သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CDM ဝန်ထမ်းခန့်ထားတဲ့ စွပ်စွဲချက်နဲ့ မော်လမြိုင် ပုဂ္ဂလိကဆေးရုံ အပိတ်ခံရ


မော်လမြိုင်မြို့ (Google Maps)
မော်လမြိုင်မြို့ (Google Maps)

မော်လမြိုင်မြို့က ပုဂ္ဂလိကဆေးရုံ တခုမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတချို့ကို ဝန်ထမ်းခန့်ထားတယ်ဆိုပြီး တိုင်ကြားခံရတာကြောင့် ယာယီပိတ်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ နီးစပ်သူတချို့က ပြောပါတယ်။ အရင်တုန်းကလည်း CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ခန့်အပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်နဲ့ မန္တလေးက ပုဂ္ဂလိကဆေးရုံ တချို့ကိုလည်း ပိတ်ခိုင်းခဲ့ဖူးပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်မှာရှိတဲ့ အေးသန္တာ အထူးကုဆေးရုံကို စစ်ကောင်စီဘက်က လုပ်ငန်း ၃ လပိတ်သိမ်း ခိုင်းထားပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ သူနာပြုတချို့ကို ခန့်အပ်ထားတယ်ဆိုပြီး အတိုင်ခံလိုက်ရလို့ အခုလို ၃ လပိတ်တာ ဖြစ်တယ်လို့ ဆေးရုံနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"၅ လပိုင်း ၁ ရက်နေ့ကနေ စပိတ်တာ။ ၈ လပိုင်း ၁ ရက်နေ့မှ ပြန်ဖွင့်မှာ။ ဆေးရုံကို ၃ လပိတ်ရမယ်။ ၈ လပိုင်း ၁ ရက်နေ့တော့ ပြန်ဖွင့်ပေးရမယ်။ အဲလိုပြောတယ်။ ဆေးရုံမှာ CDM လုပ်ထားတဲ့ ဆရာမတွေ အလုပ်လုပ်တယ်ပေါ့။ အဲလို တိုင်လိုက်တာ။"

CDM ကျန်းမာရေးဝန်ထမ်း ခန့်အပ်ထားလို့ အခုလို ပုဂ္ဂလိကဆေးရုံတွေ ပိတ်သိမ်းခံရတာ ရန်ကုန်နဲ့ မန္တလေးမြို့မှာလည်း ရှိခဲ့ပါတယ်။ မန္တလေးမြို့က ပုဂ္ဂလိက ဆေးရုံတွေဖြစ်တဲ့ ကံ့ကော်၊ မြို့တော်၊ နန်းတော်၊ စိန်ပန်း၊ ထက်နေလင်းနဲ့ မင်္ဂလာ ဆေးရုံတွေကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်မှာ ယာယီပိတ်သိမ်း ခံခဲ့ရပါတယ်။

ရန်ကုန်မြို့က အောင်ရတနာ ဆေးရုံကိုလည်း အခုနှစ် မေလနဲ့ ဇွန် ၂ လတာ ယာယီပိတ်သိမ်း ခိုင်းထားပါတယ်။ ပင်လုံဆေးရုံလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လမှာ ယာယီပိတ်ခဲ့ ရပါတယ်။ ဆေးရုံတွေ ယာယီပိတ်သိမ်း ခံရလို့ အဲဒီဆေးရုံတွေမှာ ပြသနေတဲ့ လူနာတွေဟာ နောက်ထပ် ဆေးရုံတွေကိုလည်း လိုက်လံစုံစမ်းပြီး ဆရာဝန်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ ကြိုတင်ပြင်ဆင် ထားရပါတယ်။

"လူနာက ဆေးရုံကနေလည်း ပြန်ရောက်နေပြီ ဆိုတော့ အိမ်မှာပြန်နေတာ အခြေအနေလည်း ကောင်းနေတော့ တကယ်လို့ တခုခုဆိုလည်း တခြားဆေးရုံပေါ့။ တော်ရုံတန်ရုံလောက်က သမားတော်တွေက ဟိုဘက် ဒီဘက် မျှထိုင်တာဆိုတော့ တကယ်လို့ တခုခုဖြစ်ရင်လည်း တခြားဆေးရုံ ပြောင်းပြရတာပေါ့။ အဲလောက်ပါပဲ။"

မြန်မာနိုင်ငံမှာ လုပ်ငန်းလိုင်စင် ခွင့်ပြုထားတဲ့ ပုဂ္ဂလိကဆေးရုံ ၂၉၅ ရုံရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ လုပ်ငန်းလိုင်စင် စည်းကမ်းတွေ လိုက်နာဖို့ ပျက်ကွက်တဲ့ ကျန်းမာရေး လုပ်ငန်းတွေကို အရေးယူတာတွေ ပြုလုပ်နေတယ်လို့ မေလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း အစည်းအဝေးမှာ ဒေါက်တာသက်ခိုင်ဝင်းက ပြောခဲ့ပါတယ်။

ပုဂ္ဂလိက ဆေးရုံတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူတွေဟာ သက်တမ်းရှိတဲ့ သတ်မှတ်လိုင်စင် ရှိရမှာဖြစ်ပြီး၊ တည်ဆဲဥပဒေနဲ့ ငြိစွန်းထားသူတွေ မဖြစ်စေရေးကိုလည်း စိစစ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG