သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ တပ်စခန်း ၁ ဒါဇင်နီးပါးကို သိမ်းပိုက်လိုက်ကြောင်း KIA ကြေညာ


ဆွမ်ပရာဘွမ်မြို့အဝင်
ဆွမ်ပရာဘွမ်မြို့အဝင်

ကချင်ပြည်နယ်မှာ အရေးပါတဲ့ နေရာတချို့ အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁ ဒါဇင်နီးပါးကို သိမ်းယူနိုင်ခဲ့ကြောင်း ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA က ပြောလိုက်ပါတယ်။ မြစ်ကြီးနား - ပူတာအို ကားလမ်းနဲ့ ဆွမ်ပရာဘွမ်မြို့နယ်ကို ထိန်းချုပ်ထားတဲ့ စခန်းကိုတော့ ပူးပေါင်းတပ်တွေ ၂လကျော်ကြာ တိုက်ခိုက်ခဲ့ပြီးမှ သိမ်းပိုက်နိုင်ခဲ့တာလို့လည်း ပြောပါတယ်။ ကချင်ပြည်နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစည်သူ တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဟာ မတ်လဆန်းကစတင်ပြီး စစ်ကောင်စီတပ် စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ တနင်္ဂနွေနေ့ကတော့ ဆွမ်ပရာဘွမ်အခြေစိုက်တပ်စခန်းနဲ့ ဝိုင်းမော်မြို့နယ်အတွင်းက တပ်စခန်း အတော်များများကို ပူးပေါင်းတပ်တွေနဲ့အတူ သိမ်းယူနိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ မနေ့က အပြီးသတ်သိမ်းနိုင်တဲ့ စခန်းတွေကတော့ ဆွမ်ပရာဘွမ်ပေါ့။ ဆွမ်ပရာဘွမ် ခလရ ၄၆ တပ်စခန်းကိုလည်း မနေ့က အပြီးသတ်သိမ်းဆည်းလို့ ရပါပြီ။ နောက် ဝိုင်းမော်မြို့နယ်ဘက်မှာ ကျနေတဲ့ ကျနော်တို့ အင်ခရန်စခန်း၊ ဂဂမ်စခန်း၊ဆမား၊ ငါးဂျန်း အဲဒီစခန်းကြီးတွေကိုလည်း မနေ့က သိမ်းလိုက်တာဖြစ်ပါတယ်။ ဂီဒွန်စခန်းလည်း သိမ်းလိုက်ပါပြီ။ စခန်းကြီးငယ်အားလုံးပေါင်းကတော့ ၁၁ခုလောက်ရှိပါတယ်ခင်ဗျ။ ”

ဆွမ်ပရာဘွမ်မြို့အခြေစိုက် ခလရ ၄၆ဟာ မြစ်ကြီးနား- ပူတာအိုကားလမ်းနဲ့ ဆွမ်ပရာဘွမ်မြိုပနယ်ကို ထိန်းချုပ်ထားတဲ့အရေးပါတဲ့ စခန်းဖြစ်ပြီး မတ်လဆန်းက စတင်ပြီး ၂လခန့် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဗိုလ်မှုးကြီးနော်ဘူက ဆက်ပြောပါတယ်။

“ ဆွမ်ပရာဘွမ်က တော်တော်အရေးပါတဲ့ တပ်စခန်းဖြစ်ပါတယ်။ မြစ်ကြီးနား- ပူတာအိုလမ်းရဲ့ သူက ကင်းထောက် စခန်းလည်းဖြစ်တယ်။ နောက် ဆွမ်ပရာဘွမ်မြို့နယ်ရဲ့ လုံခြုံရေးယူထားတဲ့ စခန်းလည်းဖြစ်ပါတယ်။ ကျနော်တို့ တပ်မဟာ ၁ တပ်ရင်း ၇တို့ တပ်ရင်း ၄တိ့ုကို ထိန်းချုပ်ထားတဲ့ ဗျူဟာစခန်းလည်းဖြစ်ပါတယ်။ ကျနော်တို့ တိုက်တာကတော့ ၃လပိုင်းကနေ တိုက်တာ။ ဆိုတော့ ၂လ ကျော်ကျော်လောက် တိုက်တာပေါ့။”

၂ လကျော်ကြာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တဲ့နောက် ဆွပ်ပရာဘွမ်မြို့ခံတွေဟာ နေရပ်စွန့်ထွက်ပြေးနေကြရပါတယ်။
လောလောဆည်မှာတော့ဆွမ်ပရာဘွမ်မှာ တိုက်ပွဲတွေ ငြိမ်သက်သွားပေမဲ့ ထောင်နဲ့ ချီတဲ့ စစ်ရှောင်တွေ ကတော့ တောတောင်တွေထဲမှာ ပုန်းအောင်းနေရဆဲဖြစ်ပြီး မြစ်ကြီးနား- ပူတာအိုလမ်းပိတ်နေတာကြောင့် ရိက္ခာနဲ့ ဆေးဝါး အပါအဝင် အစစခက်ခဲနေကြောင်း ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲတော့ ငြိမ်သွားတယ်။အခု ပြီးသွားတယ်လို့တော့ ပြောတာပဲ။ ကျနော်တို့ တောထဲမှာပဲ ပုန်းနေတာ။ တထောင်ကျော်လောက်ရှိမယ်ထင်တယ်။ ၁၂၀၀ အဲလောက်ရှိတယ်။ ဒီဘက်လမ်း ပိတ်ထားတော့ အားလုံးက ခက်ခဲနေတာ။ ”

ဆွမ်ပရာဘွမ်မြို့ကို မတ်လ ဒုတိယပတ်လောက်တည်းက KIA က သိမ်းယူခဲ့တာဖြစ်ပြီး အခုအခါမှာ ဆွမ်ပရာဘွမ်မြို့ကို ထိန်းချုပ်ထားတဲ့ စခန်းကိုပါ သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်ထဲက သိမ်းယူခဲ့တဲ့စခန်းတွေမှာ အရေးကြီးတဲ့ စခန်းတွေကတော့ အင်ခရန်စခန်း၊ ဂဂမ်စခန်း၊ဆမားစခန်းတို့ဖြစ်ကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။
စစ်ကောင်စီကတော့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်တာ မတွေ့ရပါဘူး။

၂၀၁၆ ခုနှစ်က မြန်မာစစ်တပ်ဘက်က ၄ လကျော်ကြာ အပြင်းအထန် တိုက်ခိုက်သိမ်းယူခဲ့တဲ့ ဂီဒွန်စခန်းကိုတော့ ၈နှစ်ခန့်အကြာမှာ KIA က ပြန်လည် သိမ်းယူခဲ့ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စခန်းတွေကိုတော့ မေလ ၃ရက်နေ့က စတင်တိုက်ခိုက်ပြီး မေလ ၅ရက်နေ့မှာ သိမ်းယူခဲ့တာပါ။ မတ်လ ၇ရက်နေ့က စတင်ခဲ့တဲ့ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးအတွင်းမှာ ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းကြီးငယ် ၇၀ ကျော်ကို သိမ်းပိုက်ခဲ့ကြောင်း ကြေညာထားပြီး၊ ဒီရက်ပိုင်းတွေမှာတော့ မိုးမောက်မြို့နယ်မှာ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG