သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ရခိုင်တောင်ပိုင်း ၄ မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်


အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ
အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ်က မြို့နယ်လေးခုလောက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား ဒီရက်ပိုင်း ရင်ဆိုင်တိုက်ပွဲတွေ ပိုပြင်းထန်လာနေပါတယ်။ ရခိုင်တောင်ပိုင်းက သံတွဲနဲ့ တောင်ကုတ်ကြားမှာလည်း ၃ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေသလို အမ်းနဲ့ ဘူးသီးတောင် မောင်တောဘက်တွေမှာလည်း တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီကတော့ တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေအပြင် တခြားမြို့နယ်တွေကိုပါ လေကြောင်း၊ ရေကြောင်းတို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ရခိုင်တိုက်ပွဲ နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေကျန်ရှိနေသေးတဲ့ မြို့နယ်တွေထဲက တောင်ကုတ်၊ သံတွဲ၊ အမ်းနဲ့ ဘူးသီးတောင် မောင်တောဘက်မှာ စစ်ကောင်စီနဲ့ AA အကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ပိုပြင်းထန်လာနေတာပါ။ ရခိုင်တောင်ပိုင်းက သံတွဲမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်ကြားမှာ ဆိုရင်လည်း နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သံတွဲဒေသခံ အမျိုးသမီး တဦးကပြောပါတယ်။

“ လေယာဉ်ကလည်း အခုလက်ရှိ တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ ဗုံးလာကြဲတာရှိတယ်။ မြို့ပေါ်မှာတော့ လေယာဉ်ဝဲတာ ရှိတယ်။ ဒါပေမယ့် ဗုံးကြဲတာတို့ ဘာတို့တော့ မရှိပါဘူး။ အခုက တိုက်ပွဲ ပိုပြီးတော့ ပြင်းထန်လာတယ်။ အရင်ကဆိုလို့ရှိရင် တဘက်သက် ပစ်တာတွေများတယ်။ အခုနောက်ပိုင်းက ထိပ်တိုက် တိုက်ပွဲဖြစ်တာတွေ နည်းနည်းစိပ်လာတယ်လို့ ပြောလို့ ရပါတယ်။”

လက်ရှိတိုက်ပွဲနေရာဟာ သံတွဲမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်ကြား ဒေါ်မြကျေးရွာအနီးမှာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းတွေနဲ့ အပြင်းအထန် ခုခံ တိုက်ခံနေတာပါ။ အခုလို တိုက်ပွဲတွေကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရသလို တောင်ကုတ်မြို့ခံတချို့လည်း မြို့တွင်း တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တာကြောင့် တိမ်းရှောင်နေကြတယ်လို့ တောင်ကုတ်မြို့ခံတဦးက ပြောပါတယ်။

“ ကျနော်သိသလောက် ပြောရမယ်ဆိုရင်တော့ ဒီနေ့ဆိုရင် ၄ ရက်အထက်ပေါ့ တိုက်ပွဲဖြစ်တာ။ ဒီကဆိုရင် မိုင် ၂ဝလောက်မှာ ရွေလည် မရောက်ခင် ဒေါ်မြကျေးရွာနဲ့ ပုရိတ်ရေကောက် အဲဒီကြားမှာဖြစ်တာ။ ပြင်းပြင်းထန်ဖြစ်တာ။ အပေါ်က လေယာဉ်နဲ့ ဗုံးတွေ အခေါက်ခေါက် လာကြဲတယ်။ ပြီးရင် ပင်လယ်က နေဗီ (Navy)က လက်နက်ကြီးတွေနဲ့ ထုတယ်။ ဒေသခံတွေကတော့ စိုးရိမ်နေကြတာပေါ့ဗျာ။ တချို့ဆိုရင်လည်း ဒေသကို စွန့်ခွာပြီး ဆွေမျိုးတွေ ရှိတဲ့နေရာတွေကို တိမ်းရှောင်ကြတာပေါ့။ သွားစရာမရှိတဲ့သူတွေကတော့ ကိုယ့်အိမ်မှာ ကိုယ်နေကြတာပေါ့ဗျာ။”

ဒါ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အကြီးဆုံးဗျူဟာကုန်းဖြစ်တဲ့ တောဟိန်းတောင် ဗျူဟာကုန်းကို AA က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ ရေကြောင်းအပါဝင် လက်နက်ကြီး ပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေတယ်လို့ ရခိုင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုထွန်းကြည်က ပြောပါတယ်။

“ ဒီရက်ပိုင်းအတွင်းပေါ့လေ၊ အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ် အစပ်ပေါ့လေ၊ တောဟိန်းတောင် ဗျူဟာပတ်ဝန်းကျင်မှာတော့ တော်တော် ပြင်းထန်နေတယ်လို့ ပြောလို့ရတယ်။ အဲမှာ လေကြောင်းရော၊ ရေကြောင်းကပါ စစ်ကောင်စီက လှမ်းပစ်နေတာကိုတော့ တွေ့ရတယ်။ မနေ့ကဆိုရင် တိုက်ပွဲက တော်တော်လေး ပြင်းထန်တယ်။ လေယာဉ် သုံးလေးစီးလာပြီးတော့ ဗုံးကြဲတာတွေ အခုလည်း ကျနော်ပြောနေတဲ့ အချိန်မှာ ဂျက်ဖိုက်တာတွေနဲ့ လာပြီးတော့ ပစ်နေတာရှိတယ်။”

ပြီးခဲ့တဲ့လကတည်းက တိုက်ပွဲ ပြင်းထန်နေတဲ့ ဘူးသီးတောင် မောင်တော ဘက်တွေမှာလည်း စစ်ကောင်စီနဲ့ AA တပ်ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒီရက်ပိုင်း အတွင်းမှာပဲ စစ်ကောင်စီတပ်စခန်းတချို့ကို AA က သိမ်းပိုက်ထားပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်း ဘူးသီးတောင်မြို့ပေါ်က နေအိမ်တော်တော်များများလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာအတွင်းက စတင်ခဲ့တဲ့ တကျော့ပြန်ရခိုင်တိုက်ပွဲဟာ ဒီကနေ့အထိ ဆက်လက်ပြင်းထန်နေတာပါ။ တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၁၇ဝ ကျော်နဲ့ ထိခိုက်ဒဏ် ရာရရှိသူ ၄၆ဝ ကျော်အထိ ရှိတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ သိန်းကျော်အထိရှိ လာနေတယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG