်ဝန်ပိုး တခုဖြစ်တယ်။ အဲတာကြောင့် ကျမတို့ဒေသမှာ ရေအဆင်ပြေပြေနဲ့ရစေချင်တယ်။”

မသန့်ရှင်းတဲ့ ရေတွေအသုံးပြုနေရသလို ရေလုံလုံလောက်မသုံးရတဲ့အတွက်ကြောင့်လဲ မျက်နှာမှာ ဝက်ခြံထက် ပိုကြီးတဲ့ အပူနာလို အနာလုံးတွေလည်း ထွက်လာပြီး အမျိုးသမီးတွေရာသီလာတဲ့အချိန်တွေမှာလည်း သန့်ရှင်းရေ လုပ်ရတာ အဆင်မပြေဘူးလို့ မငုဝါချေက ပြောပါတယ်။

“ ပွင့်ပွင့်လင့်လင့်ပြောရမယ်ဆိုလို့ရှိရင် အမျိုးသမီးတွေရဲ့ ဓမ္မတာလာတဲ့အချိန်တွေမှာ မသန့်ရှင်းတဲ့ရေတွေနဲ့ ကျမတို့ တကိုယ်ရေသန့်ရှင်းရေးလုပ်လို့ အဆင်မပြေဘူးလေ။ ကျမက ရေမသန့်ရှင်းတာကြောင့် အမျိုးသမီး ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဆိုးဆိုးရွားရွားမဖြစ်ဖူးပေမယ့် ဖြစ်မှာကို စိုးရိမ်တယ်၊ ဘာလို့လည်းဆိုတော့ မသန့်ရှင်းတဲ့ရေတွေကို ကျမတို့ သုံးလိုက်ရင် အမျိုးသမီးကျန်းမာရေးနဲ့ ပတ်သတ်ပြီး ထိခိုက်သွားမှာကို စိုးရိမ်တယ်ရှင့်။”

မငုဝါချေတို့ရွာဟာ အရင်နှစ်တွေက လေးမြို့မြစ်ကနေ စက်နဲ့ သုံးရေကို ပုဂ္ဂလိကပိုင်ကနေပေးတဲ့အတွက် ကန်ရေကို သောက်ရေအနေနဲ့ သာသုံးရတဲ့အတွက် အဆင်ပြေကြေသေးတယ်လို့ဆိုပါတယ်။ ဒါပေမယ့်သည်နှစ်မှာတော့ စီးပွားရေးကျပ်တည်းလာတဲ့အပြင်စက်သုံးဆီစျေးလည်း တက်လာပြီး သုံးတဲ့သူတွေကလည်း မဝယ်သုံးနိုင်ကြတဲ့အတွက် ရေပေးတာ ရပ်လိုက်ရတယ်လို့ဆိုပါတယ်။ အိမ်ခြေလေးထောင်လောက်ရှိတဲ့ သူမတို့ရွာအတွက် ရေတွင်းရှစ်တွင်းနဲ့ ရေလုံလောက်အောင်ရဖို့ မလွယ်တဲ့အနေအထားဖြစ်နေတယ်လို့ သူကပြောပါတယ်။

rakhine water
rakhine water

“ ရေကန်တွေ ရွာထဲမှာ အလုံအလောက်ရှိသင့်တယ်၊ တကယ်လို့ကျမတို့ရွာမှာ လူဦးရေနဲ့ လိုက်ပြီးတော့ ရေကန်တွေဟာ များများစားစား ရှိမယ်ဆိုလို့ရှိရင် လေးမြို့မြစ်ကရေကို ကျမတို့ မရရင်တောင် ရေပြဿနာတွေဒီလောက်ထိရှိမယ်လို့ မထင်ပါ။”

ကျောက်ဖြူမြို့နယ်ထဲက တေးချောင်းကျေးရွာမှာလည်း မိုခါမုန်တိုင်းကြောင့် ရေတွင်းရေကန်တွေ အားလုံးနီးပါးပျက်စီးသွားတာကြောင့် သောက်သုံးရေရဖို့ ရွာသူရွာသားတွေက ကိုယ့်အစီအစဉ်နဲကိုယ် ခက်ခဲခဲခဲ လုပ်ဆောင်နေရတယ်လို့ တေးချောင်းဒေသခံ မစုစုလွင် ကပြောပါတယ်။

“ မိုခါနောက်ပိုင်းမှာ ပျက်စီးသွားတဲ့ ရေတွင်းရေကန်တွေဟာ သုံးစွဲလို့ အဆင်မပြေတာကြောင့် ရွာသူရွာသားတွေစုပြီးတော့ တခြား တောတွေ တောင်တွေမှာ တူးပြီးတော့ တအိမ်ကို တအိုး ကျစီ ခြွေတာပြီးတော့ သုံးနေကြရတယ်။ ရတဲ့ ရေကလည်း သန့်ရှင်းတဲ့ရေမဟုတ်ဘူး၊ သို့သော်လည်း သန့်ရှင်းတဲ့ရေမဟုတ်တာကိုတောင် အဲလောက် ခက်ခက်ခဲခဲကြိုးစားပြီး တော့ ရှာသုံးနေရတ လေ။ ဒီဘက်မှာ သန့်ရှင်းတဲ့ရေလို့ တကူးတကမရှိပါဘူး။”

ကမ်းရိုးတန်းဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ ဧရိယာစတုန်းရန်းမိုင်ပေါင်း ၁၄၂၀၀.၁ ကျယ် ဝန်းပြီး စစ်ကောင်စီရဲ့ ၂၀၂၂ခုနှစ်အကုန်ပိုင်း ခန့်မှန်းလူဦးရေ စာရင်းအရ လူဦးရေ ၃.၄ သန်းအထိရှိပါတယ်။ ၈၀ ရာခိုင်နှုန်းကျော်က ရေရှားတဲ့ ကျေးလက်ဒေသမှာ နေထိုင်ကြပါတယ်။

သဘာဝတောတောင်တွေနဲ့ လေးမြို့မြစ်တွေလို ရေချိုအရင်းအမြစ်တွေ ပိုင်ဆိုင် ထားတဲ့ ရခိုင်ပြည်နယ်ဟာ ဒီဆယ်စုနှစ်အတွင်း အပူချိန်တိုးလာတာတွေ၊ ဂီရိ၊မိုခါစတဲ့ အင်အားပြင်းမုန်တိုင်းဝင်ရောက်တာတွေ၊ မြေပြိုတာစတဲ့ သဘာဝဘေး အန္တရာယ်ကျရောက်တာတွေ ပိုပြီး ဆိုးရွားလာတယ်လို့ ရခိုင်နိုင်ငံရေး တက်ကြွလှုပ်သူ တဦးဖြစ်တဲ့ ကိုထွန်းကြည် ကပြောပါတယ်။

“ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်မှာ ရေစရှားလာတယ်ဆိုတာက နှစ်နှစ်ဆယ် သုံးဆယ် လေးဆယ်ရှိနေပြီ၊ အထူးသဖြင့် ရေမျက်ရေစမ်းတွေ ပျောက်လာတယ်၊သစ်တော ပြုန်းတီးလာတယ်၊ရေရှားတာကတော့ ဒီကနေ အခြေခံလာတာပေါ့၊ အရင်တုန်းကဆိုရင်တော့ ကျေးလက်ဒေသတွေမှာ သစ်တောတွေရှိနေတော့ သူ့ဟာနဲ့သူ ရေစမ်း ရေမျက်တွေရှိတယ် ။အဲတာကိုပဲ အဓိက မှီဝဲနေကြတာဆိုတော့ အခုလောက်ထိ ဆိုးဆိုးရွားရွား ရေရှားတဲ့ဒဏ်ကို မခံကြရဘူး၊ ဒါပေမယ့် ဒီအာဏာရှင်စစ်အစိုးရတွေရဲ့ လက်ထက်မှာကျတော့ ဒီသစ်တောတွေကို အကုန်ပြုန်းတီးလိုက်တဲ့အခါ ရေစမ်း ရေမျက်တွေ အကုန်လုံး ပျက်စီးလာတယ်။ ဆိုတော့ ရေရှားပါးမှုနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်မှုက ရခိုင်ပြည်နယ်မှာပိုပြီးတော့ ဆိုးဆိုးရွားရွားဖြစ်လာတဲ့ အခြေအနေမျိုးမှာရှိတယ်။ ”

ကမ္ဘာ့အပူချိန် တိုးလာပြီး ရာသီဥတု ပြောင်းလဲမှုဒဏ်တွေကြောင့် မြန်မာနိုင်ငံလည်း အပူချိန်တဖြည်းဖြည်းမြင့် တက်လာနေပြီး ရခိုင်ကဲ့သို့သော ကမ်းရိုးတန်းဒေသတွေမှာ ဆယ်စုနှစ်တခုတိုင်းမှာ မူလအပူချိန်တွေထက် ပျှမ်းမျှအပူချိန် ၀ ဒဿမ ၅၇ ဒီဂရီစင်တီဂရိတ်အထိတိုးလာနေပါတယ်။ အမြင့်ဆုံးအပူချိန်ကတော့ ၀ ဒဿမ ၂၃ ဒီဂရီ စင်တီဂရိတ်အထိ တိုး လာနေတယ်လို့ WWF -Myanmar က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတု ဆိုင်ရာ ဘေးဖြစ်နိုင်မှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အပူချိန်တိုးလာတာနဲ့ အမျှ နွေရာသီမှာ တနိုင်ငံလုံး ရေရှားတဲ့ ပြဿနာကို ပိုခံစားနေကြရပြီး ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ရခိုင်ပြည်နယ်ရဲ့ အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်ထိ ဖြစ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာနှစ်စဉ်ကြုံတွေ့နေရတဲ့ ရေရှားပါးမှုပြဿနာတွေကို သက်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းတွေ ဒေသတွင်း ကူညီရေးအဖွဲ့တွေက ရေလှူဒါန်းတာတွေ၊ ရေစုပ်စက်တွေ ထောက်ပံ့ပေးတာတွေရှိပြီး သောက်သုံးရေ ဖြန့်ဖြူးဝေမျှတာတွေလည်းရှိတယ်လို့ အရပ်ဘက်အဖွဲ့ အစည်းတွေက ပြောဆိုကြပါတယ်။

ဒါပေမယ့်လည်း ရေရှားပါးမှုကို အရင်နှစ်တွေကထက် စောစီးစွာရင်ဆိုင်နေရတဲ့ ဒီနှစ်မှာတော့ ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး ဒေသတွင်းနေထိုင်သူတွေဟာလည်း အတည်အကျမရှိ စစ်ဘေးရှောင်နေကြရတာကြောင့် ဒေသခံ ကူညီရေးအဖွဲ့တွေကြား ကူညီဖို့ ခက်ခဲနေကြတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ယှက် တာဝန်ရှိသူအမျိုးသမီး တဦးကပြောပါတယ်။

“ ကျမတို့ကပုံမှန်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ ပထဝီအနေအထားအရပဲ ဖြစ်ဖြစ် ဒီမြို့တွေကတော့ ရေရှားနိုင်တယ်။ အဲတာကြောင့် ကျမတို့မှာလေးမြို့မြစ်ဆိုတာရှိတယ်၊ နောက်တခုက မြစ်ရေတွေကို ရေစုပ်စက်တွေနဲ့ တင်ကြတာတယ်။ အဲလို လုပ်နိုင်ဖို့အတွက်လည်း ကျမတို့ TECဆို တဲ့ Township Council plan ရှိတဲ့ သူတွေနဲ့ ဆွေးနွေးတာရှိတယ်၊ ဒါပေမယ့် ဒီနှစ်ကျ တော့ အဲလိုလုပ်ဖို့ တော်တော်လေး အဆင်မပြေဘူးပေါ့နော်။”

ရခိုင်ပြည်နယ်မှာ လာမယ့် လတွေမှာ သောက်သုံးရေရှားမှုတွေကိုအခုထက်ပိုပြီး ဆိုးဆိုး ရွားရွားရင်ဆိုင်ရမှာဖြစ်တာကြောင့် ရတဲ့နည်းလမ်းတွေနဲ့ ကူညီနိုင်ဖို့ တိုင်ပင်နေကြတာတွေရှိတယ်လို့လည်း သူကပြောပါတယ်။

“ တကယ်လိုအပ်လာတဲ့အခါ ဘယ်လိုလုပ်ကြမလဲဆိုတာကို ကျမတို့ ဒီဘက်မှာ ဆွေးနွေးပြီးတော့ အဲလို တကယ့်မြေပြင်မှာ တက်လာတဲ့ အသံတွေကို မူတည်ပြီးတော့ မြေပြင်က အဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ထပ်ပြီးတော့ လုပ်သွားရမယ့်အခြေအနေရှိပါတယ်။ ဘယ်လိုလုပ်မလဲဆိုတဲ့ အစီအစဉ်တော့မရှိသေးပါဘူး။ ”

ပြီးခဲ့တဲ့ နှစ်တွေကတော့ ရခိုင်ပြည်နယ်မှာ သက်ဆိုင်ရာအာဏာပိုင်တွေဘက်ကလည်း မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးလက်ဒေသတချို့မှာ မီးသတ်ကားတွေနဲ့ သောက်သုံရေတွေ လိုက်ပြီးတော့ ဖြန့်ဝေတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း လုံလောက်တဲ့ ပမာဏ မဟုတ်ဘဲ တနေ့တာ သောက်သုံးရေအတွက်လောက်သာဖြစ်လို့ ရေတိုအကူအညီလိုဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ ရေရှားပါးမှုတွေကို ဖြေရှင်းနိုင်ဖို့ လက်ရှိတာဝန် ယူထားတဲ့ စစ်ကောင်စီအနေနဲ့ ဘယ်လိုလုပ်ဆောင်နေတယ် ဆိုတာမေးမြန်းဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီတာဝန်ရှိသူတွေကို VOA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်း တစုံတရာတုန့်ပြန်ပြောဆိုတာမရှိခဲ့ပါဘူး။

သည်နေ့အထိ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်AAအဖွဲ့ကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေသလို ဒေသတွင်း ခရီးသွားမှုတွေနဲ့ ကုန်စည်စီးဆင်းမှုတွေကို စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။ဒါ့အပြင် ဒေသအတွင်းမှာရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီပေးနေတဲ့ ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့လည်း ဒေသတွင်း ကူညီမှုလုပ်ငန်းတော်တော်များများကို ရပ်တန့်ထားကြရတာပါ။

ရေရှည်မှာ အခုလို ရေရှားပါးတာတွေကို ကာကွယ်ဖို့ဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ဆယ်မြောင်း တာတမံတွေလုပ်ပေးဖို့လိုအပ်သလို ရေပေးဝယ်ရေးစနစ်တွေကိုလည်း သေသေချာချာစီမံကိန်းရေးဆွဲပြီးတော့ စနစ်တကျဖြန့်ဝေတောတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း ကိုထွန်းကြည်ကပြောပါတယ်။

“ဒီအစိုးရအဆက်ဆက်ကတော့ ဒါတွေကို မလုပ်ခဲ့ဘူးနော်၊ အဲဒါကြောင့် ရေရှားပါးဒဏ်ကို ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတာဖြစ်တယ်။ ဒီ ရေရှားပါးမှုနဲ့အတူ သစ်တောပြုန်းတီးမှုကြောင့်ရေရှားပါးလာတဲ့အတွက် သဘာဝဘေးအန္တရာယ်ကလည်း နှစ်တိုင်းလိုလို ကြီးကြီးမားမားကျရောက်လာတယ်။ ဒါတွေကို ကာကွယ်ဖို့ကတော့ ကျနော်တို့က ရေရှည်စီမံကိန်းတွေချပြီးတော့မှ သွားလို့ရတဲ့ အခြေအနေမျိုး ဖြစ်တယ်။”

ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ခုနှစ်မှာတော့ ရခိုင်ပြည်နယ် ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနာအနေနဲ့ ရေရှားတဲ့ပြဿနာဖြေရှင်းဖို့အတွက် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ရသေ့တောင်၊ ရမ်းဗြဲ၊အမ်း၊ဂွ၊ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ လျှိုပိတ်ဆည်စုစုပေါင်း ၁၁ခုအထိ တည်ဆောက်ပေး ခဲ့ပါတယ်။ဒါပေမယ့်လည်း အဲဒီဆည်တွေကနေ ဒေသခံတွေရဲ့နှစ်စဉ်ရင် ဆိုင်နေရတဲ့ ရေရှားပါးမှုပြဿနာတွေကို ဖြေရှင်းမပေးနိုင်ခဲ့ပါဘူး။

ကျောက်ဖြူမြို့နယ် တေးချောင်းကျေးရွာက မစုစုလွင်ကတော့ သူတို့ဒေသမှာ သောက်သုံးရေရှားပါးမှုကြောင့် အမျိုးသမီးတွေ အလုပ်ပိုများလာတဲ့အတွက် သောက်သုံးရေ အဆင်ပြေစေဖို့ လိုလားမျော်လင့်နေပါတယ်။

“ မိန်းမတွေကအိမ်မှာပဲ ရေခပ် ထမင်းချက်ဘဝနဲ့ အချိန်ကုန်နေရပြီးတော့ တခြား စီးပွားရေး ဘက်တွေမှာ အားနည်းချက်တွေရှိလာတယ်။ ရေခပ်ရတာလည်း ဒီဘက်မှာက အရမ်းဝေး တယ်ဆိုတော့ အချိန်တွေ ပိုပေးရတယ်၊ ရေရှားလာတာနဲ့ အမျှအချိန်တွေ ပိုပေးလာရတဲ့ အခက်အခဲရှိတယ်။”

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG