သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်မှာ တပ်စခန်းတွေ စစ်ကောင်စီ စွန့်လွှတ်နေကြောင်း KNU သတင်းထုတ်ပြန်

ဖာပွန်မြို့အခြေစိုက် ခလရ (၁၉) တပ်ရင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ခဲ့ကြောင်း NUG ထုတ်ပြန်ခဲ့သည့်မှတ်တမ်းပုံ (မတ် ၃၀၊ ၂၀၂၄)
ဖာပွန်မြို့အခြေစိုက် ခလရ (၁၉) တပ်ရင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ခဲ့ကြောင်း NUG ထုတ်ပြန်ခဲ့သည့်မှတ်တမ်းပုံ (မတ် ၃၀၊ ၂၀၂၄)

ကရင်ပြည်နယ် အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းတွေကို ဆက်လက် စွန့်ခွာနေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်လိုက်ပါတယ်။ KNU တပ်မဟာ ၅ အခြေစိုက်တဲ့ ဖာပွန်ခရိုင်က စခန်းတွေကို စွန့်ခွာသွားတာကြောင့် အခုဆိုရင် ဒီနှစ်ဆန်းကစ စခန်း ၈ ခုထက်မနည်းကို စစ်ကောင်စီတပ်က လက်လွှတ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။
ကရင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် အတွင်းမှာ အခြေချ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့စခန်းတွေ ထပ်မံစွန့်ခွာထွက်ပြေးသွားကြောင်း KNU တပ်မဟာ ၅ က မေ ၆ ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ သံလွင်မြစ်တလျှောက်စစ်ကောင်စီရဲ့ တပ်စခန်းတွေအပြင် ဖာပွန်ခရိုင်ထဲက တပ်စခန်းအတော်များများဆုတ်ခွါသွားတာကိုတွေ့ရတယ်လို့ တပ်မဟာ(၅) နယ်မြေကစစ်ရေးအခြေအနေတွေနဲ့နီးစပ်သူတဦးက VOA ကိုပြောပါတယ်။

"တပ်မဟာ (၅) ဘက်ထဲမှာတော့ မာနယ်ပလောဘက်က ခြေကုတ်စခန်းတခုစွန့်ခွါတယ် ၅ခုတောင်မကတော့ဘူး ဟိုဘက်အတွင်းဘက်မှာလည်း စကစကဆုတ်ခွါတာအတော်များတယ် ၊သူးမွဲထာ၊ ကောကော်ထာ၊တို့လည်းဆုတ်ခွါသွားပြီ ၈ခုထက်မနည်းတော့ဘူး အဲဒီလောက်ရှိပြီ"

ဧပြီလအတွင်းဆုတ်ခွါခဲ့တဲ့ ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့တပ်စခန်းတွေကတော့ သူးမွဲထာ၊ ကောကော်ထာ၊ ညာတဃိုကျိုး၊ ဟော်မုဒဲနဲ့ မယ်ဝေ ဘလယ်ကျိုးစခန်းတို့ဖြစ်ကြတယ်လို့ဆိုပါတယ်။

ဆုတ်ခွါသွားတာဟာ KNLA/PDF ပူးပေါင်းတပ်တွေ နယ်မြေခံ စစ်ကြောင်းတွေက တိုက်ခိုက်တာကြောင့်လည်း ဖြစ်သလို နယ်မြေတခုပြီးတခုလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အတွက် တပ်စခန်းလုံခြုံမှုမရှိတာ ကုန်းလမ်းကနေ လက်နက်ခဲယမ်းစားနပ်ရိက္ခာ တပ်အကူတွေမလာနိုင်တာကြောင့်လည်းလက်လွှတ်လိုက်ရတာလို့ယူဆရတယ်လို့လည်းပြောပါတယ်။

"ဒီဘက်(ပူးပေါင်းတပ်တွေ)ကနေ ဝိုင်းဝန်းပိတ်ဆို့တာလည်းပါတယ်၊ နောက်ပြီးတော့တပ်ရိက္ခာပိုင်းထောက်ပို့ပိုင်းက အဆင်မပြေတော့တာလည်းပါတယ်၊ ဆက်ရပ်တည်ဖို့ဆိုတာကလည်း ရိက္ခာပိုင်းတို့ ခဲယမ်းမီးကျောက်လိုအပ်တဲ့အပိုင်းလည်းပါတယ်၊ သူတို့ ဆက်ရပ်တည်ဖို့မလွယ်တော့တာပါတယ်၊ ဒီအတွက်သူတို့က အခက်အခဲတွေ့လာတာပေါ့"

စစ်ကောင်စီကတော့ အခုလိုတပ်စခန်းတွေလက်လွှတ်လိုက်ရတာနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ၂၀၂၄ ခုနှစ် နှစ်စကစပြီး မော်ဖူးဗျူဟာစခန်းအပါအဝင် စခန်း ၈ ခုထက်မနည်း စွန့်ခွာထွက်ပြေးသွားတယ်လို့ KNLA တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။

ဖာပွန်မြို့နားကစစ်ကောင်စီတပ် ခမရ ၄၃၄၊ ခလရ ၁၉ တပ်ရင်းတွေကိုလည်း သိမ်းပိုက်ထားပြီး ဖာပွန်မြို့ကိုလည်း KNLA/PDF တပ်တွေက မတ်လကစပြီး ထိန်းချုပ်ထားပါတယ်။ အဲဒီဒေသက အုပ်ချုပ်ရေးအဖွဲ့တွေလည်း အခြေချလို့မရပဲ ရုံးတွေ ထားပြီးတာဝန်ကနေ အသီးသီးနှုတ်ထွက်တာတွေလည်းရှိခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG