သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးပဋိပက္ခ ဖန်တီးခံနေရတဲ့ ရခိုင်ပြည်နယ် အခြေအနေ


 ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)
ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)

ရခိုင်ပြည်နယ်တွင်း လူမှုအသိုက်အဝန်းနှစ်ခုအကြား အမုန်းတရားတွေ ပြန့်နှံ့နေပြီး နောက်တကြိမ် လူမျိုးရေးပဋိပက္ခပုံစံ ဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ ရိုဟင်ဂျာအရေး တတ်ကြွလှုပ်ရှားသူတဦးက သတိပေးပါတယ်။ ရိုဟင်ဂျာတွေဟာ ရခိုင်စစ်ရေးပဋိပက္ခအတွင်း နှစ်ဘက်လုံးရဲ့ စစ်သားစုဆောင်းမှုတွေ ခံနေရပြီး၊ အသက်အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာအရေး နိုင်ငံတကာမှာ ဦးဆောင်လှုပ်ရှားနေသူ ဗြိတိန်အခြေစိုက် BROUK မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ပြောပါတယ်။ မအင်ကြင်းနိုင်က ဗွီအိုအေစတူရီယိုမှာ ဦးထွန်းခင်ကို တွေ့ဆုံမေးမြန်းထားပါတယ်။ ‌

မအင်ကြင်းနိုင် ။ ။ ကိုထွန်းခင် အခုလို VOA Studio ကို လာရောက်ပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဦးထွန်းခင် ။ ။ အခုလို ကျနော့်ကို ဖိတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

မေး ။ ။ ပထမဦးဆုံးမေးချင်တာက ကိုထွန်းခင်တို့က နိုင်ငံတကာမှာ ရိုဟင်ဂျာတွေ လူ့အခွင့်အရေ ချိုးဖောက်ခံနေရတယ်။ ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေ။ နောက်တခါ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကိုလည်း နိုင်ငံတကာမှာ တင်ပြနေတော့ အခုလက်ရှိ အမေရိကန်ကို လာတဲ့ကိစ္စကလည်း ရိုဟင်ဂျာတွေကိစ္စမှာ လက်ရှိ ရိုဟင်ဂျာတွေ အဆိုးဆုံးရင်ဆိုင်နေရတဲ့ အခြေအနေက ဘာတွေလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ အဓိက ဝါရှင်တန်ကိုလာတဲ့ ကိစ္စက အခုလက်ရှိ အခြေအနေမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေက ၂၀၁၇ ခုနှစ်လို ဆိုးဝါးတဲ့ အခြေအနေတခု ဖြစ်နေတယ်။ အဲဒါကို အမေရိကန်နိုင်ငံက Genocide ဆိုပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှုကို အသိအမှတ်ပြုထားတဲ့နိုင်ငံဖြစ်တော့ အမေရိကန်အစိုးရအနေနဲ့ Action တွေ လုပ်ဖို့လိုတယ်။ အခုက တကယ့်ကို ဆိုးဝါးတဲ့ အခြေအနေတခု။ ဥပမာ ၂၀၁၇ ခုနှစ်ထက် ပိုဆိုးမယ့်အနေအထားတခုကို ကျနော်တို့မြင်တယ်။ အဲဒါကို အမေရိကန်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ကွန်ဂရက်ကလူတွေကို ကျနော်တို့က အဓိက ဒီကိစ္စကို တင်ပြဖို့နဲ့ နောက်တခုကတော့ ဒီမှာ ကျနော်နဲ့အတူတူ သောမတ်စ် ကန်တာနာ - အရင်တုန်းက United Nations special rapporteur ကုလသမဂ္ဂက ခန့်ထားတဲ့ အထူးကိုယ်စားလှယ်နဲ့လာတယ်။ နောက်တခုက မြန်မာရိုဟင်ဂျာအဖွဲ့က အာဂျင်တီးနားမှာ Universal jurisdiction ခေါ်တဲ့ အမှုတခုကို တင်ထားတယ်။ အဲဒီအမှုက တော်တော်လေးကို အခြေအနေ ကောင်းလာပြီ။ နိုင်ငံတကာ ထောက်ခံမှု လိုတယ်။ အဲဒီအမှုရဲ့ အခြေအနေ Update လုပ်ဖို့လည်း လာတယ်။ နောက်တခုက ကျနော်တို့ ရိုဟင်ဂျာ တစ်သန်းနီးပါး ဘင်္ဂလားဒေ့ရှ်မှာ ရှိတယ်။ ပြန်လည်ပို့ဆောင်ရေးကလည်း အခုထက်ထိ မဖြစ်နိုင်သေးဘူး။ တဘက်မှာ ရခိုင်ပြည်နယ်အတွင်းမှာလည်း အခြေအနေက ဆိုးလာနေတော့ အခု ၇ နှစ်ပါး ရှိနေပြီ ဒီနေ့ထက်ထိ ရိုဟင်ဂျာတွေက သူတို့နေရပ်ကို ပြန်လို့မရသေးဘူး။ Repatriation ပြန်လည်ပို့ဆောင်ရေးက ဖြစ်နိုင်မယ့် အလားအလာလည်း ဒီအတောအတွင်းမှာ မတွေ့ဘူး။ အဲဒါကြောင့် Genocide survivors လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာ တစ်သန်းနီးပါးကို ထောက်ပံ့မှုတွေ အများကြီးလုပ်ဖို့ လိုတယ်။ ပြီးတော့ Camp မှာ လူတွေအများစု ရှိတယ်။ ဒီလူတွေကို ပညာရေးပိုင်းနဲ့ မြှင့်တင်ပေးဖို့ လိုတယ်။ ဒီအရွေ့ကို ကျနော်တို့က အမေရိကန်အစိုးရ၊ ကွန်ဂရက်က ပုဂ္ဂိုလ်တွေနဲ့ တခြားမြန်မာအရေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ အရာရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မေး ။ ။ အဲဒီမှာ ပြီးခဲ့တဲ့ သတင်းပတ်က စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်မှာ ဖြစ်နေတဲ့ကိစ္စကို တုံ့ပြန်ပြောဆိုတဲ့နေရာမှာတော့ အဓိက လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးနေတာက ရခိုင်တပ်တော် AA နဲ့ သူတို့အခေါ် ဘင်ဂါလီ − ရိုဟင်ဂျာတွေကြားမှာ အချင်းချင်းဖြစ်တာ။ အထူးသဖြင့် အခု ရိုဟင်ဂျာတွေကို ဖမ်းဆီးတောတွေ၊ သတ်ဖြတ်တာတွေ၊ ရိုဟင်ဂျာရွာတွေကို မီးရှို့တာတွေက AA ကပဲ လုပ်တာဆိုပြီးတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားတာ ရှိပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့အပေါ် ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ ဒါကတော့ ရှင်းရှင်းလင်းလင်းပါ။ စစ်တပ်ဆိုတာက နှစ်ပေါင်းများစွာ ၁၉၆၂ ဦးနေဝင်း အာဏာသိမ်းကတည်းက ရခိုင်နဲ့ ရိုဟင်ဂျာတွေကြားထဲ မပြေလည်အောင် Divide and Rule ဆိုတဲ့ ပေါ်လစီကို သုံးပြီးတော့ ခွဲခြားဆက်ဆံပြီးတော့ ကျနော်တို့ ရိုဟင်ဂျာတွေကို ရခိုင်ကို သုံးပြီးတော့၊ အသုံးချပြီးတော့ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လုပ်ခဲ့တာတွေ အများကြီး။ စစ်တပ်လည်းလုပ်တယ် − ရခိုင်တွေကိုသုံးပြီးတော့ လုပ်ခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာလည်း အထူးသဖြင့် ရခိုင်အစွန်းရောက်တချို့တွေကို အသုံပြုပြီးတော့ ကျနော်တို့ရွာတွေကို မီးရှို့ခဲ့တာတွေ ကျနော်တို့ တွေ့ရတယ်။ စစ်တပ်က အကုန်လုပ်တာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်အနေနဲ့ နောက်တခု ရှင်းရှင်းလင်းလင်း ပြောချင်တာက စစ်တပ်က ရခိုင်အစွန်းရောက်တွေက ဒီပြဿနာကို ဖန်တီးလုပ်ပြီးတော့ အခုက ရိုဟင်ဂျာနဲ့ ရခိုင်တွေကြား ပြဿနာတခုကို ဖန်တီးနိုင်အောင် အားကောင်းအောင် လုပ်နေတယ်။ စစ်တပ်ကနေ အစကတည်းက ကျနော်ပြောချင်တာက Conscription စစ်မှုထမ်းခိုင်းတာ၊ AA ကို ဆန္ဒပြခိုင်းတာတွေ လုပ်ခိုင်းပြီး၊ အခုနောက်ပိုင်းမှာဆိုရင် AA က ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်မှုထမ်းမှာ ပါဝင်တယ်ဆိုပြီးတော့ သတ်ဖြတ်နေတာတွေ၊ ပြီးတော့ ရိုဟင်ဂျာရွာတွေကို မီးရှို့တာတွေ၊ ရိုဟင်ဂျာတွေကို မဟုတ်မတရား ဖမ်းဆီးတာတွေ လုပ်နေတာကို ကျနော်တို့ တွေ့ရတယ်။ အဲ့ဒါကြတော့ နှစ်ဘက်စလုံးမှာ ခံနေရတယ်။ ဒါပေမဲ့ ဒီမှာကြတော့ စစ်တပ်က ပြောတာကတော့ သူတို့ရဲ့ထုံးစံအတိုင်း နှစ်ပေါင်းများစွာ သူတို့က ခွဲခြားပြီးတော့ ရခိုင်နဲ့ ရိုဟင်ဂျာကြားထဲမှာ ပြဿနာဖန်တီးအောင် လုပ်တာ။ အဲ့ဒီတော့ ကျနော် အတည်အလင်း ပြောချင်တယ်။

မေး ။ ။ အဲ့ဒီတော့ ဒီ AA ရခိုင်တပ်တော်ဘက်ကတော့ သူတို့ရဲ့ ထုတ်ပြန်ချက်တွေ ပြောဆိုချက်တွေကို ကြည့်မယ်ဆိုရင်လည်း သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု့တွေ ရှိပါတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ၊ အထူးသဖြင့် ကုလသမဂ္ဂက အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး တိုက်ရိုက်မဟုတ် မမှန်ပါဘူးဆိုပြီးတော့ သူတို့ဘက်က တိုက်ရိုက်တုံ့ပြန်တာတွေလည်း ရှိတော့၊ အဲ့ဒီတော့ ရိုဟင်ဂျာတွေအနေနဲ့က AA နဲ့ ပတ်သတ်ရင် စောစောက ပြောသွားသလိုပဲ သဘောထားမှန်ဖို့ တောင်းဆိုထားသလို၊ ဒါပေမဲ့ တဘက်မှာ အခုလို စစ်ကောင်စီကို တိုက်နေတဲ့ မြန်မာ့တပ်မတော်ကို တိုက်နေတဲ့ ရခိုင်ဘက်မှာ ရိုဟင်ဂျာတွေဘက်က ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားမျိုးပေါ့နော် အဲ့ဒါမျိုးကော ရှိပါလားရှင့်။

ဖြေ ။ ။ ဒီနေရာမှာ ကျနော်တို့ကို AA အနေနဲ့ စစ်တပ်ထဲသွင်းတာကို မပါဝင်ဖို့ဆိုတာကို ကျနော် ဒီမှာ ထောက်ပြဖို့လိုတာက တော်တော်လေး အရေးကြီးတယ်။ ကျနော် စောစောက ပြောပြီးပြီ။ ရိုဟင်ဂျာတွေဟာ ၂၀၁၇ ခုနှစ်မှာ အကြီးအကျယ် လူမျိုးတုန်းသတ်ဖြတ်မှု့ကို ခံရပြီးတော့ တစ်သန်းနီးပါးသော ရိုဟင်ဂျာတွေက ဘင်္ဂလာဒေရှ့်ဘက်ကို ထွက်ပြေးသွားခဲ့ရတယ်။ ဒီနေ့ထက်ထိ ပြန်မလာသေးဘူး။ နောက်ကျတော့ ခြောက်သိန်းနီးပါးသော ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်မှာ ရှိနေပေမယ့် သူတို့ကို သွားလာကန့်သတ်မှု့တွေ၊ ဆေးကုသမှု့ ကန့်သတ်မှု့တွေ၊ ကျောင်းတက်ခွင့် ကန့်သတ်မှု့တွေ၊ လူမျိုးတုန်း သတ်ဖြတ်မှုကို စစ်တပ်က ဆက်တိုက်လုပ်နေတုန်းပဲ။ အဲ့ဒီလို စစ်တပ်က အတင်းအဓမ္မ သွင်းခိုင်းပြီးတော့ ခြိမ်းခြောက်ပြီးတော့ ဖမ်းဆီးမယ်၊ သတ်ဖြတ်မယ်၊ ခြိမ်းခြောက်နေတော့ ကျနော်တို့က ကြားထဲမှာ ကြားညှပ်နေတဲ့ အနေအထားမှာ ရှိတယ်။ အဲ့ဒါကြောင့် ရိုဟင်ဂျာတွေကို တော်တော်လေး စစ်တပ်က အတင်းအဓမ္မလုပ်တော့ ရိုဟင်ဂျာဘက်ကနေလည်း စဥ်းစားဖို့ လိုမယ်။ ကျနော်တို့ ဘူးသီးတောင်မှာ မီးရှို့တဲ့ကိစ္စကို သိထားသလောက်က စစ်တပ်က မီးရှို့တယ်။ ရိုဟင်ဂျာတွေကို စစ်တပ်ကနေ စစ်မှု့ထမ်းခိုင်းတယ်။ ရိုဟင်ဂျာတွေကို ခေါ်သွားတယ်။ အဲ့ဒီလိုတော့ ကျနော်တို့ ကြားတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေ မီးရှို့တယ်ဆိုတာကတော့ လုံးဝမဟုတ်ဘူး။ ဒါက စစ်တပ်က ကျနော် စောစောက ပြောသလို ရိုဟင်ဂျာတွေကို အမုန်းတရားဖြစ်အောင် ရခိုင်လူမျိုးစုကနေ ရိုဟင်ဂျာတွေကို ပိုပြီးမုန်းသွားအောင် စစ်တပ်က ရိုဟင်ဂျာကလည်း ရခိုင်ကို မုန်းအောင်လုပ်တဲ့ ဖန်တီးတဲ့ ပြဿနာကို ကျနော်တို့ နားလည်ဖို့တော့ အရေးကြီးတယ်။ စစ်မှု့ထမ်းဖို့ လုပ်လိုက်ပြီးတော့

ဆန္ဒပြဖို့တွေ လုပ်ခိုင်းတယ်။ ရိုဟင်ဂျာတွေက တနေရာကနေ တနေရာကိုတောင် သွားလို့ မရဘူး။ Check Point တွေနဲ့ ရခိုင်ပြည်နယ်ထဲမှာ။ အဲ့ဒီလို ထောင်သောင်းပေါင်းများစွာသော ရိုဟင်ဂျာတွေ၊ ရာပေါင်းများစွာသော ရိုဟင်ဂျာတွေက ၄၀၀−၅၀၀−၆၀၀ ရှိမယ် ထင်တယ်။ အဲ့ဒီလို ရိုဟင်ဂျာတွေက ဘယ်လို ဆန္ဒပြနိုင်မလဲ။ ပြီးတော့ ကျနော်တို့က စစ်တွေမှာ ကျနော်တို့ကြားတာက ဆန္ဒပြဖို့ Placard တွေကိုပါ စစ်တပ်ကနေ သေသေချာချာ စီစဥ်ပြီးတော့ ယူလာတယ်။ ပြီးတော့ အတင်းအဓမ္မ လုပ်တယ်။ ခြိမ်းခြောက်တယ်။ ဒီအချိန်မှာ ရိုဟင်ဂျာတွေက ဘယ်ဘက်မှာ သွားနေမလဲ။

မေး ။ ။ အဲ့ဒီတော့ အခုလို ရခိုင်ပြည်နယ်မှာ အသိုင်းအဝိုင်းနှစ်ခုကြားမှာ ပဋိပက္ခ ဖြစ်အောင် ဖန်တီးနေတဲ့ ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ဆိုရင် ဦးထွန်ခင်အနေနဲ့ ဘယ်လို အကြံပေးချင်လဲရှင့်။

ဖြေ ။ ။ ရိုဟင်ဂျာနဲ့ ရခိုင်တွေ နှစ်ပေါင်းများစွာ ရခိုင်ပြည်နယ်မှာ ကျနော်တို့ နေလာတယ်။ ရခိုင်၊ ရိုဟင်ဂျာ၊ တခြားလူနည်းစုအားလုံးပေါ့နော်။ ရခိုင်၊ ရိုဟင်ဂျာ၊ ကမန်၊ မြို၊ ဖက်၊ ခမိ ကျနော်တို့ Diverse Group ပေါ့နော်။ ကျနော်တို့ လိုလားသည့် ရိုဟင်ဂျာတွေသည် အေးချမ်းစွာ အတူယှဥ်တွဲနေ ထိုင်ရေးကို လိုလားတယ် − Peaceful coexistence။ ဒီနေရာမှာ ရခိုင်တပ်တော် AA အနေနဲ့ တခြားလူနည်းစုအားလုံးနဲ့ တိုင်ပင်ပြီးတော့ ဆွေးနွေးဖို့လိုမယ်။ စကားပြောဖို့လိုမယ်။ အဲ့ဒါမှ ကျနော်တို့ လိုလားနေတဲ့ − စစ်တပ်ကို ရခိုင်ပြည်နယ်ကနေ အပြတ်ချေမှုန်းရေးဆိုတဲ့ တိုက်ပွဲက ပိုပြီးကောင်းပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ တခါ AA က အာဏာ အားရှိတယ်ဆိုပြီးတော့ ရိုဟင်ဂျာတွေကို ဘင်္ဂလီလို့ သုံးတာတို့၊ ရိုဟင်ဂျာရွာတွေကို မီးရှို့နေတာတွေ ကျနော်တို့ ကြားတယ်။ ဒါတွေကို ရပ်တန့်ပြီးတော့ ရိုဟင်ဂျာတွေကို မူလနေရာကို ပြန်ခေါ်လာဖို့ အရေးကြီးမယ်။ နောက်တခုကတော့ ကျနော်တို့ ရိုဟင်ဂျာတွေသည် ရခိုင်ပြည်နယ်မှာ ကျ‌နော်တို့ Identity ဆိုတဲ့ ရိုဟင်ဂျာ Identity ရှိတယ်။ ကျနော်တို့ Identity ကို ရခိုင် AA အနေနဲ့ သတ်မှတ်လို့ မရဘူး။ ကျနော်တို့ Identityကို ကျနော်တို့ပဲ သတ်မှတ်လို့ရတာ ဖြစ်တယ်။ အဲ့ဒါကြောင့် ဘင်္ဂလီလို့ သုံးတဲ့ဟာတွေသည် အမုန်းတရားကို ပိုပြန့်ပွားစေတယ်။ အဲ့ဒါကြောင့်မို့ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးစုအားလုံး တိုင်ပင်ဆွေးနွေးပြီးတာ့ စကားပြောဖို့ လိုမယ်။ အဲ့ဒါကြမှ ငြိမ်းချမ်းမှု့ကို လိုလားနေတဲ့၊ လွတ်လပ်မှု့ကို လိုလားတဲ့ ငြိမ်းချမ်းတဲ့ ရခိုင်ပြည်နယ်မှာ ကျနော်တို့အားလုံး ငြိမ်ချမ်းစွာအတူယှဥ်တွဲ နေထိုင်နိုင်မယ်လို့ ကျနော်ထင်တယ်။

မေး။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုမျိုး ကျမတို့မေးတဲ့ မေးခွန်းတွေ ဖြေဆိုပေးလို့ ကျေးဇူးတင်ပါတယ်။

#Rohingya #RohingyaRefugees #ArakanArmy #MyanmarGenocide #MyanmarMilitary #VOABurmese

Rohingya, Rohingya Refugees, Arakan Army, Rakhine vs. Rohingya, AA vs. Myanmar Military, Rohingya Advocate U Tun Khin, ဦးထွန်းခင်, ရိုဟင်ဂျာ ဒုက္ခသည်များ, ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု, ရခိုင်လူမျိုုး, ရခိုင်တပ်တော်, စစ်ကောင်စီ

Forum

XS
SM
MD
LG